ယခုလို ဆိုးဝါးလာတဲ့အခြေအနေတွေနဲ့ တိုးပြီးရင်ဆိုင်လာရတာတောင် ကမ္ဘာ့ရာသီဥတုအရေး ဖြေရှင်းဖို့အတွက် ဘာကြောင့် လုပ်ဆောင်မှုအနည်းငယ်သာ ဆောင်ရွက်နိုင်တာပါလဲ။ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။
တချို့သူတွေရဲ့ ယူဆချက်က “ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက် မက်လုံးလိုတယ်” လို့ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကို ရောင်းချပြီး ပိုက်ဆံအမြောက်အများရနေတဲ့ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ ၂၀၂၂ ခုနစ်မှာ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီကြီး ၅ခုရဲ့ လုပ်ငန်းအမြတ်အစွန်းဟာ ၂၀၀ ဘီလီယံဒေါ်လာနီးပါးရှိတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပြီး တခြားသောပစ္စည်းများ၊ နေကာမျက်မှန်ကစလို့ ဆောက်လုပ်ရေးမှာသုံးတဲ့ စတီးရက်မတွေအထိ ထုတ်လုပ်ရောင်းချခြင်းဖြင့် အမြတ်အများအပြား ထပ်မံရနိုင်သေးတယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာဆိုသလို ဒီစီးပွါးရေးလုပ်ငန်းကြီးတွေကပဲ ကမ္ဘာ့ရာသီဥတုအရေးဟာ တခြားသော ဟိုလူဒီလူ ဖြေရှင်းရမယ့်အရေးဖြစ်တယ်ဆိုပြီး ပြောပြန်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် ဒီကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့ရာသီဥတုအရေးအပေါ် တာဝန်ခံမှုမရှိတဲ့အပြင် တခြားသူတွေကိုပါ ထပ်ပြီး စွပ်စွဲပြောဆိုနေပုံဖြစ်ပါတယ်။ ၂၀၀၅ ခုနစ် ကမ္ဘာ့ရာသီဥတုအရေးအတွက် ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ စတမ်း (Stern) စာစောင်အရ “ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကြောင့်ဖြစ်လာတဲ့ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ပြဿနာကြီးတစ်ခု ဖြစ်တယ်။” လို့ ဆိုပါတယ်။
ဒါကြောင့် ရာသီဥတုပြဿနာအတွက် ‘ဟိုလူဒီလူဖြေရှင်းမှရမယ်’ ‘ဒီလိုဖြေရှင်းရင် ဒီလိုအကျိုးအမြတ်ရမယ်’ ဆိုတဲ့ အဖြေရှာနည်းတွေထက် ကျူးလွန်ထားတဲ့ စီးပွါးရေးလုပ်ငန်းတွေကဖြစ်စေ တယောက်ချင်းဆီကဖြစ်စေ တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်။ တန်နဲ့ချီတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်လာတဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ပေးလျှော်ရမယ်လို့ သတ်မှတ်လိုက်ရင် ဒီကိစ္စရဲ့ အဓိကတာ၀န်ခံဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကဖြစ်စေ တစ်ဦးတစ်ယောက်ကဖြစ်စေ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရေး နည်းလမ်းတွေကို ရှာကောင်းရှာလာနိုင်ပါတယ်။ ၂၀၁၉ခုနစ်မှာ နိုဘယ်ဆုရှင် ၂၈ယောက် အပါအဝင် စီးပွါးရေးပညာရှင်အယောက် ၃၅၀၀ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်စာအရ “ကာဗွန်အခွန်ကောက်ခံမှုဟာ ဒီဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှေ့ာချနိုင်တဲ့ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံး နည်းလမ်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။ ကာဗွန်အခွန်ကောက်ခံမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကို နောက်ကွက်က ထိန်းချုပ်နေတဲ့ လုပ်ငန်းကြီးတွေရဲ့ ဓာတ်ငွေ့လျှေ့ာချရေးနည်းလမ်းတွေကို စဉ်းစားလာကြမယ့် အရွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။
တခြားသောသူတွေရဲ့ ယူဆချက်ကတော့ “ရာသီဥတုပြဿနာအတွက် ကာဗွန်အခွန်ကောက်ခံခြင်းဆိုတဲ့ ရိုးရှင်းတဲ့အဖြေထက် ဒီပြဿနာရဲ့ နောက်ကွယ်က ကိစ္စရပ်တွေကိုလည်း နားလည်သဘောပေါက်ဖို့လိုတယ်။” လို့ဆိုပါတယ်။ နိုင်ငံရေးစနစ်တွေကို ခြုံကြည့်ရင်တော့ ကော်ပိုရေးရှင်းတွေရဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး သေသေချာချာ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ ဒီငွေကြေးတွေဟာ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကရတဲ့ ပိုက်ဆံတွေပဲ ဖြစ်ပါတယ်။ (ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကြီးတွေက အစိုးရတွေရဲ့ မူဝါဒနဲ့ဆုံးဖြတ်ချက်တွေကို စိုးမိုးချယ်လှယ်နိုင်ဖို့ ဝါရှင်တန်အစိုးရတစ်ခုထဲအတွက် သုံးတဲ့ ငွေကြေးပမာဏကိုကြည့်ရင်တောင် တစ်နှစ်ကို ဒေါ်လာ ၁၂၀ မီလီယံ ရှိတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။ ဒါတင်မက တခြားသော အဖွဲ့အစည်းတွေနဲ့ တဖက်လှည့်ပြီး ငွေကြေးထောက်ပံ့ပေးတာတွေလည်း ထပ်ရှိပါသေးတယ်။) ဒါကြောင့် အစိုးရတွေက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအသုံးပြုမှုလျှေ့ာချရေးဆိုတဲ့ ဥပဒေမူဝါဒတွေ ထုတ်ပြန်ရမယ်ဆိုတာ တကယ်တမ်း သုံးသပ်ကြည့်တော့ မဖြစ်နိုင်တဲ့ ကိစ္စရပ်ပါပဲ။ တကယ်လို့ ဒီမူဝါဒတွေချမှတ်လိုက်တယ်ဆိုပါစို့၊ အရင်းရှင်စီးပွါးရေးစနစ်ကို နောက်ကွယ်က လက်၀ါးကြီးအုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ရာသီဥတုပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတာ အလှမ်းဝေးအုံးမှာ ဖြစ်ပါတယ်။ တကယ်လို့ ရေနံမရတော့ရင် ဘက်ထရီတွေပြုလုပ်ဖို့ လီသီယံ (lithium) သတ္တုကို ထုတ်လာကြလိမ့်မယ်၊ လီသီယံ (lithium) မရတော့ရင် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်က ကိုဗော့ (cobalt) သတ္တုကို ထုတ်လာကြပါလိမ့်မယ်။
“ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာအသုံးမှုကြောင့် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ တကယ့်အကြောင်းအရင်းအစစ်အမှန် မဟုတ်ပါဘူး၊ အဆုံးမရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စီးပွါးရေးစနစ်ကိုပုံဖော်ထားမှုကြောင့်သာ ဖြစ်တယ်” လို့ ဘာစီလိုနာတက္ကသိုလ်ရဲ့ စီးပွါးရေးမနုဿပညာရှင် ဂျက်ဆင်ဟေဂယ် က ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတုပြဿနာကို ဖြေရှင်းဖို့အတွက် အရင်းရှင်စီးပွါးရေးစနစ်ရဲ့ဘောင်ထဲမှာ အဖြေရှာလို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အရင်းရှင်စီးပွါးရေးစနစ်ရဲ့ အကျိုးဆက်ရလဒ်တစ်ခု ဖြစ်လို့ပါ။ အရင်းရှင်စီးပွါးရေးကို ကျော်လွန်နိုင်မယ့်စနစ် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ပြန်လည်သုံးသပ်ပြီး ဂျီဒီပီ (GDP) စတဲ့ အညွှန်းကိန်းတွေအလွန် လူမှုစီးပွါး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။
အမေရိကန်သဘာဝပတ်ဝန်းကျင်စာရေးဆရာ ဂျော့မွန်ဘရွန် က “လက်ခံရခက်တဲ့အမှန်တရားကတော့ ရာသီဥတုနဲ့ဂေဟကပ်ဘေးတွေကို ကာကွယ်တားဆီးဖို့အတွက် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ကျွန်တော်တို့ အရှိန်လျော့ဖို့ လိုအပ်ပါမယ်” လို့ ဆိုပါတယ်။
တခြားသော တတိယအုပ်စုရဲ့ ယူဆချက်ကတော့ “ကြီးမားတဲ့ပြောင်းလဲမှုကိုဖော်ဆောင်တာ ခက်ခဲတယ်ဆိုရင် ပိုကြီးမားတဲ့ပြောင်းလဲမှုကို လုပ်ဆောင်ဖို့ ပိုမခက်ခဲပေဘူးလား။ ကာဗွန်အခွန်ကောက်ခံဖို့တောင် မလုပ်နိုင်ဘဲနဲ့ စီးပွါးရေးစနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါအုံးမလား” လို့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်ဆိုသူတွေရဲ့ ထင်မြင်ချက်တွေကို အားမလိုအားမရဖြစ်နေတဲ့ ရှုထောင့်ကနေ သုံးသပ်ကြပါတယ်။
ဘာသာပြန်-ရွှေသင်း
15/Mar/2025
Climate Change from A to Z (Elizabeth Kolbert)
No comments:
Post a Comment