SENS 2025 သင်တန်းရဲ့ လေ့လာရေးခရီးစဥ်တစ်ခုမှာ ဘုန်းတော်ကြီး ပရာပိုက်စာ နှင့် ကျွန်မတို့ နိုင်ငံအနှံ့မှလူငယ်များ ဆုံခွင့်ရခဲ့ပြီး လူငယ်များ၏မေးခွန်းအသီးသီးကို ဘုန်းတော်ကြီး ပရာပိုက်စာ က စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ ဒီဆွေးနွေးသင်ယူမှုကို ၂ချိန်ခွဲပြီး ပြုလုပ်ခဲ့တဲ့အတွက် ၆နာရီကြာ အချိန်ယူခဲ့ပါတယ်။ ကျွန်မ မှတ်မိသလောက် နားလည်သဘောပေါက်သလောက် ပြန်ရေးပါတယ်။
အရင်ဆုံး ဘုန်းတော်ကြီး ပရာပိုက်စာရဲ့ ကိုယ်ရေးအကျဥ်းကို မိတ်ဆက်လိုတဲ့အတွက် ကျွန်မ ဒီစာစုကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ https://pasukato.org/phra-paisal-visalo/
ပရာပိုက်စာ သည် ၁၉၅၇ မေလ ၁ ရက်နေ့တွင် ဘန်ကောက်မြို့၌ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ အထက်တန်းကို သမားဆက်ကောလိပ်ကျောင်းတွင် တက်ရောက်ခဲ့ပြီး သမားဆက်တက္ကသိုလ် Liberal Arts ဌာန၌ သမိုင်းမေဂျာနဲ့ ဘွဲ့ကြိုပြီးမြောက်ခဲ့ပါတယ်။ ပရာပိုက်စာ သည် ထိုင်းနိုင်ငံရေးအကြောင်းကို စိတ်၀င်စားသူဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘ၀၌ ၁၉၇၃ အောက်တိုဘာ ၁၄ ထိုင်းနိုင်ငံတော်လှန်ရေး အရေးအခင်းမှာ ပါ၀င်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၇၆ အောက်တိုဘာ ၆ ရက်နေ့ ကျောင်းသားအရေးအခင်းကို ထိုင်းစစ်တပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ဖြိုခွင်းမှုအတွင်း အကြမ်းမဖက်တော်လှန်နည်းဖြင့် အစာအငတ်ခံဆန္ဒပြမှုတွင် ထပ်မံပါဝင်ခဲ့ပါတယ်။
ထိုပါ၀င်မှုကြောင့် သမားဆက်တက္ကသိုလ်အတွင်း ဖမ်းဆီးခံရခဲ့ပါတယ်။ ၃ရက်အကြာမှာ ပြန်လွတ်လာပြီးနောက် Coordinating Group for Religious in Society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းအတွင်း ဘာသာရေးရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်သောအဖွဲ့ကို ၁၉၇၆ ခုနစ်မှ ၁၉၈၃ ခုနစ်အတွင်း ဦးဆောင်ခဲ့ပါတယ်။ သူရဲ့အဓိကလှုပ်ရှားမှုများကတော့ နိုင်ငံရေးအကျဥ်းသားများအတွက် လူ့အခွင့်အရေး ဆောင်ရွက်ချက်များဖြစ်ပါတယ်။ ထိုကြိုးပမ်းမှုတွေက ၁၉၇၆ အောက်တိုဘာ ၆ ရက် ထိုင်းစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား၃၀၀၀ကို ထိုင်းအစိုးရက လွတ်ငြိမ်းခွင့်ပေးလိုက်မှုအပေါ် များစွာသက်ရောက်မှုရှိပါတယ်။
တက္ကသိုလ်ဒုတိယနှစ်မှ ကျောင်းပြီးတဲ့အချိန်ထိ Coordinating Group for Religious in Society ဆိုတဲ့ လူမှုအဖွဲ့အစည်းအတွင်း ဘာသာရေးရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်သောအဖွဲ့အတွင်း ၇နှစ်ကြာ ဦးဆောင်ပါဝင်ခဲ့ပြီး စိတ်ဖိစီးမှုဒဏ်များ ခံစားခဲ့ရပါတယ်။ ဒါကြောင့် လူ့ဘောင်မှ ခေတ္တအနားယူသည့်အနေဖြင့် သာသနာ့ဘောင်အတွင်း ၃လမျှ ရဟန်းခံဖို့အတွက် အစီအစဥ်ချခဲ့ပါတယ်။ ထိုအတောအတွင်း တရားဓမ္မလုပ်ငန်းစဥ်များ၌ ကိုယ်ပိုင်ကျင့်ကြံအားထုတ်နိုင်မှုကို သိသိသာသာ သတိထားမိလာပြီး ဗုဒ္ဓရဲ့ လမ်းစဥ်နှင့်ကျင့်စဥ်များအပေါ် ပိုမိုသက်၀င်ယုံကြည်ခဲ့ပါတယ်။ ထို့နောက် ပရာပိုက်စာ သည် ရဟန်း၀တ်ဘ၀ကို ဆက်လက်ခံယူဖို့ ဆုံးဖြတ်လိုက်ပြီး ယခုတိုင်ဆို ဝါတော် ၃၁နှစ်ခန့် ရှိပြီဖြစ်ပါတယ်။
ပရာပိုက်စာ သည် ၁၉၈၃ ခုနစ်တွင် ဘန်ကောက်မြို့ ၀ပ်သွန်နပခွန်ကျောင်းတွင် ပဉ္စင်းခံခဲ့ပြီး ချရာပွန်သို့ မပြောင်းမှီ ၀ပ်စနန်နိုင်တွင် ဘုန်းတော်ကြီး လပရော်တန်ဂျစ်တာစုပို ထံ၌ တရားအားထုတ်မှုကို လေ့လာသင်ယူခဲ့ပါတယ်။ တရားအားထုတ်မှုကို လွန်ပရောခန်ခမ်းစူ၀မ်နို နှင့်အတူ ၃နှစ်တာ သင်ယူခဲ့ပြီးနောက်တွင် ထိုဘုန်းကြီးနှင့်အတူ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များတွင် ပါ၀င်ကူညီခဲ့ပါတယ်။
လက်ရှိမှာတော့ ပရာပိုက်စာ သည် ၀ပ်ပါစုကတို ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဖြစ်ပြီးတော့ ၀ပ်ဟာ၀မ်(ဖုလွန်)တွင် အများအားဖြင့် သီတင်းသုံးလေ့ရှိပြီး သစ်တောများထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
အမေးအဖြေ
မေး။ မှန်ကန်တဲ့အမြင်မျိုး/အတွေးမျိုး ကို ဘယ်လိုရွေးချယ်လို့ ရနိုင်ပါသလဲ။
ဖြေ။ ကောင်းမွန်တဲ့အရာတွေအပေါ် လက်ခံယုံကြည်ပါ။ ကိုယ်ကိုယ်တိုင်ရဲ့ ကောင်းမွန်တဲ့အရာ၊ တခြားသူတွေရဲ့ ကောင်းမွန်တဲ့အရာတွေ အပေါ်မှာ တန်ဖိုးထားပါ။ ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်မှုရအောင်လုပ်ပါ၊ တခြားသူတွေကိုလည်း ဒီပျော်ရွှင်မှုကို ဝေမျှပေးပါ။ ပျော်ရွှင်မှုက ကောင်းတဲ့အရာတွေကို ဖန်တီးပေးနိုင်ပါတယ်။ ကောင်းတဲ့အရာတွေဆိုတာက ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့ အပြုအမူ၊ အပြောအဆို၊ စိတ်နှလုံး ဒီကံ၃ပါးကို ထိန်းသိမ်းစောင့်တည်ခြင်းပဲ ဖြစ်တယ်။
ပျော်ရွှင်ဖို့ဆိုတာ ဘဝရဲ့အနှစ်သာရပဲ။ ပျော်ရွှင်မှုဆိုတာ ဘာလဲမသိရင် သင်ဘယ်လိုပျော်နိုင်မှာလဲ။ သင်ပိုပြီးတော့တောင် စိတ်ဆင်းရဲမှုတွေ ဖြစ်လာနိုင်တယ်။ စိတ်ဆင်းရဲမှုဆိုတာ သင့်ရဲ့စိတ်ထဲမှာ မကောင်းတဲ့အရာတွေ ရောက်နေတာပဲဖြစ်တယ်။ စိတ်ဆင်းရဲရတဲ့အကြောင်း အရင်းအမြစ်က တခြားသူ၊ အပြင်ဘက်ဆီက လာတာမဟုတ်ဘဲ သင့်ရဲ့စိတ်ထဲမှာပဲ ရှိနေတာဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်၂၀က တရုတ်စစ်တပ်ဟာ တိဘတ်နိုင်ငံထဲကို စစ်အင်အားနဲ့ အလုံးအရင်းဝင်ရောက်ပြီး တိဘတ်ဘုန်းတော်ကြီးတွေကို ဖမ်းဆီးခဲ့တယ်။ အစိုးရက ဘုန်းကြီးတွေကို ကွန်မြူနစ်ဝါဒီအကြောင်း သင်ကြားပို့ချစေလိုတဲ့အခါမှာ ဘုန်းတော်ကြီးတွေက ငြင်းဆိုခဲ့ကြတယ်။ အဲ့ထဲမှာ ဘုန်းတော်ကြီးတစ်ပါးဟာ အနှစ်၂၀ခန့် ဖမ်းဆီးထောင်ချခံရပြီး ပြန်လွတ်လာတဲ့အချိန်မှာလည်း အိန္ဒိယနိုင်ငံ ဓမ္မစာလာ ပြည်နယ်မှာ ရွေ့ပြောင်းနေထိုင်ခဲ့ရတယ်။ အဲ့ချိန်မှာ သူ့ကိုမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်။ အနှစ်၂၀ ထောင်ထဲမှာနေတဲ့ အချိန်အတောအတွင်းမှာ ဘယ်အရာကို အကြောက်ဆုံးလဲတဲ့။ သူပြန်ဖြေတာက “ငါထောင်တွင်းငြင်းပန်းနှိပ်စက်ခံနေရတဲ့အချိန်မှာ ငါရဲ့စိတ်က ဒီငြင်းပန်းနှိပ်စက်နေတဲ့သူတွေနဲ့ ဒီငြင်းပန်းနှိပ်စက်ခံနေရတဲ့အပေါ်မှာ နာကျည်းမုန်းတီးစိတ်ဝင်မိမှာကို အကြောက်ဆုံးပဲ” လို့ ဖြေပါတယ်။
“ဒီငြင်းပန်းနှိပ်စက်ခံရမှုမှာ ခန္ဓာကိုယ်ကိုပဲ နာကျင်အောင်လုပ်လို့ရမယ်၊ စိတ်ကို နာကျင်အောင်လုပ်လို့မရဘူး။ ဘယ်သူကမှ ကိုယ့်စိတ်ကို နာကျင်အောင်မလုပ်နိုင်ပါဘူး။ စိတ်ထဲနာကျင်ခံစားနေရတယ်ဆိုတာ ဒေါသဝင်လာလို့ပဲဖြစ်တယ်။ ဒေါသဆိုတာ မကောင်းတဲ့တရားပါ။ သင်က တစ်ယောက်ယောက်ကို မကောင်းတဲ့အရာတွေပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး အဲ့မကောင်းတဲ့စိတ်မွေးရတာ သင်ကိုယ်တိုင်ပါပဲ။ တကယ်လို့ သင်က သင့်ကိုယ်သင်ချစ်တဲ့သူဆို ဒီဒေါသစိတ်မျိုးမဖြစ်အောင်နေပြီး တခြားသူတွေကိုလည်း ဒေါသမထွက်မိအောင်နေပါတယ်။ ဒီလိုနည်းနဲ့ ကောင်းမွန်မှန်ကန်တဲ့ အတွေးမျိုး၊ အပြုအမူမျိုးရအောင် နေထိုင်ပါတယ်” လို့ ဖြေပါတယ်။
သတိရှိခြင်းနဲ့ ကိုယ်ချင်းစာတရားထားခြင်းဟာ ဒေါသစိတ်နဲ့အမုန်းတရားမဖြစ်အောင် စိတ်ကိုစောင့်ထိန်းပေးပါတယ်။
သင့်ဘေးနားမှာ ခွေးတစ်ကောင်က လာဟောင်နေတာကို သင်က ဒေါသထွက်လိုက်ရင် သင့်ရဲ့စိတ်ထဲမှာ အရင်ဆုံး အဲ့စိတ်အနှောက်အယှက် ဖြစ်သွားရတယ်။ ဒါက စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာလား၊ သူ့ဘာသာဖြစ်နေတဲ့အရာလားဆိုတာ သင်ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။ ပျော်ရွှင်မှုဆိုတာကလည်း အဲ့လိုပါပဲ။ လူတွေက ပျော်ရွှင်တယ်ဆိုတာကို အစားကောင်းအသောက်ကောင်းတွေစားရတဲ့အခါ၊ ရုပ်ရှင်ကောင်းကြည့်ရတဲ့အခါ၊ စျေးဝယ်ထွက်တာ၊ ဂိမ်းကစားတာ စတာတွေကို ပျော်ရွှင်မှုလို့ ထင်ကြပါတယ်။ တကယ်တမ်းတော့ ပျော်ရွှင်မှုကို ပြင်ပအရာတွေကနေ မရှာဖွေဘဲ ကိုယ့်ရဲ့စိတ်အတွင်းထဲမှာပဲ ရှာဖွေသင့်ပါတယ်။
ပျော်ရွှင်မှုဆိုတာ လိပ်ပြာလေးတစ်ကောင်ဆိုရင် သင်သူ့နောက်ကို လိုက်ဖမ်းလေ သူကအဝေးကိုထွက်ပြေးလေ ဖြစ်သလိုပါပဲ။ ဒီပျော်ရွှင်မှုလိပ်ပြာလေးကို လိုက်ဖမ်းနေဖို့ မလိုပါဘူး။ သင်ပန်းခင်းကြီးတစ်ခုဖန်တီးလိုက်ရင် အဲ့လိပ်ပြာလေးတွေ ရောက်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ အတွေးနဲ့ အပြုအမူတွေကိုသာ ကျင့်ကြံအားထုတ်ကြည့်ပါ။ ပျော်ရွှင်မှုဟာ သင့်ဆီရောက်လာပါလိမ့်မယ်။
ဒီလိုအဖြစ်အပျက်လိုပဲ ဆောက်လုပ်ရေးဧရိယာ အနီးမှာနေတဲ့ မိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံတစ်ခုကို ပြောပြဖူးပါတယ်။ သူကနေ့တိုင်းနီးပါး ဆောက်လုပ်ရေးလုပ်ငန်းထဲက မော်တာစက်နဲ့ မြေကြီးတူးသံတွေ၊ တူသံလွှသံတွေရဲ့ ဆူညံတဲ့အသံတွေ ကြားနေရတော့ သူတော်တော်လေး စိတ်အနှောက်အယှက်ဖြစ်လာပါတယ်။ ဆိုတော့ သူအဲ့အသံတွေကိုစပြီး အာရုံစူးစိုက်ရင်း စိတ်တည်ငြိမ်မှုရအောင် လုပ်ကြည့်တဲ့အခါမှာ အဲ့အသံတွေကို ရော့ခ်ဂီတအပြင်းစား သီချင်းတစ်ပုဒ်လို ခံစားလာရပြီး သူ့ရဲ့စိတ်ထဲ တဖြည်းဖြည်း တည်ငြိမ်စပြုလာပါတော့တယ်။ ဆိုတော့ စိတ်ရဲ့နာကျင်ခံစားရမှုဆိုတာ အပြင်ဘက်ကအရာတွေကြောင့် မဟုတ်ဘဲ သင့်ရဲ့စိတ်အတွင်းထဲကပဲ ဖြစ်နေတဲ့အရာတွေပါ။
ကျရှုံးမှုဆိုတာကလည်း ထိုနည်းတူပါပဲ။ သင့်ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ ဒီကျရှုံးမှုကို ကောင်းတဲ့အမြင်ကနေ ရှုမြင်လိုက်ရင် ပိုပြီးသန်မာအောင်ပြုလုပ်ပေးတဲ့ စိန်ခေါ်မှုတွေလို့ ယူဆလို့ရပါတယ်။
ဝေဖန်ခံရမှုမှာလည်း ဒီလိုပါပဲ။ ကောင်းတဲ့အတွေးအမြင်နဲ့ သုံးသပ်လိုက်ရင် ကျေးဇူးတင်ဖို့ကောင်းပါတယ်။ သင်ဝေဖန်ခံရတဲ့အချိန်မှာတော့ အဲ့ဒီနေ့ဟာ သင်ကံမကောင်းတဲ့နေ့လို့ တွေးကောင်းတွေးပါလိမ့်မယ်။ ဒီဝေဖန်သုံးသပ်မှုထဲက အကောင်းနဲ့အဆိုးကို သင်ခွဲခြားသိမြင်နိုင်အောင် ကြိုးစားကြည့်ပါ။ သင် အဖိုးတန်တဲ့အရာတစ်ခုကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။
အဖြစ်အပျက်တစ်ခုမှာ မိုးရွာပြီးနောက်တစ်နေ့မနက်ခင်းလိုပေါ့။ လူတစ်ယောက်ဟာ သူလမ်းလျှောက်တဲ့အခါမှာ ကောင်းကင်ကြီးပြာလဲ့နေတာကို သတိထားမိပြီး စိတ်နှလုံးအေးချမ်းသွားတယ်။ နောက်လူတစ်ယောက်က ရွံ့ထူနေတဲ့လမ်းကိုကြည့်ပြီး အတော်လေး စိတ်အနှောက်အယှက်ဖြစ်သွားတယ်။ နောက်တတိယလူကတော့ ၂ခုလုံးကို သတိထားမိပြီး ကောင်းကင်ရဲ့ကြည်လင်မှူဆီကနေ ခွန်အားယူပြီး ရွံထူနေတဲ့လမ်းကို မြေဖို့ဖို့အတွက် စီစဥ်တယ်။ ဒီလိုမျိုးပဲ ကိုယ့်လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း တတိယလူလို ကျင့်ကြံအားထုတ်နိုင်ဖို့ အရေးကြီးတယ်။
မေး။ ဆိုတော့ ကိုယ့်ကိုယ်ကိုပဲအာရုံစိုက်ပြီးနေတယ်ဆိုတာ တခြားသောသူတွေကိုဂရုမထားခြင်းမဟုတ်ဘူး လို့ ဆိုလိုပါသလား။
ဖြေ။ ကိုယ့်ကိုယ်ဂရုစိုက်တယ်ဆိုရင် တခြားသူတွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ တယောက်နဲ့တယောက်ချိတ်ဆက်နေလို့ပဲ ဖြစ်တယ်။ သင်သူများကို ကူညီလေလေ သင်ကိုယ့်သင် ပြုပြင်ပြောင်းလဲလာနိုင်လေလေပါပဲ။ သူများတွေကို ကူညီဖို့ ကြိုးစားကြည့်ပါ။ တခြားသူတွေရဲ့အသံကို ဂရုဏာစိတ်အပြည့်နဲ့ နားထောင်ကြည့်ပါ။ သင်ကိုယ်တိုင်လည်း ပြောင်းလဲလာပါလိမ့်မယ်။ သင့်ကိုယ်သင်ဂရုစိုက်ချင်ရင် တခြားသူတွေကို ဂရုစိုက်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ သင်နဲ့ကျုပ်တို့ဆိုတာ ခွဲခြားလို့မရတဲ့ တစ်ခုတည်းသောအရာတွေပဲ ဖြစ်ပါတယ်။
မေး။ သူငယ်ချင်းမိတ်ဆွေအစစ်ကို ဘယ်လိုရှာဖွေနိုင်ပါသလဲ။
ဖြေ။ တကူးတက လိုက်ရှာစရာမလိုပါဘူး။ သင်လျှောက်နေတဲ့ ဘဝလမ်းပေါ်မှာပဲ သင်သူငယ်ချင်းမိတ်ဆွေတွေ့ပါလိမ့်မယ်။ သင်လျှောက်နေတဲ့လမ်းဟာ ဦးတည်ရာကောင်းမွန်တယ်ဆိုရင် သင်နဲ့အတူလျှောက်မယ့် မိတ်ဆွေကောင်းရပါလိမ့်မယ်။ သင့်ဘဝကို ကောင်းမွန်စွာကျင့်ကြံနေထိုင်ဖို့အတွက်သာ အားထုတ်ပါ။ လျှောက်တဲ့လမ်းက ကျဥ်းနေသော်လည်း ဦးတည်ရာကောင်းတယ်ဆိုရင် သင်နဲ့အတူတူလျှောက်မယ့် ဘဝရဲ့မိတ်ဆွေ၊ ဘဝလက်တွဲဖော်ဆိုတာ ရှိလာပါလိမ့်မယ်။ ကောင်းမွန်တဲ့အတွေးအမြင်တွေ ဘဝရည်မှန်းချက်တွေကို မျှဝေနိုင်ပါလိမ့်မယ်။
ပြီးတော့ ဘဝမှာ တခြားသူတွေနဲ့အတူ ဝေမျှနိုင်ဖို့၊ တခြားသူတွေကို ပေးကမ်းနိုင်ဖို့ သင်ယူကြည့်ပါ။ ဝေမျှနိုင်လေလေ ပြန်ရလေလေပါပဲ။ ဒါပေမယ့် တစ်စုံတစ်ခု ပြန်ရရမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ မထားပါနဲ့။ သင်ဝေမျှနိုင်သလောက် ဝေမျှကြည့်ပါ။ သင်ပြည့်ဝလာတယ်ဆိုတဲ့ ခံစားမှု ရလာပါလိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေဆက်နွှယ်မှုဆိုတာကလည်း ချစ်ခြင်းမေတ္တာမျှဝေမှု ကောင်းမွန်တဲ့အတွေးအမြင်တွေ မျှဝေမှုကနေ စတင်တာပဲဖြစ်တယ်။ တကယ်လို့ သင့်မှာ တစ်ခုခုလိုအပ်နေတယ်၊ ချို့ယွင်းနေတယ်လို့ ခံစားနေရရင် သင်သူများကို မျှဝေနိုင်မှာ မဟုတ်ပါဘူး။ သင်ကိုယ်သင် ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။ သင်ပျော်ရွှင်လေလေ သင်မျှဝေနိုင်လေလေပါပဲ။
မေး။ တောရဘုန်းကြီး ဆိုတာ ဘယ်လိုမျိုးပါလဲ။
ဖြေ။ ကျုပ်ကတော့ ကျုပ်ဆရာရဲ့ အဆုံးအမနဲ့ ကျင့်ကြံအားထုတ်မှုဆီကနေ တောရဘုန်းကြီးတွေအကြောင်း သင်ယူခဲ့တယ်။ ကျုပ်ဆရာနဲ့အတူတူ တရားအားထုတ်မှုကို လေ့ကျင့်ခဲ့တယ်။ တောရဘုန်းကြီးကျောင်းတွေဟာ တရားအားထုတ်ဖို့အတွက် အကောင်းဆုံးနေရာတွေပါပဲ။ တောတောင်တွေဆီကနေ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်တယ်။ သဘာဝတရားဆီကနေ သက်ရှိတွေအတူတူ လိုက်လျောညီထွေစွာ နေထိုင်မှုကနေ လူအဖွဲ့အစည်းအတွက်လည်း ဘယ်လိုမျိုး ပြန်ပြီးဆောင်ရွက်လို့ရမလဲ သင်ယူနိုင်ပါတယ်။
မေး။ နိုင်ငံရေးလှုပ်ရှားသူအဖြစ်ကနေ ဘုန်းတော်ကြီးဘဝကို ပြောင်းလဲဖို့ ဘာတွေက တွန်းအားဖြစ်စေခဲ့တာပါလဲ။
ဖြေ။ တွန်းအားဖြစ်စေခဲ့တာမျိုးမဟုတ်ဘဲ ကျုပ်ကိုယ်တိုင်က ရွေးချယ်ခဲ့တာပါ။ နိုင်ငံရေးသမားဘဝနဲ့ စိတ်ဖိဆီးမှုတွေများခဲ့တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် အချိန်ပြည့်စဥ်းစားခဲ့ရတယ်၊ ၆နှစ်လောက် လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အလုပ်လုပ်ခဲ့တယ်။ ဆိုတော့ ကိုယ်ကျန်းမားရေးနဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုး ဂရုစိုက်ရမလဲ မသိခဲ့တဲ့အချိန်တွေပေါ့။ ညအိပ်ပျော်ဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရတယ်။ ကိုယ့်ကိုချစ်ဖို့နဲ့ ကိုယ့်ကိုဂရုစိုက်ဖို့ဆိုတာ နားမလည်ခဲ့ဘူး။
ဆိုတော့ စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ စိတ်ကိုပြန်ပြီးအားဖြည့်ဖို့ လိုအပ်လာတယ်လို့ ယူဆပြီး ၃လလောက် တရားကျင့်ကြံအားထုတ်ဖို့ စတင်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ရဲ့အေးချမ်းမှုကို သဘောပေါက်နားလည်လာပြီး တရားကျင့်ကြံအားထုတ်မှုကို ပိုပြီးလေ့ကျင့်ချင်လာတယ်။ ဒီလိုနဲ့ အခုဆို တောရဘုန်းကြီးဘဝနဲ့ နှစ်၃၀ရှိပြီပေါ့။
စိတ်ပျော်ရွှင်အေးချမ်းမှုရဖို့ဆိုတာ အင်မတန်အရေးကြီးတယ်။ “ဒီနေ့ ငါပျော်ရွှင်ရဲ့လား” လို့ တွေးကြည့်ဖူးလား။ မနက်ဖြန်အတွက် မစဥ်းစားဘဲ ဒီနေ့ပျော်ရွှင်ရဲ့လား ဆိုတဲ့ အတွေးမျိုးဟာ တကယ်တော့ အရေးကြီးတယ်။ “ဦးတည်ရာဆိုတာ သင့်ခြေလှမ်းရဲ့ အဆုံးမှာပါ” ဆိုတဲ့ စာစုရှိတယ်။ ခြေတစ်လှမ်းချင်း တစ်လှမ်းချင်းကနေ သင်ဦးတည်တဲ့ဆီကို ရောက်နိုင်တယ်။ သင်ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းပြီး သင့်ဦးတည်ချက်ဆီ ရောက်အောင်သွားနိုင်တယ်။ ဒါပေမယ့် ဦးတည်ချက်ပန်းတိုင်ကိုသာ စိတ်ထဲရှိပြီး သင်စိတ်မှာ သတိမကပ်နေရင် သင်အရမ်းအလောတကြီး ဖြစ်ပြီး စိတ်ရဲ့ငြိမ်းချမ်းမှု မရနိုင်ပါဘူး။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သတိရှိရှိလှမ်းဖို့ လိုအပ်ပါတယ်။
မေး။ ကိုယ်ကိုယ်တိုင်နဲ့နီးစပ်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်နိုင်ပါသလဲ။
ဖြေ။ ကျုပ်တို့ ခဏလေးငြိမ်ပြီး ကိုယ့်ကိုအာရုံစူးစိုက်တဲ့အချိန်မှာ ကျုပ်တို့ စိတ်ထဲ ခေါင်းထဲ အတွေးထဲက ဆူညံမှုတွေကို ကြားရပါလိမ့်မယ်။ လွန်ခဲ့တဲ့၁၀နှစ်က တက္ကသိုလ်တစ်ခုမှာ စမ်းသပ်ချက်တစ်ခုလုပ်ပါတယ်။ ကျောင်းသားတိုင်းကို ၁၅မိနစ်ခန့်လောက် တိတ်ဆိက်ငြိမ်သက်စေပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်ခိုင်းပါတယ်။ အဲ့ချိန်မှာ ကျောင်းသားတစ်ယောက်စီတိုင်းကို လျှပ်စစ်ရှော့တစ်ခုစီ ပေးထားပါတယ်။ ကိုယ့်အတွေးတွေကို မခံစားနိုင်တော့ရင် လျှပ်စစ်ရှော့နဲ့ ကိုယ့်ကိုခဏတဖြုတ် မေ့လျော့သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် နာကျင်မှုတော့ရမှာပေါ့။ အဲ့ချိန်မှာ ကျောင်းသားတွေထဲမှာ ကိုယ့်ကိုရှေ့ာရိုက်ခဲ့တဲ့သူတွေရှိပါတယ်။ ခံစားမှုတွေများပြီး ကိုယ့်ကိုဘယ်လိုချစ်ရမလဲ မသိတော့တဲ့အချိန်မှာ ဒီလိုမျိုး ကိုယ့်ကိုယ်နာကျင်စေလိုတဲ့ အတွေးမျိုးတွေ ဖြစ်လာတာပါ။ ဒါကြောင့် တရားမှတ်ခြင်းဆိုတာ ကိုယ့်ရဲ့စိတ်ကို ကိုယ်သတိဝင်စေဖို့ ကူညီပေးပါတယ်။ သင်တစ်ယောက်တည်းနေတဲ့အချိန်မှာ ပျင်းရိခြင်းဆိုတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ကြည့်ပါ။ ဒေါသထွက်တာ မုန်းတီးတာ စတဲ့ ခံစားမှုတွေကို သတိရှိပြီး ဘယ်လိုမျိုး ကိုင်တွယ်နိုင်မလဲဆိုတာကို လေ့လာသင်ယူကြည့်ပါ။ ဒီလို စိတ်ခံစားမှုတွေကို သတိရှိလာရင် ဆိုးဝါးတဲ့လုပ်ရပ်တွေ မဖြစ်လာတော့ပါဘူး။
မေး။ Engaged Buddhism ဆိုတာမှာ ရဟန်းသံဃာတွေ လူမှုအဖွဲ့အစည်းနဲ့ ဘယ်လိုချိတ်ဆက်သင့်ပါသလဲ။
ဖြေ။ လူမှုအကျိုးပြုဗုဒ္ဓဘာသာမှာ လူတွေရဲ့ နေ့စဥ်ဖူလုံမှု လူ့အဖွဲ့အစည်းရဲ့ အကျိုးဖြစ်ထွန်းမှုအတွက် ဆောင်ရွက်ရပါတယ်။ ဘုန်းကြီးကျောင်းပရဝန်ထဲမှာချည်း မနေဘဲ အပြင်ထွက်ပြီး လူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ရပါတယ်။ လူတွေကို စားနပ်ရိက္ခာဖူလုံနိုင်ဖို့၊ စားဝတ်နေရေးချောင်လည်ဖို့၊ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ ကူညီရပါတယ်။ ပြီးတော့ လူတွေရဲ့ စိတ်အရည်အသွေး မြင့်တက်လာအောင်လည်း ကူညီရပါတယ်။
လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ အခြေခံယူဆချက်က လူ့အဖွဲ့အစည်းကို လျစ်လျူမရူခြင်း ဖြစ်တယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းကို လောဘဆိုတဲ့အရာနဲ့ ပုံသွင်းဖော်ဆောင်ထားပါတယ်။ ထိုလောဘ ကနေ ဒေါသဆီကို ကူးပြောင်းလာတယ်။ တကယ်တော့ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ လောဘ ဒေါသတွေဟာ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တယ်ဆိုတာထက် စနစ်ဆိုတဲ့ ဖွဲ့စည်းမှုယန္တရားနဲ့ စနစ်တကျ ပုံဖော်ခြင်းခံထားရတာပါ။ စီးပွားရေးစနစ်မှာဆိုရင် လူအချင်းချင်း ဖိနှိပ်တာတွေ လောဘနဲ့ ပြိုင်ဆိုင်မှုတွေ တိုးလာပါတယ်။ စားသုံးမှုဝါဒမှာဆိုရင် လူတွေကို ကိုယ့်ကိုယ်ကို မပြည့်ဝဘူးလို့ ခံစားလာရအောင်နဲ့ တဖက်မှာလည်း ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်လာအောင် စနစ်တကျ ပုံဖော်ထားပါတယ်။ လူမှုအကျိုးပြုဗုဒ္ဓဘာသာမှာ ဒီစနစ်ရဲ့ပုံဖော်မှုတွေကို နားလည်အောင်ပြုလုပ်ပြီး လူ့အဖွဲ့အစည်းရဲ့ စိတ်အခြေအနေကို နားလည်အောင် အားထုတ်ရပါတယ်။
စားသုံးမှုဝါဒဟာ နေ့စဥ်အတွေးအခေါ်တစ်ရပ်လို ဖြစ်လာတယ်။ တစ်နည်းအားဖြင့် ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာရေးတစ်ခုလိုတောင် ဖြစ်လာတယ်။ ယနေ့ခေတ်မှာ ပျော်ရွှင်ရဖို့ EDTPS ဆိုတဲ့ အရာ၅ခုကို ကျင့်ကြံရင် ပျော်ရွှင်မှုရတယ်လို့ ပြောကြတယ်။ Eat, Drink, Travel (Go Out), Play, Shopping ဆိုတဲ့ အရာတွေ။ ဒါတွေက တစ်နည်းအားဖြင့် စားသုံးသူဝါဒနဲ့ ဆက်စပ်နေတာကို တွေ့ရတယ်။
ယနေ့ခေတ် သံဃာအဖွဲ့အစည်းသည်လည်း စားသုံးမှုဝါဒရဲ့ လွှမ်းမိုးချယ်လှန်တာကို ခံနေရတယ်။ ဘုန်းကြီးတွေ ပိုက်ဆံမက်လာတယ်။ အလှုအတန်းပြုစေမှု ဒါနဆိုတဲ့အရာအပေါ်မှာ ဝါဒဖြန့်လာတယ်။ ထိုင်းသံဃာအဖွဲ့အစည်းဆိုရင်လည်း စားသုံးမှုဝါဒကို အတော်လေး အားပေးရာရောက်တဲ့ လုပ်ရပ်တွေ ပြုမူလာကြတယ်။ ဆိုတော့ လူမှုအကျိုးပြုဗုဒ္ဓဘာသာဆိုတာက ဒီလို လူ့အဖွဲ့အစည်းကို လောဘ ဒေါသနဲ့ ပုံဖော်ထားတဲ့စနစ်တွေကနေ ပြောင်းလဲလာအောင် လွတ်မြောက်လာအောင် ကူညီမှုတွေ လုပ်ရတာပဲဖြစ်တယ်။
မေး။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုမျိုးရှိပါသလဲ။
ဖြေ။ လက်ရှိသံဃာ့အသိုင်းအဝိုင်းသည်လည်း ရာထူးအဆင့်အတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗြူရိုဂရက်တစ်ရပ်ပါပဲ။ ဟိုးအရင်ကာလတွေတုန်းကတော့ သံဃာ့အသိုင်းအဝိုင်းဟာ ထိုင်းအစိုးရ/နိုင်ငံတော်နဲ့ ပတ်သတ်ဆက်နွှယ်မှု မရှိခဲ့ပါဘူး။ တနည်းအားဖြင့် အမျိုးသားရေးဝါဒ ဆိုတာမျိုးအောက်မှာ မရှိခဲ့ဘူး။ အခုကျ ဗုဒ္ဓဘာသာဆိုတာကို အမျိုးသားရေးဝါဒတစ်ခုလို ပုံဖော်ထားကြတယ်။ ကိုယ့်အမျိုးသားလူထုနဲ့သာ ဆက်ဆိုင်တယ်၊ တခြားဘာသာဝင် လူမျိုးစု ဥပမာ-ရိုဟင်ဂျာ လူမျိုးများနှင့် ဆက်ဆိုင်မှုမရှိသော ဆက်နွှယ်လို့မရသော ဝါဒတစ်ခုအဖြစ်ကို ပုံဖော်လိုက်ကြတယ်။ ဟိုးအရင်ကာလတွေတုန်းက ဘုန်းကြီးကျောင်းတွေကို ရွာတွေမှာတည်စေပြီး ဘုန်းကြီးကျောင်းကိစ္စအဝဝကို ရွာသားတွေက စီမံဆောင်ရွက်တယ်။ ဘုန်းကြီးဆိုတာက ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဧည့်သည်ပဲ။ ဘုန်းကြီးတွေရဲ့ ဝါတော်အလိုက် ရာထူးသတ်မှတ်ချက်ကို ရွာသူရွာသားတွေက ဆုံးဖြတ်သတ်မှတ်ကြတယ်။ ဘုန်းကြီးဆိုတာက လူ့အဖွဲ့အစည်းထဲက တစ်စိတ်တစ်ပိုင်းပဲ။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဘုန်းကြီးတွေက နိုင်ငံတော်အစိုးရနဲ့ တစည်းတပေါင်း ဖြစ်လာတယ်။ ဘုန်းကြီးကျောင်းတွေကို အစိုးရရဲ့ အုပ်ချုပ်မှုစနစ်ထဲကို ထည့်လိုက်တယ်။ ဥပဒေတစ်ရပ်ပါ ပြဌာန်းလိုက်တယ်။ ဘုန်းကြီးတွေရဲ့ ရာထူးရာခံကို အစိုးရက သတ်မှတ်ချက်လုပ်တယ်။ ဒီလိုမျိုး အစိုးရက သံဃာ့အဖွဲ့အစည်းကို ထိန်းချုပ်လိုက်ပြီး ဗုဒ္ဓဘာသာကို အမျိုးသားရေးဝါဒတစ်ခုလို ပုံဖော်ထားတယ်။
အမျိုးသားရေးဝါဒဆိုတာမှာ နိုင်ငံတစ်ခုရဲ့ ကိုယ်စားပြု အမျိုးသားဝတ်စုံ၊ အစားအစာ၊ အမျိုးဘာသာစကား၊ အမျိုးဘာသာ သာသနာ၊ အမျိုးသားသံဃာတော် (တော်ဝင်ဘုန်းကြီး) စတာတွေလိုမျိုးပေါ့။ ဒီလိုသတ်မှတ်ခြင်းမခံရတဲ့ အခြားအရာတွေက ဒီနိုင်ငံနဲ့ သတ်ဆိုင်မှုမရှိသလိုမျိုး တစ်ဆင့်နိမ့်ကျသလိုမျိုး ပုံဖော်ခြင်းခံရတာပေါ့။ ဒါကို ဖန်တီးတဲ့သူတွေက နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရပဲဖြစ်တယ်။
မေး။ ကျွန်တော်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ထိုင်းမြောက်ပိုင်းစကားကို နေ့စဥ်သုံးစကားလို ပြောခွင့်မပြုပါဘူး။ ထိုင်းအလယ်ပိုင်းစကားကိုသာ ပြောလိုပါတယ်။ ဒါကလည်း ခုနတုန်းက ရှင်းပြခဲ့တဲ့ အမျိုးသားရေးဝါဒဆိုတာမျိုးရဲ့ လွှမ်းမိုးခံရမှုတစ်ခု ဖြစ်ပါသလား။
ဖြေ။ အမျိုးသားရေးဝါဒဆိုတာ လူ့အဖွဲ့အစည်းအတွင်း ဒီလိုမျိုး ခွဲခြားမှုတွေကို ဖြစ်စေတယ်။ ထိုင်းအစိုးရက ထိုင်းအလယ်ပိုင်း ဘာသာစကားကို အမျိုးသားဘာသာစကားအဖြစ် သတ်မှတ်လိုက်တဲ့အခါမှာ ထိုင်းရဲ့ တခြားဒေသတွေ ဥပမာ ဒကာကြီးလို ထိုင်းမြောက်ပိုင်းက လူတွေပေါ့၊ သူတို့ရဲ့ ဒေသိယစကား ပြောဆိုခြင်းအပေါ် ယုံကြည်ချက်မဲ့လာတယ်။ ထိုင်းမြောက်ပိုင်းစကားပြောရင်ပဲ ထိုင်းနိုင်ငံသားမဟုတ်တော့ဘူးဆိုတဲ့ အတွေးမျိုးတွေဝင်လာတယ်။ ထိုင်းနိုင်ငံရဲ့ အလယ်ပိုင်းမဟုတ်ဘဲ တခြားဒေသအသီးသီးမှာ နေထိုင်ပြီး ဒေသိယစကားပြောရင်ဘဲ ထိုင်းနိုင်ငံသားစစ်စစ်မဟုတ်တော့ဘူးဆိုတဲ့ သံသယ အတွေးမျိုးတွေ ဝင်လာစေတယ်။ အမျိုးသားရေးဝါဒဆိုတာ ဒီလိုမျိုး ခွဲခြားမှုတွေကို ဖြစ်စေတယ်။
မေး။ ထိုင်းတော်ဝင်မိသားစုနဲ့ အစိုးရရဲ့ ထိုင်းသံဃာ့အဖွဲ့အစည်းကို ထိန်းချုပ်ထားမှုအပေါ်မှာ သံဃာတွေအနေနဲ့ လှုပ်ရှားဆောင်မှုတွေရှိပါသလား။
ဖြေ။ ထိုကိစ္စမှာ ပင်မရေစီးကြောင်းကနေတော့ လှုပ်ရှားဆောင်ရွက်တာတွေမရှိပေမယ့် တခြားတဖက်ကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီလိုမျိုး အစိုးရအပေါ် မှီတည်လာတဲ့အခါမှာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ပျောက်ဆုံးလာရတယ်။ တကယ်တော့ သံဃာတွေဆိုတာ ရပ်ရွာလူ့အဖွဲ့အစည်းကိုပဲ မှီတည်ပြီး ရှိသင့်တယ်။ သံဃာ့ဝါစဥ်နဲ့ ရာထူးရာခံအတွက် ရပ်ရွာအဖွဲ့အစည်းကပဲ ဆောင်ရွက်သင့်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀က ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရတယ်။ ပျောက်ကွယ်သွားရခြင်းက ဗုဒ္ဓဘာသာ အဓိကအားဖြင့် သံဃာတွေက ဘုရင်ကို မှီတည်အားကိုးပြီး ရပ်ရွာလူ့အဖွဲ့အစည်းကို မမှီတည်လို့ ဖြစ်တယ်။ ဆိုတော့ ဘုရင်မင်းဆက်ပျက်သွားတဲ့အချိန်မှာ သူ့အပေါ်မူတည်နေတဲ့ ဗုဒ္ဓဘာသာကလည်း တခါထဲ ပျောက်ကွယ်သွားခဲ့ရတယ်။
မေး။ ရှင်းပြချက်တွေမှာ Government လို့ မသုံးဘဲ State လို့ သုံးတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ။ Government ဆိုတာက လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ စတာတွေပေါ်မှာ မူတည်နေတာ ဖြစ်တယ်။ State ဆိုတာက စနစ်တကျတည်ဆောက်ထားတဲ့ စနစ်ယန္တရားတစ်ခုဖြစ်တယ်။ ဆိုတော့ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီဆိုတာ ပြောင်းလဲလို့ရတယ်။ စနစ်ယန္တရားကနေ ပုံသွင်းထားတဲ့ အတွေးအခေါ်ဝါဒ/ ဝါဒသဘောတရားကတော့ ပြောင်းလဲဖို့ ခက်ခဲတယ်။ ထိုင်းအမျိုးသားရေးဝါဒ၊ ဘုရင်စနစ်၊ အမျိုးဘာသာ သာသနာ စတာတွေလိုပေါ့။
မေး။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ ဘယ်လိုမျိုး ကောင်းတဲ့အလေ့အကျင့်တွေကို သယ်ဆောင်ကျင့်ကြံဖို့ လိုအပ်ပါသလဲ။
ဖြေ။ ပထမတစ်ချက်က ၅ပါးသီလမြဲဖို့ ကျင့်ကြံသင့်တယ်။ သူတစ်ပါးအသက်ကိုမသတ်ဘူး၊ သူတစ်ပါးပစ္စည်းမခိုးဘူး၊ သူများသားမယားကိုမပြစ်မှားဘူး၊ လိမ်ညာပြောဆိုမှုမလုပ်ဘူး၊ မူးယစ်အရက်သေစာ မသောက်စားဘူး။
ဒုတိယတစ်ချက်က သတိရှိဖို့ လိုအပ်တယ်။ ကိုယ်လုပ်တဲ့အရာတွေပေါ်မှာ သတိကပ်ထားဖို့လိုမယ်။ သူတပါးကို နာကျင်အောင်ပြုလုပ်ခြင်းကို ရှောင်ကျဥ်သင့်တယ်။
ပြီးတော့ သူတစ်ပါးကို ကူညီနိုင်ဖို့ စွန့်ကြဲပေးကမ်းနိုင်ဖို့ အားထုတ်ရမယ်။ ကိုယ့်လူ့အဖွဲ့အစည်းအတွက် စေတနာဝန်ထမ်းလုပ်တာမျိုး၊ တခြားသူတွေနဲ့ ရင်းနှီးချိတ်ဆက်မှုကို တန်ဖိုးထားပြီး ရေရည်တည်တံ့အောင် အားထုတ်တာမျိုး လုပ်သင့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုနဲ့ ချိတ်ဆက်နိုင်အောင်လည်း ပြုလုပ်ဖို့ လိုတယ်။
ထိုနေရာမှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ကျင့်ကြံအားထုတ်မှု ၃ခုအကြောင်း ပြောချင်တယ်။ သီလဆိုတာ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား။ သမာဓိဆိုတာ စိတ်ကိုစောင့်တည်ခြင်း၊ တခြားပြင်ပအရာတွေကနေ ရှာဖွေရတာမဟုတ်ဘဲ မိမိအတွင်းသန္တာန်ကနေ ရှာဖွေခြင်းဖြစ်တယ်။ ပညာက ကိုယ်ကျင်လည်နေရတဲ့ လောကအကြောင်းနဲ့ ကိုယ့်အကြောင်းကို ဝေဖန်စမ်းစစ်နိုင်ခြင်း ဖြစ်တယ်။
ဆိုတော့ ခန္ဓာကိုယ်ရဲ့ နာကျင်ခံစားရမှု၊ စိတ်ရဲ့ နာကျင်ခံစားရမှုတွေကို သတိရှိရမယ်။ ခန္ဓာကိုယ်ရဲ့ နာကျင်ခံစားရမှုဆိုတာ ရှောင်လွှဲလို့မရနိုင်ဘူး၊ စိတ်ရဲ့ နာကျင်ခံစားရမှုမှာက ရုပ်နဲ့နာမ် သီးခြားဖြစ်တည်ခြင်းဆိုတာကို သတိကပ်ရမယ်။
စိတ်မှာ သတိကပ်ပြီး ကိုယ်လုပ်မယ့်အပြုအမူတွေပေါ်မှာ သတိကပ်ဖို့ လိုတယ်။
ပျော်ရွှင်နိုင်ဖို့အတွက်လည်း သင်ယူရမယ်။ ပေါင်းသင်းဆက်ဆံရေးဆီကလည်း ပျော်ရွှင်မှုဆိုတာကို သင်ယူဖို့ လိုတယ်။ မိတ်ဆွေကောင်းတွေရှိခြင်းအားဖြင့် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရနိုင်တယ်။ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေက ကျန်းမာတဲ့ဘဝကို ဖော်ဆောင်ပေးတယ်။ ကိုယ့်ကိုချစ်ဖို့ သင်ယူပါ။ တရားအားထုတ်မှုကို လေ့ကျင့်ကြည့်ပါ။ စိတ်ကျန်းမာရေးမကောင်းရင် အသက်ကြီးလာတဲ့အခါမှာ စိုးရိမ်ပူပန်တာတွေ ခံစားရတက်တယ်။ စိတ်ကျန်းမာရေးကောင်းဖို့ ကြိုးစားကြပါ။
Appreciation Note: I sincerely appreciate Ted (Director of the SENS Program), P'Phrai, Au, and all the participants for having me as a guest participant in SENS 2025, for giving me the opportunity to join the trip to the forest temple, and for letting me write this article, including all the great questions.