ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံအချက်အလက်များသည် သင်ထင်ထားတာထက် ပိုမိုခိုင်မာပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီထားကြပါသည်။ သို့သော် ဤအကြောင်းအရာသည် ကျယ်ပြန့်ပြီး မမှန်ကန်သော သတင်းအချက်အလက်များလည်း များစွာရှိသောကြောင့် “ဘယ်အရာက အမှန်၊ ဘယ်အရာက အမှား” ဆိုသည်ကို ခွဲခြားဖို့ ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် အတိကျဆုံးသော သိပ္ပံနည်းကျ အချက်အလက်များသာမက ထိုအချက်အလက်များကို မည်သို့ သိရှိခဲ့ရသလဲဆိုသည့် ရှင်းလင်းချက်များကိုပါ ဖော်ပြပေးထားပါသည်။
၁) ရာသီဥတုပြောင်းလဲမှု အမှန်တကယ် ဖြစ်ပေါ်နေကြောင်း ကျွန်ုပ်တို့ ဘယ်လို သိရှိနိုင်မလဲ။
ရာသီဥတုပြောင်းလဲမှုကို ရှုပ်ထွေးသည့် ကွန်ပျူတာ မော်ဒယ်များအပေါ် အခြေခံထားသော ကြိုတင်ခန့်မှန်းချက်တစ်ခုအဖြစ် ယူဆလေ့ရှိကြသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲမှု၏ သိပ္ပံနည်းကျ အခြေခံအချက်များသည် များစွာ ပိုမိုကျယ်ပြန့်ပြီး ထိုမော်ဒယ်များမှာ ယင်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ (ထို့အပြင် အဆိုပါ မော်ဒယ်များသည် အလွန်ပင် တိကျသည်)။
သိပ္ပံပညာရှင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ကဲ့သို့သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာမြေ ပူနွေးလာရသည့် ရူပဗေဒဆိုင်ရာ အခြေခံအကြောင်းရင်းကို ရာစုနှစ်တစ်ခုကျော်ကြာအောင် နားလည်ထားခဲ့သည်။ ထိုဓာတ်ငွေ့များသည် ကမ္ဘာ့လေထု၏ အစိတ်အပိုင်းအနည်းငယ်မျှသာ ရှိသော်လည်း ကမ္ဘာ့အပူများ အာကာသထဲသို့ မပျံ့လွင့်မီ ဖမ်းယူထားခြင်းဖြင့် ကမ္ဘာ့ရာသီဥတုအပေါ် အလွန်ကြီးမားသော သက်ရောက်မှုရှိသည်။ ဤဖန်လုံအိမ်အာနိသင်၏ အရေးပါပုံမှာ နေမှ အလွန်ဝေးကွာသော ကမ္ဘာမြေပေါ်တွင်ပင် ရေထုနှင့် သက်ရှိများ ရှင်သန်နိုင်ခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သို့သော် စက်မှုတော်လှန်ရေးကာလအတွင်း လူသားများသည် စက်ရုံများ၊ သတ္တုအရည်ကျိုစက်ရုံများနှင့် ရေနွေးငွေ့အင်ဂျင်များကို လည်ပတ်စေရန် ကျောက်မီးသွေးနှင့် အခြားရုပ်ကြွင်းလောင်စာများကို စတင်လောင်ကျွမ်းအသုံးပြုလာခဲ့ခြင်းကြောင့် လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုတိုးပွားလာခဲ့သည်။ ထိုအချိန်မှစ၍ လူသားတို့၏ လုပ်ဆောင်ချက်များသည် ကမ္ဘာမြေကို တဖြည်းဖြည်း ပူနွေးလာစေခဲ့ပါသည်။
၁၈၅၀ ပြည့်လွန်နှစ်များမှစ၍ မိုးလေဝသစခန်းများနှင့် သင်္ဘောများပေါ်မှ တိုင်းတာမှတ်တမ်းတင်ခဲ့သော အပူချိန်အချက်အလက်များ အပါအဝင် အလွန်များပြားသော အထောက်အထားများအရ ဤအချက်သည် အမှန်ပင်ဖြစ်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များသည် ဂြိုဟ်တုများကို အသုံးပြု၍ ကမ္ဘာ့မျက်နှာပြင်အပူချိန်များကို လေ့လာစောင့်ကြည့်ခဲ့ကြပြီး ဘူမိဗေဒဆိုင်ရာ မှတ်တမ်းများထဲမှလည်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်။ ဤအချက်အလက်များအားလုံးသည် ကမ္ဘာကြီး တဖြည်းဖြည်း ပိုမိုပူနွေးလာနေသည်ဆိုသော အချက်တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။
၁၈၈၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ပျမ်းမျှအပူချိန်မှာ ဖာရင်ဟိုက် ၂.၂ ဒီဂရီ (ဆဲလ်စီးယပ်စ် ၁.၂ ဒီဂရီ) မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ၂၀ ရာစုနှောင်းပိုင်းတွင် အပူချိန်ပြောင်းလဲမှု ပိုမိုသိသာလာခဲ့သည်။ ကုန်းမြေဒေသများသည် သမုဒ္ဒရာရေမျက်နှာပြင်ထက် ပိုမိုပူနွေးလာခဲ့ပြီး အာတိတ်ဒေသတွင်မူ အပူချိန်အမြင့်မားဆုံး မြင့်တက်လာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်း ဖာရင်ဟိုက် ၄ ဒီဂရီကျော်အထိ ရှိခဲ့သည်။ ထို့အပြင် အပူချိန်အလွန်မြင့်ခြင်းနှင့် အလွန်နိမ့်ခြင်းကဲ့သို့သော ဖြစ်စဉ်များလည်း ပြောင်းလဲလာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်အပူချိန် အမြင့်ဆုံးစံချိန်သစ် ဖြစ်ပေါ်သည့် အကြိမ်ရေသည် အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်သည့် အကြိမ်ရေထက် နှစ်ဆ ပိုမိုများပြားနေပြီ ဖြစ်သည်။
ဤသို့ ပူနွေးလာမှုသည် လတ်တလော ဘူမိဗေဒသမိုင်းတစ်လျှောက် မကြုံစဖူးသော အခြေအနေတစ်ခု ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင်ဖော်ပြခဲ့သော 'ဟော်ကီတုတ်ပုံစံဂရပ်' ဟု မကြာခဏ ခေါ်ဆိုကြသည့် ထင်ရှားသည် သရုပ်ဖော်ပြချက်တွင် အပူချိန်များသည် ရာစုနှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့ရာမှ (ဟော်ကီတုတ်ရိုးပုံစံ) ရုတ်တရက် မတ်မတ် မြင့်တက်သွားပုံကို ဖော်ပြထားသည်။ ယင်းသည် သစ်ပင်၏ ပင်စည်အကွင်းများ၊ ရေခဲလွှာများနှင့် အခြားသော သဘာဝဆိုင်ရာ အညွှန်းကိန်းများမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ရာသီဥတု သိပ္ပံပညာရှင်များနှင့် သဘောထားကွဲလွဲဆန့်ကျင်သူများက ဆယ်စုနှစ်များစွာ စိစစ်လေ့လာခဲ့ကြသော်လည်း ခိုင်မာစွာ တည်ရှိနေဆဲဖြစ်သည့် အဆိုပါ အခြေခံပုံကြမ်းက ဖော်ပြနေသည်မှာ ယနေ့ ကမ္ဘာမြေသည် အနည်းဆုံး နှစ်ပေါင်း ၁,၀၀၀ အတွင်း (သို့မဟုတ် ထိုထက်မက ပိုမိုကြာရှည်သော ကာလအတွင်း) မည်သည့်အချိန်ထက်မဆို အပူချိန် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည် ဆိုသည့်အချက်ပင် ဖြစ်သည်။
အမှန်စင်စစ် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကိုသာ ကြည့်မည်ဆိုလျှင် ရာသီဥတုပြောင်းလဲမှု၏ အမှန်တကယ်ဖြစ်ပေါ်နေသော အတိုင်းအတာကို အပြည့်အဝ မမြင်နိုင်ပါ။ အကြောင်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့များက ဖမ်းဆီးထားသော အပူဓာတ်၏ ၉၀ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာက စုပ်ယူထားသောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၆ ခုကျော်အတွင်း သမုဒ္ဒရာဆိုင်ရာ သုတေသနခရီးစဉ်များနှင့် ရေပေါ်မျော တိုင်းတာရေးကိရိယာကွန်ရက်များမှ ကောက်ယူရရှိသော မှတ်တမ်းများအရ သမုဒ္ဒရာ၏ အလွှာတိုင်းသည် အပူချိန် မြင့်တက်လာနေကြောင်း တွေ့ရှိရသည်။ သုတေသနလေ့လာမှုတစ်ခုအရ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် သမုဒ္ဒရာက စုပ်ယူခဲ့သော အပူပမာဏသည် ယင်းမတိုင်မီ နှစ်ပေါင်း ၁၃၀ ကာလအတွင်း စုပ်ယူခဲ့သည့် ပမာဏနှင့် ညီမျှနေသည်။
ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေကြောင်း ကျွန်ုပ်တို့ သိရှိနိုင်သည့် အခြားအကြောင်းရင်းတစ်ခုမှာ ၎င်း၏ သက်ရောက်မှုများကို နေရာအနှံ့တွင် မြင်တွေ့နေရခြင်း ဖြစ်သည်။ ရေခဲလွှာကြီးများနှင့် ရေခဲမြစ်များ လျော့နည်းကျုံ့လာနေစဥ်အတွင်း ပင်လယ်ရေမျက်နှာပြင်သည် မြင့်တက်လာနေသည်။ အာတိတ်ပင်လယ်ရေခဲပြင်များမှာလည်း ပျောက်ကွယ်လာနေသည်။ နွေဦးရာသီတွင် နှင်းများသည် ပိုမိုစောစီးစွာ အရည်ပျော်လာပြီး အပင်များသည်လည်း အချိန်မတိုင်မီ စောစီးစွာ ပန်းပွင့်လာကြသည်။ တိရစ္ဆာန်များသည်လည်း ပိုမိုအေးမြသော ပတ်ဝန်းကျင်ကို ရှာဖွေရန် အမြင့်ပိုင်းဒေသများနှင့် လတ္တီကျုမြင့်ရာ အရပ်များသို့ ရွှေ့ပြောင်းလာကြသည်။ ထို့အပြင် မိုးခေါင်မှုများ၊ ရေကြီးရေလျှံမှုများနှင့် တောမီးလောင်မှုများသည်လည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်။ ကွန်ပျူတာမော်ဒယ်များက ဤပြောင်းလဲမှု အများအပြားကို ကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့လေ့လာစောင့်ကြည့်မှုများအရ ထိုအရာများသည် ယခုအခါ အမှန်တကယ် ဖြစ်ပျက်နေကြောင်း တွေ့ရှိရသည်။
ဘာသာပြန် - ရွှေသင်း
Translated from The Science of Climate Change Explained: Facts, Evidence and Proof: Definitive Answers to the Big Questions (The New York Times).
More questions & answers to come...









