Saturday, November 1, 2025

“H” for Climate Change: Hope

မျှော်လင့်ချက်

“မျှော်လင့်ချက် ဆိုတာ ကမ္ဘာကို မတည်ထားတဲ့ ဒေါက်တိုင်တစ်ခုပါပဲ” လို့ ရောမ စာဆိုရှင် ပလင်နီ သီအယ်တာ က ဆိုခဲ့ဖူးပါတယ်။ “မျှော်လင့်ချက်ဆိုတာ နိုးထနေသူရဲ့ အိမ်မက်ပါပဲ”။ ရာသီဥတုဆိုင်ရာအကြောင်းအရာတွေကိုလည်း မျှော်လင့်ချက်ရှိစွာနဲ့ ရှာဖွေကြည့်မယ်ဆိုရင် နေရာအနှံ့အပြားမှာ ဖြေရှင်းနည်းမျိုးစုံကို တွေ့ရပါလိမ့်မယ်။

မကြာသေးခင်အချိန်ကပဲ မတ်ဆာချူးဆက် ဆမ်းမားဗီလီမြို့မှာရှိတဲ့ ဝိုင်သိုလှောင်ရုံအဟောင်းကြီးတစ်ခုကို ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ထိုသိုလှောင်ရုံကြီးကို ဖောင်းအင်နာဂျီ (Form Energy) လို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုက လွှဲပြောင်းယူလိုက်ပြီး သံချေးတက်ခြင်း နဲ့ပတ်သက်တဲ့ စမ်းသပ်ချက်တွေ ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။ သံချေးတက်သွားတဲ့ ပစ္စည်းများတွေဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာပြီး နောက်ဆုံး သံ‌ချောင်းဖြစ်စေ ဝက်အူဖြစ်စေ အသုံးမဝင်တော့ဘဲ လွှင့်ပစ်လိုက်ရတာများပါတယ်။ သို့ပေမယ့် သံချေးတက်ခြင်းဆိုတာက သံဓာတ်က အောက်ဆီဂျင်နဲဲ့ ဓာတ်ပြုသွားပြီး အီလက်ထရွန်တွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် သံချေးတက်နေတဲ့အရာဝတ္ထုတွေကို ရေထဲမှာစိမ်ထားပြီး လျှပ်စစ်ဓာတ်ပြုစေခြင်းဖြင့် အီလက်ထရွန်တွေကိုပြန်ခေါ်ပြီး သံချေးကို ဖယ်ရှားနိုင်ပါတယ်။ ဖောင်းကုမ္ပဏီရဲ့ ရည်ရွယ်ချက်က မြို့တစ်မြို့လုံးစာကို လျှပ်စစ်ဓာတ်အားပေးနိုင်လောက်အောင် စျေးသက်သာပြီး ခိုင်ခံ့တဲ့ ဘက်ထရီအမျိုးအစားသစ်တစ်ခုကို ဖန်တီးဖို့ဖြစ်ပါတယ်။ ထို့အတွက် သံချေးတက်ခြင်းကို လျှပ်စစ်ဖြင့်ဖယ်ရှားပြီး အီလက်ထရွန်များ ပြန်ယူခြင်းနည်းလမ်းကို စမ်းသပ်ကြမှာပါ။

သုတေသနဓာတ်ခွဲခန်းအဖြစ် ပြောင်းလိုက်တဲ့ သိုလှောင်ရုံကို သွားတဲ့လမ်းမှာပဲ ဘီလီဝုဖော့ က “ဘက်ထရီတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်” လို့ ကျွန်မကို ပြောပါတယ်။ ဘီလီဝုဖော့ က လက်ရှိ ဖောင်းကုမ္ပဏီရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲဖြစ်ပြီး မတ်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) မှာ ဒြပ်ပစ္စည်းသိပ္ပံဘာသာရပ် (Material Science) ကို လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ ထို ဓာတ်ခွဲခန်းမကြီးအတွင်းမှာ မှန်တံခါးတပ်ရေခဲသေတ္တာတွေနဲ့ဆင်တဲ့ စမ်းသပ်အခန်းငယ်တွေကို အစဥ်လိုက်တန်းစီပြီး‌ နေရာချထားပါတယ်။ စမ်းသပ်ခန်းတစ်ခုချည်းကိုလည်း အော်ရီယိုကွက်ကီး နာမည်တွေပေးထားပြီး ဟာသ သဘောနဲ့နာမည်ပေးထားခြင်းမှန်း ကျွန်မနောက်မှ သဘောပေါက်ခဲ့ပါတယ်။ (အံ့သြသွားခဲ့တာက လေဒီဂါဂါကြော်ငြာတဲ့ ပန်းရောင်ဝေဖာနဲ့အစိမ်းရောင်ခရင်မ်ပါတဲ့ အော်ရီယိုအမည်လည်း တွေ့ခဲ့ပါတယ်။)

စမ်းသပ်အခန်းငယ်တွေထဲမှာ နည်းပညာမြင့် တပ်ပါဝဲလ်ဗူး (အစားအစာထည့်သောကော်ဗူးပုံစံ) တွေ ရှိပြီး ထိုဗူးတွေရဲ့ အဖုံးတွေမှလည်း ဝါယာကြိုးတွေ ထိုးထွက်နေပါတယ်။ ထိုဗူးတွေထဲမှာ ရေနဲ့စိမ်ထားတဲ့ သံပြားအချပ်တွေလည်း ရှိပါတယ်။ “ကျွန်တော်တို့ ဗူးတစ်ဗူးချည်းစီမှာ ဓာတ်မတူညီတဲ့သံပြားတွေကို ပုံစံမျိုးစုံထည့်ပြီး စမ်းသပ်ပါတယ်။ တက္ကဆက် ဒါမှမဟုတ် ဂျာမနီ စတဲ့ ထုတ်တဲ့နေရာပေါ်မူတည်ပြီးလည်း ကွာသလို လျှပ်စစ်စီးဝင်နိုင်တဲ့အရည် (အီလက်ထရိုလိုက်) လည်း ကွာခြားပါတယ်။” လို့ ဘက်ထရီစမ်းသပ်ခြင်းအကြောင်းကို ဝုဖော့က ရှင်းပြပါတယ်။

ဖောင်းကုမ္ပဏီမှထုတ်တဲ့ အတိုင်းအတာပြည့် ဘက်ထရီတွေကို အခု၅၀စီပါဝင်တဲ့ ထုတ်ပိုးမှုတစ်ခုချည်းစီ ပြုလုပ်မှာဖြစ်ပါတယ်။ ထို ဘက်ထရီ အခု၅၀ပါတဲဲ့ အထုပ်တစ်ထုပ်ဟာ အိမ်သုံးအဝတ်လျှော်စက်နဲ့ အခြောက်ခံစက် ပူးတွဲအရွယ်လောက်ရှိပြီး ထုပ်ပိုးမှု ၁၀ခုဆိုရင် သင်္ဘောတင် ကွန်တိန်နာတစ်ခုစာလောက် အရွယ်ပမာဏ ကြီးပါတယ်။ ပထမဆုံးကွန်တိန်နာ အခု၃၀ကို လေစွမ်းအင်အများအပြား ဝယ်ယူသုံးစွဲနေတဲ့ မင်နီဆိုတာအခြေစိုက်စွမ်းအင်လုပ်ငန်း Great River Energy မှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လေတိုက်ပြင်းတဲ့နေ့တွေမှာ ဘက်ထရီတွေက စွမ်းအင်သို‌လှောင်ထားပြီး လေငြိမ်တဲ့ရက်တွေမှာတော့ သံပြားတွေကို သံချေးတက်စေခြင်းဖြင့် လျှပ်စီးကြောင်း (အီလက်ထရွန်များ) ကို ဓာတ်အားလိုင်းထဲသို့ ပြန်လည်ဖြည့်စွမ်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

ဖောင်းကုမ္ပဏီရဲ့ လက်ရှိအလုပ်အမှုဆောင် မာတေးယို ဟာရာမီယို က သီအိုလော်ဂျီ (ထာဝရဘုရားသခင်နှင့် ဘာသာရေး လေ့လာမှုပညာ) ကိုဆည်းပူးခဲ့ပြီး နောက်ပိုင်းမှာ တက်စလာကုမ္ပဏီရဲ့ အမှုဆောင်ဖြစ်လာခဲ့ပါတယ်။ တက်စလာကုမ္ပဏီမှာ သူအလုပ်လုပ်ခဲ့စဥ်က လီသီယမ်အိုင်းယွန်း ဘက်ထရီလုပ်ငန်းမှာ လုပ်ခဲ့ပါတယ်။ ထို ဘက်ထရီတွေကို လျှပ်စစ်မော်တော်ယာဥ်တွေမှာ အများဆုံးအသုံးပြုပြီးတော့ ယခုနောက်ပိုင်း အိတ်ဆောင်ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းများတွေမှာ ပုံသဏ္ဍာန်အရွယ်မျိုးစုံနဲ့ အသုံးပြုလာကြပါတယ်။

“လီသီယမ်အိုင်းယွန်း တွေက အလွန်ထူးခြားကောင်းမွန်ပါတယ်”လို့ ဟာရာမီယို ကပြောပါတယ်။ “သန့်ရှင်းစွမ်းအင် စတဲ့ နည်းပညာ တွေရှိနေရင်တောင်မှ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေနေရာမှာ အစားထိုးဖို့အတွက် အလွန်ခက်ခဲပါသေးတယ်။ ထိုစက်ရုံတွေကို အစားထိုးဖို့ဆိုရင် လီသီယမ်အိုင်းယွန်းထက် အနည်းဆုံး ဆယ်ဆလောက် စျေးသက်သာတဲ့ အရာတစ်ခု လိုအပ်ပါတယ်။” ထပ်ခါထပ်ခါသံချေးပြန်တက်ခြင်းနည်းအတွက် လိုအပ်တဲ့ လေ၊ ဆားငန်ရေနဲ့ သံဓာတ် စတာတွေဟာ လက်တွေ့အားဖြင့် အကန့်အသတ်မရှိနီးပါး‌ ပေါများပါတယ်။ “ကျောက်မီးသွေး အပြင် သံသတ္တုကလည်း ကမ္ဘာပေါ်မှာ အများဆုံး တူးဖော်တဲ့ သတ္တုအမျိုးအစား ဖြစ်တယ်” လို့ ဟာရာမီယို ကပြောပါတယ်။ "ဒါကြောင့် ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။"

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Tuesday, July 15, 2025

“G” for Climate Change: Green Concrete

အစိမ်းရောင်ကွန်ကရစ်

“ကျွန်တော်တို့ အေးခဲခြင်း နဲ့ အရည်ပျော်ခြင်း စမ်းသပ်ချက်တွေကို ဒီဓာတ်ခွဲခန်းထဲမှာ ပြုလုပ်နေကြတယ်။” လို့ အီရန်-ကနေဒါလူမျိုးဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာ သုတေသနပညာရှင် မဲဒက်မဟူတီယမ် က ပြောပါတယ်။ သူက ပလက်စတစ်ဗူးတစ်ဗူးရဲ့ အဖုံးကိုဖွင့်ပြီး အထဲမှာရှိတဲ့ မီးခိုးရောင်အတုံးလေးတစ်တုံးကို ပြပါတယ်။ ထိုအတုံးလေးက အချိုရည်သံဗူးအရွယ်လောက်ရှိပြီး လက်မဝက်ခန့် အေးခဲနေတဲ့ ရေထဲမှာ မြုပ်နေပါတယ်။

ထိုအတုံးလေးကို ညွှန်ပြပြီး “ဒါက ဘိလပ်မြေမပါတဲ့ ကွန်ကရစ်တုံးလေ၊ ပြီးတော့ ဒါက ဆားငန်ရည်၊ ၁၈နာရီလောက် အအေးခံရပြီး သာမာန်အပူချိန်မှာဆို ၆နာရီအတွင်း အရည်ပျော်ကျတယ်” လို့ မဟူတီယမ်က ရှင်းပြပါတယ်။ လေယာဥ်မောင်းလေ့ကျင့်ပြီး နောက်နေ့မှာပဲ ကျွန်မ ဒီခရီးစဥ်ကို ရောက်လာခြင်းဖြစ်ပါတယ်။ ကံအကြောင်းမလှစွာနဲ့ ကနေဒါနယ်စပ်မှာ ကျွန်မစီးမယ့်လေကြောင်းလိုင်း ထွက်ခွာမှုနောက်ကျတာကြောင့် မွန်ထရီရယ်မြို့ စက်မှုဇုန်ထဲမှာရှိတဲ့ ကာဘီခရိ (CarbiCrete) ကုမ္ပဏီကြီးဆီ လာရောက်ဖို့ စီစဥ်ဖြစ်သွားတာပါ။ ကုမ္ပဏီထူထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မဟူတီယမ် က ကျွန်မကို အာအမ်ဒီ (R.& D.) သုတေသန အဆောက်အအုံအတွင်းကို လိုက်ပြပါတယ်။ အဆောက်အအုံအတွင်းမှာ အလွန်ကျယ်‌လောင်တဲ့အသံဟာ မိနစ်အလိုက် ဆက်တိုက်ထွက်နေပါတယ်။ “ဒီအသံက ခုနက ကျွန်တော်ပြတဲ့ ဘလော့တုံးတွေကို ပြုလုပ်နေတဲ့ အသံလေ” လို့ မဟူတီယမ် က အကျယ်ကြီးအော်ပြောပါတယ်။

စမ်းသပ်မှုအတွက် အပြိုင်ဆောက်ထားတဲ့ ကွန်ကရစ်နံရံကြီး ၂ခုရှိတဲ့ ဒုတိယအခန်းဆီကို ကျွန်မတို့ ဝင်ကြည့်ကြပါတယ်။ ထိုနံရံ ၂ခုကို ‌ရေချိုးခန်းနံရံပုံစံတွေလို ဆောက်ထားပြီး ရေကျနေတဲ့ PVC ပလက်စတစ်ပိုက်တွေလည်း တပ်ဆင်ထားပါတယ်။ တဖက်ခြမ်းက လေပန်ကာတစ်ခုကလည်း ရေတွေကို နံရံဘက်ဆီကို မှုတ်ထုတ်ပေးနေပါတယ်။ နံရံတစ်ခုက သာမာန်ကွန်ကရစ်နဲ့ ဆောက်ထားတာဖြစ်ပြီး နောက်နံရံတစ်ခုကတော့ ကာဘီခရိကုမ္ပဏီကထုတ်တဲ့ ကွန်ကရစ်နဲ့ ဆောက်ထားတာ ဖြစ်တယ်လို့ မဟူတီယမ် က ရှင်းပြပါတယ်။ ‌ထိုနံရံ၂ခုရဲ့ ‌ရေစုပ်ယူနိုင်စွမ်းကို တိုင်းတာဖို့ ဖြစ်ပါတယ်။ “နောက်နာရီအနည်းငယ်ကြာရင် နံရံတွေရဲ့ စိုထိုင်းဆကို တိုင်းတာပြီး တွက်ချက်မှုအချို့ ကျွန်တော်တို့ ပြုလုပ်မှာ ဖြစ်တယ်” လို့ မဟူတီယမ် က ဆက်ပြောပါတယ်။

ကွန်ကရစ်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ညစ်ညမ်းမှု ဖြစ်စေတဲ့ ဖြေရှင်းဖို့အရမ်းခက်တဲ့ အရာတွေထဲက တစ်ခုပါ။ ပေါ့လန်းဘိလပ်မြေ (Portland cement) တွေဟာ စကျင်ကျောက်မှုန့်တွေကို ချွံ့စေးနဲ့ရောပြီး ၂၀၀၀ ဒီဂရီဖာရင်ဟိုက်မှာ အပူပေး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖြစ်စဥ်က ကျောက်မီးသွေးလောင်စာသုံးစွမ်းအင် အများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် အခြေခံအကျဆုံးကတော့ ဘိလပ်မြေရဲ့ ဓာတုဖွဲ့စည်းပုံ ဖြစ်တဲ့ စကျင်ကျောက်ကို ဘိလပ်မြေမှုန့်ရတဲ့အထိ အပူပေးနေချိန်မှာ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်‌ငွေ့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနစ် တစ်နှစ်တည်းမှာ‌တင် ကွန်ကရစ် ထုတ်လုပ်တဲ့ တန်ချိန်ပေါင်း ကမ္ဘာပေါ်မှာ ၃၀ဘီလီယံတန်‌ ရှိပြီး ထိုပမာဏဟာ ကမ္ဘာပေါ်က လူတစ်ဦးချည်း ၄တန်စီ အသုံးပြုလို့ ရနိုင်တဲ့ အလွန်များတဲ့ ပမာဏဖြစ်ပါတယ်။ ထိုမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ကမ္ဘာပေါ်မှာ နှစ်စဥ်ထုတ်လွှတ်နေတဲ့ ကာဗွန်ပမာဏရဲ့ အကြမ်းဖျဥ်း ၈ရာခိုင်နှုန်းလောက်ရှိပြီး လေယာဥ်တွေ သင်္ဘောတွေမှ ထွက်တဲ့ ပမာဏထက် ပိုများပါတယ်။ ဒါကြောင့် အစိမ်းရောင်ကွန်ကရစ်လို့ ခေါ်တဲ့ ဘိလပ်မြေမပါတဲ့ကွန်ကရစ်ကို တီထွင်ထုတ်လုပ်ခြင်းဟာ စိတ်ဝင်စားစရာကောင်းသလို တကယ်တမ်း လိုအပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။

ကာဘီခရိ ကုမ္ပဏီက စတီးထုတ်လုပ်ရာမှ ကြွင်းကျန်တဲ့ သတ္တုချေးတွေကို ဘိလပ်မြေနေရာမှာ အစားထိုးအသုံးပြုပါတယ်။ သတ္တုချေးတွေကို အမှုန့်ကြိတ်ပြီး ကျောက်ခဲမှုန့်တွေနဲ့အတူ ရေနဲ့ရောစပ်ပါတယ်။ ရလာတဲ့ စီးစီးပျစ်ပျစ်အ‌ရည်တွေက ပုံမှန်ကွန်ကရစ်နဲ့ ပုံသဏ္ဍာန်တူပြီး အတုံးဖြစ်စေ အချောင်းဖြစ်စေ လိုသလို ပုံသွင်းလို့ ရပါတယ်။

လက်ရှိမှာတော့ ကာဘီခရိ ကွန်ကရစ်လို့ လူသိလာကြတဲ့ ဒီထုတ်ကုန်ဟာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရုံတင်မက ကာဗွန်ဓာတ်ငွေ့ကိုပါ ပြန်ပြီး စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ မဟူတီယမ် က ထမင်းပေါင်းအိုးတွေကို တန်းစီထားသလိုမျိုးရှိတဲ့ စက်အတန်းကြီးဆီသို့ ကျွန်မကို ခေါ်သွားပါတယ်။ စက်တစ်ခုချည်းစီကို ကာဗွန်ဓာတ်ငွေ့ထည့်ထားတဲ့ ဗူးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ စက်အတွင်းထဲမှာတော့ စိုစွက်နေတဲ့ ကာဘီခရိ ကွန်ကရစ်တုံးလေးတွေဟာ ဗူးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဓာတ်ပြုနေပြီး ဓာတ်ငွေ့ထုတ်လွှတ်မယ့်အစား ကာဗွန်ဓာတ်ငွေ့ကို ပြန်ပြီး စုပ်ယူနေတာ တွေ့ရပါတယ်။

“စက်ကို ကိုင်ကြည့်ပါလား” လို့ မဟူတီယမ် က ပြောပါတယ်။ စက်တွေက ပူနေပါတယ်။ “ဒီဓာတ်ပြုမှုက သူ့ဘာသာ အပူတွေထုတ်နေတာ၊ အပူထပ်ပေးဖို့ မလိုတော့ဘူး” လို့ သူက ဆက်ရှင်းပြပါတယ်။

လက်ရှိမှာ ကာဘီခရိ ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ‌ရောင်းသူတွေဆီကနေဝယ်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်နေပါတယ်။ နောက်ပိုင်းမှာတော့ တခြား လျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းစုတွေနဲ့ စတီးလုပ်ငန်းတွေဆီမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အသုံးပြုဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီစမ်းသပ်ချက်က ခဲလုံးတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်သလိုပါပဲ။ ကျွန်တော်တို့ ဘိလပ်မြေ အသုံးပြုစရာမလို‌တော့ဘူး။ ကာဗွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ငွေ့ကိုလည်း စုပ်ယူနိုင်ပြီ။ ပြီးတော့ စတီးလုပ်ငန်းရဲ့ စွန့်ပစ်အမှိုက် သတ္တုချေးတွေကိုလည်း ပြန်သုံးနိုင်ပြီ။” လို့ မဟူတီယမ် က ပြောပါတယ်။ ကျွန်မပြန်ဖို့ အချိန်ရောက်လာတော့ မဟူတီယမ် က ကျွန်မကို ကာဘီခရိ ကွန်ကရစ်ချောင်းနဲ့ ကွန်ကရစ်တုံး ဘာကို အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားချင်လဲလို့ မေးပါတယ်။ ကျွန်မ အချိန်ခဏမျှ စဥ်းစားလိုက်ပြီး နှစ်ခုစလုံးကို ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Monday, June 16, 2025

“F” for Climate Change: Flight

ပျံသန်းခြင်း

အယ်လီရာ လို့အမည်ရတဲ့ လေယာဥ်ဟာ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်တဲ့လုံးထည်ရှိပါတယ်။ နောက်ဆုံးပေါ်လေယာဥ် F-16 ဒီဇိုင်းနဲ့ဆင်ပြီး ပင်လယ်ငှက်တစ်ကောင်လို ပုံသဏ္ဍာန်မျိုးပါ။ ထိုလေယာဥ်မှာ တောင်ပံတွေကို ကန့်လန့်ဖြတ်တပ်ဆင်ထားတဲ့ ဝင်ရိုးတွေပေါ်၌ နံရံကပ်ပန်ကာလိုလည်နေတဲ့ လေဒလက်လေးခုပါရှိပါတယ်။ ကျွန်မ လေယာဥ်ခေါင်းခန်းထဲမှာ ရှိနေပါတယ်။ လေယာဥ်မောင်းနည်းပြ ဗင့်မော်ကင် က လေယာဥ်လီဗာကို ဖြည်းဖြည်းချင်းဆွဲဖို့ ကျွန်မကို သင်ကြားပေးနေပါတယ်။ ထိုအချိန်မှာ လေဒလက်လေးခုက စတင် လည်ပတ်လာပြီး လေယာဥ်ခေါင်းခန်းရဲ့ ကြမ်းပြင်တွေတုန်လာပါတော့တယ်။ ကျွန်မတို့ရှေ့မှာမြင်နေရတဲ့ လေ့ကျင့်ရာဖန်သားပြင်ပေါ်က မြေပြင်မြင်ကွင်းဟာလည်း လေယာဥ်မြင့်တက်လာခြင်းနဲ့အတူ တဖြည်းဖြည်း ပျောက်ကွယ်လာပါတော့တယ်။

“ကျွန်တော်တို့ စတင်ပျံသန်းပါပြီ” လို့ မော်ကင် က တက်ကြွစွာအော်ပြောလိုက်ပါတယ်။ ကျွန်မ လီဗာကို ဖြည်းဖြည်းချင်းပြန်ချလိုက်တဲ့အခါမှာ ‌ရှေ့ကလည်နေတဲ့ လေဒလက်တွေ ရပ်သွားပြီး အနောက်ဘက်က လေဒလက်တွေပဲ လည်နေပါတော့တယ်။ ကျွန်မတို့ယခု အရှေ့ဘက်တည့်တည့်မှာရှိတဲ့ ဗားမောက်ပြည်နယ်၊ ဘာလင်တန်မြို့ရဲ့ ချန်ပလိန်းရေကန်ကြီးဆီကို ဦးတည်ပျံသန်းနေတာပါ။ မော်ကင် က ကျွန်မလေယာဥ်မောင်းနေပုံကို ချီးကျူးပြီး မကြာခင်ဘဲ မြေပြင်နဲ့ပြန်နီးလာတာကြောင့် ကျွန်မ လေယာဥ်ဦးကို ပြန်မော့ဖို့ လီဗာကို ဆွဲတင်လိုက်ပါတယ်။ ကျွန်မ လေ့ကျင့်ရာဖန်သားပြင်ပေါ်က ဦးတည်ရာကို ရေကန်ဆီသို့ သေချာလှည့်လိုက်ပြီး ရေကန်ရဲ့ရေပြင်ပေါ်မှာ ညင်သာစွာ ပျံသန်းလိုက်ပါတယ်။ ထို့နောက် စိတ်တိုင်းကျ မောင်းပြီးချိန်မှာပဲ လေယာဥ်ပြန်ဆင်းဖို့ အချိန်ရောက်လာပါတော့တယ်။ ကျွန်မ လေယာဥ်ကို အလျင်စလို ပြန်လှည့်လိုက်ချိန်မှာတော့ လေယာဥ်ပြန်ကွေ့သွားပုံဟာ လက်တွေ့မှာ တကယ့်လေယာဥ်အစစ် မောင်းနေရသလို ခံစားချက်ပါပဲ။ မြေပြင်ပေါ်ဆင်းသက်နေချိန်မှာပဲ လေယာဥ်ရုတ်တရက် လှုပ်ခါသွားပြီး ကားပါကင်အဆောက်အအုံနဲ့ ဝင်တိုက်ခါနီး ဖြစ်ခဲ့ပေမယ့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဥ်မောင်းခန်းထဲက ပြန်ထွက်လာချိန်မှာတော့ ကျွန်မခေါင်းတစ်ခုလုံး မူးနောက်နေတာပါပဲ။

ထို အယ်လီရာလေယာဥ်တစ်ခုလုံးကို လျှပ်စစ်နဲ့ လည်ပတ်စေပါတယ်။ ဟော်ကီကစားသမားဟောင်း ကိုင်ကလက် ပိုင်ဆိုင်တဲ့ ၂၀၁၇ ခုနစ်မှာ ထူထောင်ထားတဲ့ ဘီတာကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (ကလက် က ဟားဗတ်တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုနဲ့ ဘွဲ့ကြိုတက်ခဲ့ပြီး လေယာဥ်တစ်စင်းကို မော်တော်ဆိုင်ကယ်တစ်စီးကဲ့သို့ မောင်းနှင်နိုင်ခြင်း ဆိုတဲ့ သုတေသနစာစောင်ကို ရေးသားခဲ့ပါတယ်။) ဘီတာကုမ္ပဏီဆိုတာ ဘာလင်တန်လေဆိပ် လေယာဥ်များသိုလှောင်ရုံကနေ အထင်းသားမြင်နေရတဲ့ ယူပုံသဏ္ဌာန်အဆောက်အအုံဖြစ်ပါတယ်။ တစ်နေ့ ကျွန်မသွားရောက်လည်ပတ်ချိန်မှာတော့ ထိုလေယာဥ်သိုလှောင်ရုံထဲမှာ လေယာဥ်တွေအမြောက်အများ ရပ်နားထားပြီး အယ်လီရာလေယာဥ်လည်း တစ်စင်းအပါအဝင်ဖြစ်ပါတယ်။ တခြား အယ်လီရာအမည်ရ လေယာဥ်တစ်စင်းလည်း ရပ်နားထားပါတယ်။ ထိုအယ်လီရာက ဘန်တွန်ဗေး ကနေ ဗားမောက်ကို အကြိမ်ပေါင်းများစွာ ပျံသန်းမှုစမ်းသပ်ထားတဲ့ လေယာဥ်ပါ။ ကလက် ကိုယ်တိုင်လည်း ထိုစမ်းသပ်ပျံသန်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ကျွန်မတို့ လေယာဥ်မောင်းလေကျင့်ရာအခန်းရဲ့ အပေါ်ထပ် အစည်းအ‌ဝေးခန်းမထဲမှာ ထိုင်နေကြပါတယ်။ လေယာဥ်သိုလှောင်ရုံကိုလည်း အပေါ်စီးကနေ မြင်နေရပါတယ်။ “စမ်းသပ်ပျံသန်းမှု ခရီးစဥ်တစ်ခုချည်းစီက မိုင်ပေါင်း၁၈၀ခန့် ရှိတယ်။” လို့ ကလက်က ပြောပါတယ်။ ကလက်က ထပ်ရှင်းပြပါတယ်။ ဆပ်စနာ ကရာဗန် ဆိုတဲ့လေယာဥ်က အယ်လီရာလေယာဥ်အနောက်ကနေ တောက်လျှောက်လိုက်ပြီး ပျံသန်းမှုကို လိုက်စစ်ဆေးပါတယ်။ အယ်လီရာလေယာဥ် တစ်ကြိမ်ပျံသန်းတိုင်း လျှပ်စစ်စွမ်းအင်ဖိုး ဒေါ်လာ၂၀ခန့်လောက် ကုန်ကျတယ်လို့ ကလက်က ခန့်မှန်းပြောဆိုပါတယ်။ အကွာအဝေးအတူတူပျံသန်းမှုမှာပဲ ဆပ်စနာလေယာဥ်ကတော့ လောင်စာဆီဖိုး ဒေါ်လာ ၆၀၀ နီးပါးလောက် ကုန်ကျပါတယ်။

“ကျွန်တော် ပြောချင်တာ ဒီအကြောင်းအရာပါပဲ” လို့ ကလက်က ဆက်ပြောပါတယ်။ “တကယ်တမ်းတော့ ဒီစမ်းသပ်မှုနှစ်ခုမှာ ကျွန်တော်တို့ ပေးချေလိုက်ရတဲ့ စွမ်းအင်ပမာဏရဲ့ ကုန်ကျစရိတ်တွေအကြောင်းပါ။ ခြားနားချက်က လိုအပ်တဲ့စွမ်းအင်ပမာဏကို ငွေကြေးနည်းနည်းဖြင့် အကျိုးရှိရှိ အသုံးချနိုင်ခြင်းနဲ့ ‌‌‌‌‌ငွေကြေးအမြောက်အမြားပေးပြီး သုံးစွဲလိုက်ရခြင်းပဲ ဖြစ်ပါတယ်။”

လောင်ကျွမ်းအင်ဂျင်စက်တွေ အသုံးပြုခြင်းနဲ့ ယှဥ်လိုက်ရင် လျှပ်စစ်မော်တာတွေအသုံးပြုခြင်းက ပိုပြီး အကျိုးများစေပါတယ်။ တူညီတဲ့စွမ်းအင်အသုံးပြုမှုမှာပဲ လျှပ်စစ်ကားတွေက ပုံမှန်အင်ဂျင်ကားတွေထက် ခရီး၂ဆလောက် သွားနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်လေယာဥ်တွေရဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဘက်ထရီအလေးချိန်စီးတာပါပဲ။ (ဂျက်လေယာဥ်တွေလည်း အလေးချိန်စီးပေမယ့် အင်ဂျင်လောင်ကျွမ်းသွားတဲ့အခါမှာ လေယာဥ်အလေးချိန်က လျော့ကျသွားတာမျိုးရှိပါတယ်။)

ဒါပေမယ့် အယ်လီရာလေယာဥ်တွေက နည်းပညာ တစ်ဟုန်ထိုး တိုးတက်လာခြင်းရဲ့ ပြယုဥ်ပါပဲ။ ဘီတာကုမ္ပဏီကလည်း လေကြောင်းကုန်ပစ္စည်းသယ်ဆောင်‌‌ရေးအတွက် အမေရိကန်အစိုးရဗဟိုလေကြောင်းဌာန (Federal Aviation Administration) ရဲ့ ခွင့်ပြုချက်ရထားပြီး၊ UPS (United Parcel Service) ကုမ္ပဏီမှလည်း အယ်လီရာလေယာဥ်အစင်းပေါင်း ၁၅၀ အမှာလက်ခံထားပြီး ဖြစ်ပါတယ်။ ခရီးသည်သယ်ဆောင်တဲ့ လျှပ်စစ်လေယာဥ်တွေ ဆောက်လုပ်တဲ့လုပ်ငန်းခွင်မှာလည်း အလုပ်သမားဦးရေ မြင့်တက်လာနေပါတယ်။ ဝါရှင်တန်အခြေစိုက် အယ်ဗီရေးရှင်း လေယာဥ်ကုမ္ပဏီကလည်း အယ်လစ် လို့ အမည်ရတဲ့ ခရီးသည်၉ယောက်မျှ တင်နိုင်တဲ့ အသေးစား လျှပ်စစ်လေယာဥ် စမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်နေပါတယ်။ မက်ဆာချူးဆက် အခြေစိုက် ကပ်အဲလ် လေကြောင်းကုမ္ပဏီကလည်း အဲလစ် အစင်းပေါင်း ၇၅စင်းလောက် ဝယ်ယူဖို့ စီစဥ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ နယူးယောက်ပြည်နယ် အယ်ဘီနီမြို့မှာရှိတဲ့ ဝိုက် အီလက်ထရစ် လေကြောင်းကုမ္ပဏီကလည်း ခရီးတိုပျံသန်းတဲ့ ဗြိတိန်ထုတ်ဂျက်လေယာဥ် BAe 146 အမျိုးအစားတွေကို လျှပ်စစ်စွမ်းအင်သုံးလေယာဥ်တွေအဖြစ် ပြောင်းလဲဖို့ စီစဥ်နေကြပါတယ်။ “၂၀၂၆ ကစပြီး ခရီးတိုပျံသန်းတဲ့ လေယာဥ်တွေအားလုံး ဓာတ်‌ငွေ့ထုတ်လုပ်မှု သုညအမှတ် ရောက်ပြီ” လို့ ဝိုက်လေကြောင်းကွန်ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Saturday, May 3, 2025

“E” for Climate Change: Electrify Everything

လျှပ်စစ်ဖြင့် အရာရာလည်ပတ်ခြင်း

ထပ်ပြီး ဆက်ပြောရအောင်ပါ။ ဒီတစ်ခါတော့ ခံစားချက်အတိုင်း ပြောမှာဖြစ်ပါတယ်။

BIWF2 ဆိုတာ ရုတ်ကျွန်းနဲ့ ၁၅မိုင်လောက်ဝေးတဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ထိုးထွက်နေတဲ့ လေရဟတ်တိုင် ရဲ့ အမည်ဖြစ်ပါတယ်။ ထိုလေရဟတ်တိုင်က အမြင့်ပေ ၆၀၀ ရှိပြီး ဝါရှင်တန်ကျောက်တိုင်ထက်တောင် ပိုမြင့်ပါတယ်။ လေရဟတ်တိုင်ရဲ့ အသွားတစ်ခုချည်းဆိုရင်ပဲ ပေ၂၀၀ကျော်လောက် ရှည်ပါတယ်။ ကျွန်မ အဲ့ဒီ လေရဟတ်တိုင်တွေရှိတဲ့ နေရာဆီသို့ သီးသန့်ရောက်တဲ့ လှေတစ်စင်းပေါ်မှာ ရှိနေပါတယ်။ လေရဟတ်တိုင်တွေကို အောက်ခြေကနေ မတည်ထားတဲ့ သတ္တုစဥ်ကြီး အနီးကို ရောက်ဖို့အတွက် လှေမောင်းတဲ့သူက ပဲ့ကို သေချာထိန်းပြီး မောင်းနှင်နေပါတယ်။ အလွန်ကြီးမားတဲ့ လေရဟတ်ရဲ့အသွားတွေက ကျွန်မတို့လှေရဲ့ အပေါ်ဘက်တည့်တည့်မှာပဲ စည်းချက်ကျကျ လည်ပတ်နေပါတယ်။ ထိုအသွားတွေရဲ့ အလွန်ကျယ်လောင်ပြီး မြန်ဆန်တဲ့ လေတိုးဝင်တဲ့အသံတွေဟာ ကျွန်မအတွက်တော့ တကယ့်ကို အဆန်းတကြယ်ပါပဲ။ ဤအတွေ့အကြုံက စိတ်လှုပ်ရှားစရာလည်းကောင်းသလို အနည်းငယ်လည်း ထိတ်လန့်ကြောက်ရွံမှု ဖြစ်စေပါတယ်။ ထိုလည်နေတဲ့ လေရဟတ်တိုင်တွေ လှေရဲ့အနီး အောက်ဘက်ကို ရွေ့လာချိန်တိုင်း လှေပေါ်ကလူတွေက ပင်လယ်ငှက်ကြီးတစ်ကောင် ကုန်းပတ်ပေါ်မှာ လာနားတော့မလိုမျိုး ရင်တုန်ထိတ်လန့်စွာနဲ့ အော်ဟစ်ကြပါတယ်။

BIWF2 ရဲ့ ပင်လယ်ပြင်အကွာအဝေးမိုင် (nautical mile) တစ်ဝက်လောက်မှာ အလားတူ လေရဟတ်တိုင်တစ်တိုင်ရှိပြီးတော့ တောင်ဘက်မှာတော့‌ နောက်ထပ် လေရဟတ်၃တိုင် ရှိပါတယ်။ ထိုလေရဟတ်တိုင်တွေ အကုန်လုံးကို Block Island Wind Farm လို့အမည်ရတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ပင်လယ်ပြင် လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီးမှထုတ်တဲ့ တာဘိုင်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထပ်မံပြီး မက်ဆာချူးဆက် ကနေ မြောက်ဘက် ကယ်ရိုလိုင်းနား အထိ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် တစ်ဒါဇင်ထက်ကျော်တဲ့ လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေ ပြုလုပ်ဖို့လည်း အစီအစဥ် ချထားပါတယ်။ ထိုစီမံကိန်းမှာ အသုံးပြုမယ့် တာဘိုင်တွေနဲ့ ယှဉ်လိုက်ရင်တော့ BIWF2 တာဘိုင်တွေက အလွန်သေးပြီး အားနည်းသယောင်တောင် ရှိသွားပါတယ်။

ကျွန်မ BIWF2 ရဲ့ လေရဟတ်အသွားတွေကို ‌ငေးကြည့်နေရင်း အနာဂတ်ကို ‌ရူမြင်နေရသလိုမျိုး မျှော်လင့်ချက်ခွန်အားတွေနဲ့ ပြည့်နေတဲ့ နောင်တစ်ချိန်ကာလကို မြင်ယောင်လာပါတယ်။ BIWF2 ဆိုတဲ့ လေရဟတ်တိုင်ကြီးဟာ လူတွေရဲ့ စိတ်ကူးဉာဏ်ထဲမှ တွေးတောနေတဲ့ ကြီးကျယ်ထူးခြားတဲ့ အရာမှန်သမျှဟာ လက်တွေ့ အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ ပြယုဥ်တစ်ခုလိုပါပဲ။

၁၉၉၂ ခုနစ် မြေကမ္ဘာထိပ်သီးအစည်းအဝေး (Earth Summit) ကျင်းပတဲ့နှစ်တွင် ကမ္ဘာပေါ်မှာ ဗန်ဒဘီ (Vindeby) လို့ခေါ်တဲ့ လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုတည်းသာ ရှိပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ လော့လန်းကျွန်းပေါ်မှာ တည်ရှိပြီး တာဘိုင်၁၁ခုတည်းနဲ့ တည်ဆောက်ထားတာကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ပမာဏက လက်ရှိ BIWF2 နဲ့ယှဥ်ရင် အလွန်နည်းပါတယ်။ ယနေ့မှာတော့ ကမ်းလွန်ပင်လယ်ဒေသတွေမှာ လေရဟတ်တိုင်ကွင်းပြင်တွေရှိလာပြီး အများစုကတော့ ဥရောပ နဲ့ တရုတ် ရေပိုင်နက်တွေမှာ ရှိပါတယ်။ ဟွန်းစီး၂ (Hornsea 2) လို့ခေါ်တဲ့ အကြီးဆုံး လေရဟတ်တိုင်ကွင်းပြင်ကတော့ အင်္ဂလန်ကမ်းရိုးတန်း မြောက်ပင်လယ်ဘက်မှာ တည်ရှိပါတယ်။ တာဘိုင်အလုံးရေ ၁၆၅ လုံးနဲ့ ဖွဲ့စည်းထားပြီး လေရဟတ်တိုင်တွေ တစ်ပတ်လည်လိုက်ရင်ပဲ အိမ်တစ်အိမ်စာကို လျှပ်စစ်မီး တနေ့တာပမာဏ ပေးနိုင်တဲ့အထိ ထုထည်ကြီးမားပါတယ်။ Block Island Wind Farm နဲ့ ဟွန်းစီး၂ (Hornsea 2) ကို အရင်ကတော့ DONG လို့အမည်ရပြီး အခုနောက်ပိုင်း အောစတက် (Orseted) လို့အမည်ပြောင်းလိုက်တဲ့ ဒိန်းမတ်ရေနံနဲ့ သဘာဝဓာတ်‌‌ငွေ့ကုမ္ပဏီကြီး တစ်ခုတည်းက ပိုင်ဆိုင်ပါတယ်။ ဒီကုမ္ပဏီက အမှန်တော့ ၂၀၁၇ ခုနစ်မှာ ဖျက်သိမ်းလိုက်တဲ့ ဗန်ဒဘီ (Vindeby) လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီပါ။ တာဘိုင်အသုံးပြုမှု အရေအတွက် များလာလေလေ လျှပ်စစ်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ် သက်သာလာလေလေ ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၀စုနှစ်အတွင်းမှာပဲ ကမ်းလွန်လေအားသုံး လျှပ်စစ်စျေးနှုန်းဟာ တစ်ဝက်တိတိကို ထိုးကျသွားတာ ဖြစ်ပါတယ်။

ကုန်းမြေပြင်ပေါ်မှာလည်း လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ အများအပြား ထူထောင်လာကြပြီး လျှပ်စစ်စျေးနှုန်းတွေကလည်း သက်သာကျဆင်းလာပါတယ်။ ယနေ့ခေတ်အခြေအနေအရ ကမ္ဘာ့နေရာ အနှံ့အပြားတွင် လေအားလျှပ်စစ်ထုတ်လုပ်ရေး၌ တာဘိုင်တပ်ဆင်တဲ့ ကုန်ကျစရိတ်ဟာ သဘာဝဓာတ်‌ငွေ့သုံး ဓာတ်အားပေးစက်တွေ လည်ပတ်နေတဲ့ ကုန်ကျစရိတ်ထက်တောင် စျေးနှုန်းပိုသက်သာနေပါတယ်။ ဒါကြောင့် ဒိန်းမတ်၊ အိုင်ယာလန် နဲ့ အနောက်အိုကလာဟိုးမား လို လေတိုက်နှုန်း အရမ်းများတဲ့နေရာတွေမှာဆိုရင် လိုအပ်တဲ့ပမာဏထက်ကျော်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်နေတာကြောင့် ရောင်းချသူတွေက သုံးစွဲသူတွေကို ဝယ်တဲ့ပမာဏထက်ပိုပြီး ပေးနေတာမျိုးတွေတောင် ရှိပါတယ်။

နေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး ဆိုလာပါဝါ‌စျေးနှုန်းဟာလည်း အံ့မခန်းလောက်အောင် သက်သာကျဆင်းလာပါတယ်။ ၂၀၁၀ ခုနစ်မှစပြီး ဆိုလာစျေးနှုန်းဟာ ၈၀ ရာခိုင်နှုန်းကျော်လောက်အထိ ကျဆင်းသွားပါတယ်။ နိုင်ငံတကာစွမ်းအင်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့အစည်း (International Energy Agency) အရ ဆိုလာစွမ်းအင်ဟာ စျေးအသက်သာဆုံး လျှပ်စစ်စွမ်းအင်အချို့ထဲမှ စွမ်းအင်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပြန်လည်ဖြည့်စွမ်းမြဲစွမ်းအင်တွေ အလျင်အမြန် စျေးနှုန်းသက်သာကျဆင်းလာခြင်းဖြင့် မကြာတော့တဲ့ အနာဂတ်မှာပဲ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နေရာအရပ်ရပ်မှာပါ လျှပ်စစ်ထုတ်လုပ်မှုမှ လေထုညစ်ညမ်းခြင်းဒဏ်ကို အပြီးအပိုင် ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကယ်ရီဖိုးနီးယားပြည်နယ်မှာဆိုရင် လိုအပ်တဲ့ လျှပ်စစ်ပမာဏ မည်မျှမဆို မိနစ်အနည်းငယ်အတွင်းမှာပဲ အလျင်အမြန် ထုတ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံတွင်လည်း လေပြင်းပြင်းတိုက်တဲ့နေ့တိုင်းမှာ လျှပ်စစ်ပမာဏ အမြောက်အမြား ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

ဆိုတော့ လျှပ်စစ်ထုတ်လုပ်မှုမှ ကာဗွန်ဓာတ်ငွေ့ထွက်လာမှု လုံးဝ ကင်းပသွားပြီလို့ စဥ်းစားလိုက်ရင်ပဲ တခြားသော အခွင့်အလမ်း အမြောက်အများ လမ်းပွင့်လာပါတယ်။ အင်ဂျင်အသုံးပြုနေတဲ့ စက်တွေ ကားတွေမှာ လျှပ်စစ်မော်တာတွေ အစားထိုး အသုံးပြုလာနိုင်ပြီး ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်လာပါမယ်။ အလားတူ ကုန်ကား၊ ဘက်စ်ကား၊ ဖယ်ရီကား နဲ့ ကုန်ပစ္စည်းရွေ့ကား စတာတွေ မှန်သမျှကို လျှပ်စစ်ပလပ်ခေါင်းထိုးပြီး မောင်းနှင်ရုံပါပဲ။ လောင်စာစွမ်းအင်အသုံးပြုမှု မှန်သမျှကို လျှပ်စစ်သုံး အပူပေးစက်တွေနဲ့ အစားထိုးပြီး ဂတ်စ်မီးဖိုတွေနေရာမှာလည်း လျှပ်စစ်သံလိုက်ဓာတ်အားသုံးမီးဖိုတွေ ပြောင်းလိုက်လို့ရပါပြီ။ တက်နိုင်သမျှ လျှပ်စစ်စွမ်းအင်သာ ပြောင်းသုံးလိုက်ပါ။ အရာရာကို လျှပ်စစ်နဲ့ လည်ပတ်လို့ ရနေပါပြီ။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Friday, April 18, 2025

"D" for Climate Change: Despair

မျှော်လင့်ချက် ပျက်သုဥ်းခြင်း

မျှော်လင့်ချက်ပျက်သုဥ်းပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းဟာ အလုပ်မဖြစ်ပါဘူး။ ဘုရားလည်းမကြိုက်တဲ့ ပြစ်မှုတစ်ခုဖြစ်ပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Monday, April 14, 2025

Ques to Phra Paisal Visalo

SENS 2025 သင်တန်းရဲ့ လေ့လာရေးခရီးစဥ်တစ်ခုမှာ ဘုန်းတော်ကြီး ပရာပိုက်စာ နှင့် ကျွန်မတို့ နိုင်ငံအနှံ့မှလူငယ်များ ဆုံခွင့်ရခဲ့ပြီး လူငယ်များ၏မေးခွန်းအသီးသီးကို ဘုန်းတော်ကြီး ပရာပိုက်စာ က စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ ဒီဆွေးနွေးသင်ယူမှုကို ၂ချိန်ခွဲပြီး ပြုလုပ်ခဲ့တဲ့အတွက် ၆နာရီကြာ အချိန်ယူခဲ့ပါတယ်။ ကျွန်မ မှတ်မိသလောက် နားလည်သဘောပေါက်သလောက် ပြန်ရေးပါတယ်။

အရင်ဆုံး ဘုန်းတော်ကြီး ပရာပိုက်စာရဲ့ ကိုယ်ရေးအကျဥ်းကို မိတ်ဆက်လိုတဲ့အတွက် ကျွန်မ ဒီစာစုကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ https://pasukato.org/phra-paisal-visalo/

ပရာပိုက်စာ သည် ၁၉၅၇ မေလ ၁ ရက်နေ့တွင် ဘန်ကောက်မြို့၌ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ အထက်တန်းကို သမားဆက်ကောလိပ်ကျောင်းတွင် တက်ရောက်ခဲ့ပြီး သမားဆက်တက္ကသိုလ် Liberal Arts ဌာန၌ သမိုင်းမေဂျာနဲ့ ဘွဲ့ကြိုပြီးမြောက်ခဲ့ပါတယ်။ ပရာပိုက်စာ သည် ထိုင်းနိုင်ငံရေးအကြောင်းကို စိတ်၀င်စားသူဖြစ်ပါတယ်။ အထက်တန်းကျောင်းသားဘ၀၌ ၁၉၇၃ အောက်တိုဘာ ၁၄ ထိုင်းနိုင်ငံတော်လှန်ရေး အရေးအခင်းမှာ ပါ၀င်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၇၆ အောက်တိုဘာ ၆ ရက်နေ့ ကျောင်းသားအ‌ရေးအခင်းကို ထိုင်းစစ်တပ်က အစုလိုက်အပြုံလိုက် ပစ်သတ်ဖြိုခွင်းမှုအတွင်း အကြမ်းမဖက်တော်လှန်နည်းဖြင့် အစာအငတ်ခံဆန္ဒပြမှုတွင် ထပ်မံပါဝင်ခဲ့ပါတယ်။

ထိုပါ၀င်မှုကြောင့် သမားဆက်တက္ကသိုလ်အတွင်း ဖမ်းဆီးခံရခဲ့ပါတယ်။ ‌၃ရက်အကြာမှာ ပြန်လွတ်လာပြီးနောက် Coordinating Group for Religious in Society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းအတွင်း ဘာသာ‌ရေးရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်သောအဖွဲ့ကို ၁၉၇၆ ခုနစ်မှ ၁၉၈၃ ခုနစ်အတွင်း ဦးဆောင်ခဲ့ပါတယ်။ သူရဲ့အဓိကလှုပ်ရှားမှုများကတော့ နိုင်ငံ‌ရေးအကျဥ်းသားများအတွက် လူ့အခွင့်အ‌ရေး ဆောင်ရွက်ချက်များဖြစ်ပါတယ်။ ထိုကြိုးပမ်းမှုတွေက ၁၉၇၆ အောက်တိုဘာ ၆ ရက် ထိုင်းစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံလိုက်ရတဲ့‌ ကျောင်းသား၃၀၀၀ကို ထိုင်းအစိုးရက လွတ်ငြိမ်းခွင့်ပေးလိုက်မှုအပေါ် များစွာသက်ရောက်မှုရှိပါတယ်။

တက္ကသိုလ်ဒုတိယနှစ်မှ ကျောင်းပြီးတဲ့အချိန်ထိ Coordinating Group for Religious in Society ဆိုတဲ့ လူမှုအဖွဲ့အစည်းအတွင်း ဘာသာ‌ရေးရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်သောအဖွဲ့အတွင်း ၇နှစ်ကြာ ဦးဆောင်ပါဝင်ခဲ့ပြီး စိတ်ဖိစီးမှုဒဏ်များ ခံစားခဲ့ရပါတယ်။ ဒါကြောင့် လူ့ဘောင်မှ ခေတ္တအနားယူသည့်အနေဖြင့် သာသနာ့ဘောင်အတွင်း ၃လမျှ ရဟန်းခံဖို့အတွက် အစီအစဥ်ချခဲ့ပါတယ်။ ထိုအတောအတွင်း တရားဓမ္မလုပ်ငန်းစဥ်များ၌ ကိုယ်ပိုင်ကျင့်ကြံအားထုတ်နိုင်မှုကို သိသိသာသာ သတိထားမိလာပြီး ဗုဒ္ဓရဲ့ လမ်းစဥ်နှင့်ကျင့်စဥ်များအပေါ် ပိုမိုသက်၀င်ယုံကြည်ခဲ့ပါတယ်။ ထို့နောက် ပရာပိုက်စာ သည် ရဟန်း၀တ်ဘ၀ကို ဆက်လက်ခံယူဖို့ ဆုံးဖြတ်လိုက်ပြီး ယခုတိုင်ဆို ဝါတော် ၃၁နှစ်ခန့် ရှိပြီဖြစ်ပါတယ်။

ပရာပိုက်စာ သည် ၁၉၈၃ ခုနစ်တွင် ဘန်ကောက်မြို့ ၀ပ်သွန်နပခွန်ကျောင်းတွင် ပဉ္စင်းခံခဲ့ပြီး ချရာပွန်သို့ မပြောင်းမှီ ၀ပ်စနန်နိုင်တွင် ဘုန်းတော်ကြီး လပ‌ရော်တန်ဂျစ်တာစုပို ထံ၌ တရားအားထုတ်မှုကို လေ့လာသင်ယူခဲ့ပါတယ်။ တရားအားထုတ်မှုကို လွန်ပရောခန်ခမ်းစူ၀မ်နို နှင့်အတူ ၃နှစ်တာ သင်ယူခဲ့ပြီးနောက်တွင် ထိုဘုန်းကြီးနှင့်အတူ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များတွင် ပါ၀င်ကူညီခဲ့ပါတယ်။

လက်ရှိမှာတော့ ပရာပိုက်စာ သည် ၀ပ်ပါစုကတို ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဖြစ်ပြီးတော့ ၀ပ်ဟာ၀မ်(ဖုလွန်)တွင် အများအားဖြင့် သီတင်းသုံးလေ့ရှိပြီး သစ်တောများထိန်းသိမ်းစောင့်‌ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

အမေးအဖြေ

မေး။ မှန်ကန်တဲ့အမြင်မျိုး/အတွေးမျိုး ကို ဘယ်လိုရွေးချယ်လို့ ရနိုင်ပါသလဲ။

ဖြေ။ ကောင်းမွန်တဲ့အရာတွေအပေါ် လက်ခံယုံကြည်ပါ။ ကိုယ်ကိုယ်တိုင်ရဲ့ ကောင်းမွန်တဲ့အရာ၊ တခြားသူတွေရဲ့ ကောင်းမွန်တဲ့အရာတွေ အပေါ်မှာ တန်ဖိုးထားပါ။ ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်မှုရအောင်လုပ်ပါ၊ တခြားသူတွေကိုလည်း ဒီပျော်ရွှင်မှုကို ဝေမျှပေးပါ။ ပျော်ရွှင်မှုက ကောင်းတဲ့အရာတွေကို ဖန်တီးပေးနိုင်ပါတယ်။ ကောင်းတဲ့အရာတွေဆိုတာက ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့ အပြုအမူ၊ အပြောအဆို၊ စိတ်နှလုံး ဒီကံ၃ပါးကို ထိန်းသိမ်းစောင့်‌တည်ခြင်းပဲ ဖြစ်တယ်။

‌ပျော်ရွှင်ဖို့ဆိုတာ ဘဝရဲ့အနှစ်သာရပဲ။ ပျော်ရွှင်မှုဆိုတာ ဘာလဲမသိရင် သင်ဘယ်လိုပျော်နိုင်မှာလဲ။ သင်ပိုပြီးတော့တောင် စိတ်ဆင်းရဲမှုတွေ ဖြစ်လာနိုင်တယ်။ စိတ်ဆင်းရဲမှုဆိုတာ သင့်ရဲ့စိတ်ထဲမှာ မကောင်းတဲ့အရာတွေ ‌ရောက်နေတာပဲဖြစ်တယ်။ စိတ်ဆင်းရဲရတဲ့အကြောင်း အရင်းအမြစ်က တခြားသူ၊ အပြင်ဘက်ဆီက လာတာမဟုတ်ဘဲ သင့်ရဲ့စိတ်ထဲမှာပဲ ရှိနေတာဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်၂၀က တရုတ်စစ်တပ်ဟာ တိဘတ်နိုင်ငံထဲကို စစ်အင်အားနဲ့ အလုံးအရင်းဝင်ရောက်ပြီး တိဘတ်ဘုန်းတော်ကြီးတွေကို ဖမ်းဆီးခဲ့တယ်။ အစိုးရက ဘုန်းကြီးတွေကို ကွန်မြူနစ်ဝါဒီအကြောင်း သင်ကြားပို့ချစေလိုတဲ့အခါမှာ ဘုန်းတော်ကြီးတွေက ငြင်းဆိုခဲ့ကြတယ်။ အဲ့ထဲမှာ ဘုန်းတော်ကြီးတစ်ပါးဟာ အနှစ်၂၀ခန့် ဖမ်းဆီးထောင်ချခံရပြီး ပြန်လွတ်လာတဲ့အချိန်မှာလည်း အိန္ဒိယနိုင်ငံ ဓမ္မစာလာ ပြည်နယ်မှာ ရွေ့ပြောင်းနေထိုင်ခဲ့ရတယ်။ အဲ့ချိန်မှာ သူ့ကိုမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်။ အနှစ်၂၀ ထောင်ထဲမှာနေတဲ့ အချိန်အတောအတွင်းမှာ ဘယ်အရာကို အကြောက်ဆုံးလဲတဲ့။ သူပြန်ဖြေတာက “ငါထောင်တွင်းငြင်းပန်းနှိပ်စက်ခံနေရတဲ့အချိန်မှာ ငါရဲ့စိတ်က ဒီငြင်းပန်းနှိပ်စက်နေတဲ့သူတွေနဲ့ ဒီငြင်းပန်းနှိပ်စက်ခံနေရတဲ့အပေါ်မှာ နာကျည်းမုန်းတီးစိတ်ဝင်မိမှာကို အကြောက်ဆုံးပဲ” လို့ ဖြေပါတယ်။

“ဒီငြင်းပန်းနှိပ်စက်ခံရမှုမှာ ခန္ဓာကိုယ်ကိုပဲ နာကျင်အောင်လုပ်လို့ရမယ်၊ စိတ်ကို နာကျင်အောင်လုပ်လို့မရဘူး။ ဘယ်သူကမှ ကိုယ့်စိတ်ကို နာကျင်အောင်မလုပ်နိုင်ပါဘူး။ စိတ်ထဲနာကျင်ခံစားနေရတယ်ဆိုတာ ဒေါသဝင်လာလို့ပဲဖြစ်တယ်။ ဒေါသဆိုတာ မကောင်းတဲ့တရားပါ။ သင်က တစ်ယောက်ယောက်ကို မကောင်းတဲ့အရာတွေပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး အဲ့မကောင်းတဲ့စိတ်မွေးရတာ သင်ကိုယ်တိုင်ပါပဲ။ တကယ်လို့ သင်က သင့်ကိုယ်သင်ချစ်တဲ့သူဆို ဒီဒေါသစိတ်မျိုးမဖြစ်အောင်နေပြီး တခြားသူတွေကိုလည်း ‌ဒေါသမထွက်မိအောင်နေပါတယ်။ ဒီလိုနည်းနဲ့ ကောင်းမွန်မှန်ကန်တဲ့ အတွေးမျိုး၊ အပြုအမူမျိုးရအောင် နေထိုင်ပါတယ်” လို့ ဖြေပါတယ်။

သတိရှိခြင်းနဲ့ ကိုယ်ချင်းစာတရားထားခြင်းဟာ ဒေါသစိတ်နဲ့အမုန်းတရားမဖြစ်အောင် စိတ်ကိုစောင့်ထိန်းပေးပါတယ်။

သင့်ဘေးနားမှာ ခွေးတစ်ကောင်က လာဟောင်နေတာကို သင်က ဒေါသထွက်လိုက်ရင် သင့်ရဲ့စိတ်ထဲမှာ အရင်ဆုံး အဲ့စိတ်အနှောက်အယှက် ဖြစ်သွားရတယ်။ ဒါက စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာလား၊ သူ့ဘာသာဖြစ်နေတဲ့အရာလားဆိုတာ သင်ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။ ပျော်ရွှင်မှုဆိုတာကလည်း အဲ့လိုပါပဲ။ လူတွေက ပျော်ရွှင်တယ်ဆိုတာကို အစားကောင်းအသောက်ကောင်းတွေစားရတဲ့အခါ၊ ရုပ်ရှင်ကောင်းကြည့်ရတဲ့အခါ၊ စျေးဝယ်ထွက်တာ၊ ဂိမ်းကစားတာ စတာတွေကို ပျော်ရွှင်မှုလို့ ထင်ကြပါတယ်။ တကယ်တမ်းတော့ ပျော်ရွှင်မှုကို ပြင်ပအရာတွေကနေ မရှာဖွေဘဲ ကိုယ့်ရဲ့စိတ်အတွင်းထဲမှာပဲ ရှာဖွေသင့်ပါတယ်။

ပျော်ရွှင်မှုဆိုတာ လိပ်ပြာလေးတစ်ကောင်ဆိုရင် သင်သူ့နောက်ကို လိုက်ဖမ်းလေ သူကအဝေးကိုထွက်ပြေးလေ ဖြစ်သလိုပါပဲ။ ဒီပျော်ရွှင်မှုလိပ်ပြာလေးကို လိုက်ဖမ်းနေဖို့ မလိုပါဘူး။ သင်ပန်းခင်းကြီးတစ်ခုဖန်တီးလိုက်ရင် အဲ့လိပ်ပြာလေးတွေ ‌ရောက်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ အတွေးနဲ့ အပြုအမူတွေကိုသာ ကျင့်ကြံအားထုတ်ကြည့်ပါ။ ပျော်ရွှင်မှုဟာ သင့်ဆီရောက်လာပါလိမ့်မယ်။

ဒီလိုအဖြစ်အပျက်လိုပဲ ဆောက်လုပ်ရေးဧရိယာ အနီးမှာနေတဲ့ မိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံတစ်ခုကို ပြောပြဖူးပါတယ်။ သူကနေ့တိုင်းနီးပါး ‌ဆောက်လုပ်ရေးလုပ်ငန်းထဲက မော်တာစက်နဲ့ မြေကြီးတူးသံတွေ၊ တူသံလွှသံတွေရဲ့ ဆူညံတဲ့အသံတွေ ကြားနေရတော့ သူတော်တော်လေး စိတ်အနှောက်အယှက်ဖြစ်လာပါတယ်။ ဆိုတော့ သူအဲ့အသံတွေကိုစပြီး အာရုံစူးစိုက်ရင်း စိတ်တည်ငြိမ်မှုရအောင် လုပ်ကြည့်တဲ့အခါမှာ အဲ့အသံတွေကို ‌ရော့ခ်ဂီတအပြင်းစား သီချင်းတစ်ပုဒ်လို ခံစားလာရပြီး သူ့ရဲ့စိတ်ထဲ တဖြည်းဖြည်း တည်ငြိမ်စပြုလာပါတော့တယ်။ ဆိုတော့ စိတ်ရဲ့နာကျင်ခံစားရမှုဆိုတာ အပြင်ဘက်ကအရာတွေ‌ကြောင့် မဟုတ်ဘဲ သင့်ရဲ့စိတ်အတွင်းထဲကပဲ ဖြစ်နေတဲ့အရာတွေပါ။

ကျရှုံးမှုဆိုတာကလည်း ထိုနည်းတူပါပဲ။ သင့်ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ ဒီကျရှုံးမှုကို ကောင်းတဲ့အမြင်ကနေ ရှုမြင်လိုက်ရင် ပိုပြီးသန်မာအောင်ပြုလုပ်ပေးတဲ့ စိန်ခေါ်မှုတွေလို့ ယူဆလို့ရပါတယ်။

ဝေဖန်ခံရမှုမှာလည်း ဒီလိုပါပဲ။ ကောင်းတဲ့အတွေးအမြင်နဲ့ သုံးသပ်လိုက်ရင် ကျေးဇူးတင်ဖို့ကောင်းပါတယ်။ သင်ဝေဖန်ခံရတဲ့အချိန်မှာတော့ အဲ့ဒီနေ့ဟာ သင်ကံမကောင်းတဲ့နေ့လို့ တွေးကောင်းတွေးပါလိမ့်မယ်။ ဒီဝေဖန်သုံးသပ်မှုထဲက အကောင်းနဲ့အဆိုးကို သင်ခွဲခြားသိမြင်နိုင်အောင် ကြိုးစားကြည့်ပါ။ သင် အဖိုးတန်တဲ့အရာတစ်ခုကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။

အဖြစ်အပျက်တစ်ခုမှာ မိုးရွာပြီးနောက်တစ်နေ့မနက်ခင်းလိုပေါ့။ လူတစ်ယောက်ဟာ သူလမ်းလျှောက်တဲ့အခါမှာ ကောင်းကင်ကြီးပြာလဲ့နေတာကို သတိထားမိပြီး စိတ်နှလုံးအေးချမ်းသွားတယ်။ နောက်လူတစ်ယောက်က ရွံ့ထူနေတဲ့လမ်းကိုကြည့်ပြီး အတော်လေး စိတ်အနှောက်အယှက်ဖြစ်သွားတယ်။ နောက်တတိယလူကတော့ ၂ခုလုံးကို သတိထားမိပြီး ကောင်းကင်ရဲ့ကြည်လင်မှူဆီကနေ ခွန်အားယူပြီး ရွံထူနေတဲ့လမ်းကို မြေဖို့ဖို့အတွက် စီစဥ်တယ်။ ဒီလိုမျိုးပဲ ကိုယ့်လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း တတိယလူလို ကျင့်ကြံအားထုတ်နိုင်ဖို့ အရေးကြီးတယ်။

မေး။ ဆိုတော့ ကိုယ့်ကိုယ်ကိုပဲအာရုံစိုက်ပြီးနေတယ်ဆိုတာ တခြားသောသူတွေကိုဂရုမထားခြင်းမဟုတ်ဘူး လို့ ဆိုလိုပါသလား။

ဖြေ။ ကိုယ့်ကိုယ်ဂရုစိုက်တယ်ဆိုရင် တခြားသူတွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ တယောက်နဲ့တယောက်ချိတ်ဆက်နေလို့ပဲ ဖြစ်တယ်။ သင်သူများကို ကူညီလေလေ သင်ကိုယ့်သင် ပြုပြင်ပြောင်းလဲလာနိုင်လေလေပါပဲ။ သူများတွေကို ကူညီဖို့ ကြိုးစားကြည့်ပါ။ တခြားသူတွေရဲ့အသံကို ဂရုဏာစိတ်အပြည့်နဲ့ နားထောင်ကြည့်ပါ။ သင်ကိုယ်တိုင်လည်း ပြောင်းလဲလာပါလိမ့်မယ်။ သင့်ကိုယ်သင်ဂရုစိုက်ချင်ရင် တခြားသူတွေကို ဂရုစိုက်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ သင်နဲ့ကျုပ်တို့ဆိုတာ ခွဲခြားလို့မရတဲ့ တစ်ခုတည်းသောအရာတွေပဲ ဖြစ်ပါတယ်။

မေး။ သူငယ်ချင်းမိတ်ဆွေအစစ်ကို ဘယ်လိုရှာဖွေနိုင်ပါသလဲ။

ဖြေ။ တကူးတက လိုက်ရှာစရာမလိုပါဘူး။ သင်လျှောက်နေတဲ့ ဘဝလမ်းပေါ်မှာပဲ သင်သူငယ်ချင်းမိတ်‌ဆွေတွေ့ပါလိမ့်မယ်။ သင်လျှောက်နေတဲ့လမ်းဟာ ဦးတည်ရာကောင်းမွန်တယ်ဆိုရင် သင်နဲ့အတူလျှောက်မယ့် မိတ်ဆွေကောင်းရပါလိမ့်မယ်။ သင့်ဘဝကို ကောင်းမွန်စွာကျင့်ကြံနေထိုင်ဖို့အတွက်သာ အားထုတ်ပါ။ လျှောက်တဲ့လမ်းက ကျဥ်းနေသော်လည်း ဦးတည်ရာကောင်းတယ်ဆိုရင် သင်နဲ့အတူတူလျှောက်မယ့် ဘဝရဲ့မိတ်ဆွေ၊ ဘဝလက်တွဲဖော်ဆိုတာ ရှိလာပါလိမ့်မယ်။ ကောင်းမွန်တဲ့အတွေးအမြင်တွေ ဘဝရည်မှန်းချက်တွေကို မျှဝေနိုင်ပါလိမ့်မယ်။

ပြီးတော့ ဘဝမှာ ‌‌‌တခြားသူတွေနဲ့အတူ ဝေမျှနိုင်ဖို့၊ တခြားသူတွေကို ပေးကမ်းနိုင်ဖို့ သင်ယူကြည့်ပါ။ ဝေမျှနိုင်လေလေ ပြန်ရလေလေပါပဲ။ ဒါပေမယ့် တစ်စုံတစ်ခု ပြန်ရရမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ မထားပါနဲ့။ သင်ဝေမျှနိုင်သလောက် ဝေမျှကြည့်ပါ။ သင်ပြည့်ဝလာတယ်ဆိုတဲ့ ခံစားမှု ရလာပါလိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေဆက်နွှယ်မှုဆိုတာကလည်း ချစ်ခြင်းမေတ္တာမျှဝေမှု ကောင်းမွန်တဲ့အတွေးအမြင်တွေ မျှဝေမှုကနေ စတင်တာပဲဖြစ်တယ်။ တကယ်လို့ သင့်မှာ တစ်ခုခုလိုအပ်နေတယ်၊ ချို့ယွင်းနေတယ်လို့ ခံစားနေရရင် သင်သူများကို မျှဝေနိုင်မှာ မဟုတ်ပါဘူး။ သင်ကိုယ်သင် ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။ သင်ပျော်ရွှင်လေလေ သင်မျှဝေနိုင်လေလေပါပဲ။

မေး။ တောရဘုန်းကြီး ဆိုတာ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ကျုပ်ကတော့ ကျုပ်ဆရာရဲ့ အဆုံးအမနဲ့ ကျင့်ကြံအားထုတ်မှုဆီကနေ တောရဘုန်းကြီးတွေအကြောင်း သင်ယူခဲ့တယ်။ ကျုပ်ဆရာနဲ့အတူတူ တရားအားထုတ်မှုကို လေ့ကျင့်ခဲ့တယ်။ တောရဘုန်းကြီးကျောင်းတွေဟာ တရားအားထုတ်ဖို့အတွက် အကောင်းဆုံးနေရာတွေပါပဲ။ တောတောင်တွေဆီကနေ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်တယ်။ သဘာဝတရားဆီကနေ သက်ရှိတွေအတူတူ လိုက်လျောညီထွေစွာ နေထိုင်မှုကနေ လူအဖွဲ့အစည်းအတွက်လည်း ဘယ်လိုမျိုး ပြန်ပြီးဆောင်ရွက်လို့ရမလဲ သင်ယူနိုင်ပါတယ်။

မေး။ နိုင်ငံရေးလှုပ်ရှားသူအဖြစ်ကနေ ဘုန်းတော်ကြီးဘဝကို ပြောင်းလဲဖို့ ဘာတွေက တွန်းအားဖြစ်စေခဲ့တာပါလဲ။

ဖြေ။ တွန်းအားဖြစ်စေခဲ့တာမျိုးမဟုတ်ဘဲ ကျုပ်ကိုယ်တိုင်က ရွေးချယ်ခဲ့တာပါ။ နိုင်ငံရေးသမားဘဝနဲ့ စိတ်ဖိဆီးမှုတွေများခဲ့တယ်၊ နိုင်ငံ‌ရေးလှုပ်ရှားမှုတွေအတွက် အချိန်ပြည့်စဥ်းစားခဲ့ရတယ်၊ ၆နှစ်လောက် လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အလုပ်လုပ်ခဲ့တယ်။ ဆိုတော့ ကိုယ်ကျန်းမားရေးနဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုး ဂရုစိုက်ရမလဲ မသိခဲ့တဲ့အချိန်တွေပေါ့။ ညအိပ်ပျော်ဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရတယ်။ ကိုယ့်ကိုချစ်ဖို့နဲ့ ကိုယ့်ကိုဂရုစိုက်ဖို့ဆိုတာ နားမလည်ခဲ့ဘူး။

ဆိုတော့ စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ စိတ်ကိုပြန်ပြီးအားဖြည့်ဖို့ လိုအပ်လာတယ်လို့ ယူဆပြီး ၃လလောက် တရားကျင့်ကြံအားထုတ်ဖို့ စတင်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ရဲ့အေးချမ်းမှုကို သဘောပေါက်နားလည်လာပြီး တရားကျင့်ကြံအားထုတ်မှုကို ပိုပြီးလေ့ကျင့်ချင်လာတယ်။ ဒီလိုနဲ့ အခုဆို တောရဘုန်းကြီးဘဝနဲ့ နှစ်၃၀ရှိပြီပေါ့။

စိတ်ပျော်ရွှင်အေးချမ်းမှုရဖို့ဆိုတာ အင်မတန်အရေးကြီးတယ်။ “ဒီနေ့ ငါပျော်ရွှင်ရဲ့လား” လို့ တွေးကြည့်ဖူးလား။ မနက်ဖြန်အတွက် မစဥ်းစားဘဲ ဒီနေ့ပျော်ရွှင်ရဲ့လား ဆိုတဲ့ အတွေးမျိုးဟာ တကယ်တော့ အရေးကြီးတယ်။ “ဦးတည်ရာဆိုတာ သင့်ခြေလှမ်းရဲ့ အဆုံးမှာပါ” ဆိုတဲ့ စာစုရှိတယ်။ ခြေတစ်လှမ်းချင်း တစ်လှမ်းချင်းကနေ သင်ဦးတည်တဲ့ဆီကို ရောက်နိုင်တယ်။ သင်ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းပြီး သင့်ဦးတည်ချက်ဆီ ‌ရောက်အောင်သွားနိုင်တယ်။ ဒါပေမယ့် ဦးတည်ချက်ပန်းတိုင်ကိုသာ စိတ်ထဲရှိပြီး သင်စိတ်မှာ သတိမကပ်နေရင် သင်အရမ်းအလောတကြီး ဖြစ်ပြီး စိတ်ရဲ့ငြိမ်းချမ်းမှု မရနိုင်ပါဘူး။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သတိရှိရှိလှမ်းဖို့ လိုအပ်ပါတယ်။

မေး။ ကိုယ်ကိုယ်တိုင်နဲ့နီးစပ်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်နိုင်ပါသလဲ။

ဖြေ။ ကျုပ်တို့ ခဏလေးငြိမ်ပြီး ကိုယ့်ကိုအာရုံစူးစိုက်တဲ့အချိန်မှာ ကျုပ်တို့ စိတ်ထဲ ခေါင်းထဲ အတွေးထဲက ဆူညံမှုတွေကို ကြားရပါလိမ့်မယ်။ လွန်ခဲ့တဲ့၁၀နှစ်က တက္ကသိုလ်တစ်ခုမှာ စမ်းသပ်ချက်တစ်ခုလုပ်ပါတယ်။ ကျောင်းသားတိုင်းကို ၁၅မိနစ်ခန့်လောက် တိတ်ဆိက်ငြိမ်သက်စေပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်ခိုင်းပါတယ်။ အဲ့ချိန်မှာ ကျောင်းသားတစ်ယောက်စီတိုင်းကို လျှပ်စစ်ရှော့တစ်ခုစီ ပေးထားပါတယ်။ ကိုယ့်အတွေးတွေကို မခံစားနိုင်တော့ရင် လျှပ်စစ်ရှော့နဲ့ ကိုယ့်ကိုခဏတဖြုတ် မေ့လျော့သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် နာကျင်မှုတော့ရမှာပေါ့။ အဲ့ချိန်မှာ ကျောင်းသားတွေထဲမှာ ကိုယ့်ကိုရှေ့ာရိုက်ခဲ့တဲ့သူတွေရှိပါတယ်။ ခံစားမှုတွေများပြီး ကိုယ့်ကိုဘယ်လိုချစ်ရမလဲ မသိတော့တဲ့အချိန်မှာ ဒီလိုမျိုး ကိုယ့်ကိုယ်နာကျင်စေလိုတဲ့ အတွေးမျိုးတွေ ဖြစ်လာတာပါ။ ဒါကြောင့် တရားမှတ်ခြင်းဆိုတာ ကိုယ့်ရဲ့စိတ်ကို ကိုယ်သတိဝင်စေဖို့ ကူညီပေးပါတယ်။ သင်တစ်ယောက်တည်းနေတဲ့အချိန်မှာ ပျင်းရိခြင်းဆိုတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ကြည့်ပါ။ ဒေါသထွက်တာ မုန်းတီးတာ စတဲ့ ခံစားမှုတွေကို သတိရှိပြီး ဘယ်လိုမျိုး ကိုင်တွယ်နိုင်မလဲဆိုတာကို လေ့လာသင်ယူကြည့်ပါ။ ဒီလို စိတ်ခံစားမှုတွေကို သတိရှိလာရင် ဆိုးဝါးတဲ့လုပ်ရပ်တွေ မဖြစ်လာတော့ပါဘူး။

မေး။ Engaged Buddhism ဆိုတာမှာ ရဟန်းသံဃာတွေ လူမှုအဖွဲ့အစည်းနဲ့ ဘယ်လိုချိတ်ဆက်သင့်ပါသလဲ။

ဖြေ။ လူမှုအကျိုးပြုဗုဒ္ဓဘာသာမှာ လူတွေရဲ့ နေ့စဥ်ဖူလုံမှု လူ့အဖွဲ့အစည်းရဲ့ အကျိုးဖြစ်ထွန်းမှုအတွက် ဆောင်ရွက်ရပါတယ်။ ဘုန်းကြီးကျောင်းပရဝန်ထဲမှာချည်း မနေဘဲ အပြင်ထွက်ပြီး လူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ရပါတယ်။ လူတွေကို စားနပ်ရိက္ခာဖူလုံနိုင်ဖို့၊ စားဝတ်နေရေးချောင်လည်ဖို့၊ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ ကူညီရပါတယ်။ ပြီးတော့ လူတွေရဲ့ စိတ်အရည်အသွေး မြင့်တက်လာအောင်လည်း ကူညီရပါတယ်။

လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ အခြေခံယူဆချက်က လူ့အဖွဲ့အစည်းကို လျစ်လျူမရူခြင်း ဖြစ်တယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းကို လောဘဆိုတဲ့အရာနဲ့ ပုံသွင်းဖော်ဆောင်ထားပါတယ်။ ထိုလောဘ ကနေ ဒေါသဆီကို ကူးပြောင်းလာတယ်။ တကယ်တော့ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ လောဘ ဒေါသတွေဟာ ပုဂ္ဂိုလ်‌ရေးနဲ့ဆိုင်တယ်ဆိုတာထက် စနစ်ဆိုတဲ့ ဖွဲ့စည်းမှုယန္တရားနဲ့ စနစ်တကျ ပုံဖော်ခြင်းခံထားရတာပါ။ စီးပွားရေးစနစ်မှာဆိုရင် လူအချင်းချင်း ဖိနှိပ်တာတွေ လောဘနဲ့ ပြိုင်ဆိုင်မှုတွေ တိုးလာပါတယ်။ စားသုံးမှုဝါဒမှာဆိုရင် လူတွေကို ကိုယ့်ကိုယ်ကို မပြည့်ဝဘူးလို့ ခံစားလာရအောင်နဲ့ တဖက်မှာလည်း ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်လာအောင် စနစ်တကျ ပုံဖော်ထားပါတယ်။ လူမှုအကျိုးပြုဗုဒ္ဓဘာသာမှာ ဒီစနစ်ရဲ့ပုံဖော်မှုတွေကို နားလည်အောင်ပြုလုပ်ပြီး လူ့အဖွဲ့အစည်းရဲ့ စိတ်အခြေအနေကို နားလည်အောင် အားထုတ်ရပါတယ်။

စားသုံးမှုဝါဒဟာ နေ့စဥ်အတွေးအခေါ်တစ်ရပ်လို ဖြစ်လာတယ်။ တစ်နည်းအားဖြင့် ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာ‌ရေးတစ်ခုလိုတောင် ဖြစ်လာတယ်။ ယနေ့ခေတ်မှာ ပျော်ရွှင်ရဖို့ EDTPS ဆိုတဲ့ အရာ၅ခုကို ကျင့်ကြံရင် ပျော်ရွှင်မှုရတယ်လို့ ပြောကြတယ်။ Eat, Drink, Travel (Go Out), Play, Shopping ဆိုတဲ့ အရာတွေ။ ဒါတွေက တစ်နည်းအားဖြင့် စားသုံးသူဝါဒနဲ့ ဆက်စပ်နေတာကို တွေ့ရတယ်။

ယနေ့ခေတ် သံဃာအဖွဲ့အစည်းသည်လည်း စားသုံးမှုဝါဒရဲ့ လွှမ်းမိုးချယ်လှန်တာကို ခံနေရတယ်။ ဘုန်းကြီးတွေ ပိုက်ဆံမက်လာတယ်။ အလှုအတန်းပြုစေမှု ဒါနဆိုတဲ့အရာအပေါ်မှာ ဝါဒဖြန့်လာတယ်။ ထိုင်းသံဃာအဖွဲ့အစည်းဆိုရင်လည်း စားသုံးမှုဝါဒကို အတော်လေး အားပေးရာ‌ရောက်တဲ့ လုပ်ရပ်တွေ ပြုမူလာကြတယ်။ ဆိုတော့ လူမှုအကျိုးပြုဗုဒ္ဓဘာသာဆိုတာက ဒီလို လူ့အဖွဲ့အစည်းကို လောဘ ဒေါသနဲ့ ပုံဖော်ထားတဲ့စနစ်တွေကနေ ပြောင်းလဲလာအောင် လွတ်မြောက်လာအောင် ကူညီမှုတွေ လုပ်ရတာပဲဖြစ်တယ်။

မေး။ ထိုင်းနိုင်ငံရဲ့ နိုင်ငံ‌ရေးစနစ်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုမျိုးရှိပါသလဲ။

ဖြေ။ လက်ရှိသံဃာ့အသိုင်းအဝိုင်းသည်လည်း ရာထူးအဆင့်အတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗြူရိုဂရက်တစ်ရပ်ပါပဲ။ ဟိုးအရင်ကာလတွေတုန်းကတော့ သံဃာ့အသိုင်းအဝိုင်းဟာ ထိုင်းအစိုးရ/နိုင်ငံတော်နဲ့ ပတ်သတ်ဆက်နွှယ်မှု မရှိခဲ့ပါဘူး။ တနည်းအားဖြင့် အမျိုးသားရေးဝါဒ ဆိုတာမျိုးအောက်မှာ မရှိခဲ့ဘူး။ အခုကျ ဗုဒ္ဓဘာသာဆိုတာကို အမျိုးသားရေးဝါဒတစ်ခုလို ပုံဖော်ထားကြတယ်။ ကိုယ့်အမျိုးသားလူထုနဲ့သာ ဆက်ဆိုင်တယ်၊ တခြားဘာသာဝင် လူမျိုးစု ဥပမာ-ရိုဟင်ဂျာ လူမျိုးများနှင့် ဆက်ဆိုင်မှုမရှိသော ဆက်နွှယ်လို့မရသော ဝါဒတစ်ခုအဖြစ်ကို ပုံဖော်လိုက်ကြတယ်။ ဟိုးအရင်ကာလတွေတုန်းက ဘုန်းကြီးကျောင်းတွေကို ရွာတွေမှာတည်စေပြီး ဘုန်းကြီးကျောင်းကိစ္စအဝဝကို ရွာသားတွေက စီမံဆောင်ရွက်တယ်။ ဘုန်းကြီးဆိုတာက ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဧည့်သည်ပဲ။ ဘုန်းကြီးတွေရဲ့ ဝါတော်အလိုက် ရာထူးသတ်မှတ်ချက်ကို ရွာသူရွာသားတွေက ဆုံးဖြတ်သတ်မှတ်ကြတယ်။ ဘုန်းကြီးဆိုတာက လူ့အဖွဲ့အစည်းထဲက တစ်စိတ်တစ်ပိုင်းပဲ။

ဒါပေမယ့် လက်ရှိအ‌ခြေအနေမှာတော့ ဘုန်းကြီးတွေက နိုင်ငံတော်အစိုးရနဲ့ တစည်းတပေါင်း ဖြစ်လာတယ်။ ဘုန်းကြီးကျောင်းတွေကို အစိုးရရဲ့ အုပ်ချုပ်မှုစနစ်ထဲကို ထည့်လိုက်တယ်။ ဥပဒေတစ်ရပ်ပါ ပြဌာန်းလိုက်တယ်။ ဘုန်းကြီးတွေရဲ့ ရာထူးရာခံကို အစိုးရက သတ်မှတ်ချက်လုပ်တယ်။ ဒီလိုမျိုး အစိုးရက သံဃာ့အဖွဲ့အစည်းကို ထိန်းချုပ်လိုက်ပြီး ဗုဒ္ဓဘာသာကို အမျိုးသားရေးဝါဒတစ်ခုလို ပုံဖော်ထားတယ်။

အမျိုးသား‌ရေးဝါဒဆိုတာမှာ နိုင်ငံတစ်ခုရဲ့ ကိုယ်စားပြု အမျိုးသားဝတ်စုံ၊ အစားအစာ၊ အမျိုးဘာသာစကား၊ အမျိုးဘာသာ သာသနာ၊ အမျိုးသားသံဃာတော် (တော်ဝင်ဘုန်းကြီး) စတာတွေလိုမျိုးပေါ့။ ဒီလိုသတ်မှတ်ခြင်းမခံရတဲ့ အခြားအရာတွေက ဒီနိုင်ငံနဲ့ သတ်ဆိုင်မှုမရှိသလိုမျိုး တစ်ဆင့်နိမ့်ကျသလိုမျိုး ပုံဖော်ခြင်းခံရတာပေါ့။ ဒါကို ဖန်တီးတဲ့သူတွေက နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရပဲဖြစ်တယ်။

မေး။ ကျွန်တော်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ထိုင်းမြောက်ပိုင်းစကားကို နေ့စဥ်သုံးစကားလို ပြောခွင့်မပြုပါဘူး။ ထိုင်းအလယ်ပိုင်းစကားကိုသာ ပြောလိုပါတယ်။ ဒါကလည်း ခုနတုန်းက ရှင်းပြခဲ့တဲ့ အမျိုးသားရေးဝါဒဆိုတာမျိုးရဲ့ လွှမ်းမိုးခံရမှုတစ်ခု ဖြစ်ပါသလား။

ဖြေ။ အမျိုးသားရေးဝါဒဆိုတာ လူ့အဖွဲ့အစည်းအတွင်း ဒီလိုမျိုး ခွဲခြားမှုတွေကို ဖြစ်စေတယ်။ ထိုင်းအစိုးရက ထိုင်းအလယ်ပိုင်း ဘာသာစကားကို အမျိုးသားဘာသာစကားအဖြစ် သတ်မှတ်လိုက်တဲ့အခါမှာ ထိုင်းရဲ့ တခြားဒေသတွေ ဥပမာ ဒကာကြီးလို ထိုင်းမြောက်ပိုင်းက လူတွေပေါ့၊ သူတို့ရဲ့ ဒေသိယစကား ပြောဆိုခြင်းအပေါ် ယုံကြည်ချက်မဲ့လာတယ်။ ထိုင်းမြောက်ပိုင်းစကားပြောရင်ပဲ ထိုင်းနိုင်ငံသားမဟုတ်တော့ဘူးဆိုတဲ့ အတွေးမျိုးတွေဝင်လာတယ်။ ထိုင်းနိုင်ငံရဲ့ အလယ်ပိုင်းမဟုတ်ဘဲ တခြား‌ဒေသအသီးသီးမှာ နေထိုင်ပြီး ဒေသိယစကားပြောရင်ဘဲ ထိုင်းနိုင်ငံသားစစ်စစ်မဟုတ်တော့ဘူးဆိုတဲ့ သံသယ အတွေးမျိုးတွေ ဝင်လာစေတယ်။ အမျိုးသားရေးဝါဒဆိုတာ ဒီလိုမျိုး ခွဲခြားမှုတွေကို ဖြစ်စေတယ်။

မေး။ ထိုင်းတော်ဝင်မိသားစုနဲ့ အစိုးရရဲ့ ထိုင်းသံဃာ့အဖွဲ့အစည်းကို ထိန်းချုပ်ထားမှုအပေါ်မှာ သံဃာတွေအနေနဲ့ လှုပ်ရှားဆောင်မှုတွေရှိပါသလား။

‌‌ဖြေ။ ထိုကိစ္စမှာ ပင်မရေစီးကြောင်းကနေတော့ လှုပ်ရှားဆောင်ရွက်တာတွေမရှိပေမယ့် တခြားတဖက်ကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီလိုမျိုး အစိုးရအပေါ် မှီတည်လာတဲ့အခါမှာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ပျောက်ဆုံးလာရတယ်။ တကယ်တော့ သံဃာတွေဆိုတာ ရပ်ရွာလူ့အဖွဲ့အစည်းကိုပဲ မှီတည်ပြီး ရှိသင့်တယ်။ သံဃာ့ဝါစဥ်နဲ့ ရာထူးရာခံအတွက် ရပ်ရွာအဖွဲ့အစည်းကပဲ ဆောင်ရွက်သင့်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀က ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရတယ်။ ပျောက်ကွယ်သွားရခြင်းက ဗုဒ္ဓဘာသာ အဓိကအားဖြင့် သံဃာတွေက ဘုရင်ကို မှီတည်အားကိုးပြီး ရပ်ရွာလူ့အဖွဲ့အစည်းကို မမှီတည်လို့ ဖြစ်တယ်။ ဆိုတော့ ဘုရင်မင်းဆက်ပျက်သွားတဲ့အချိန်မှာ သူ့အပေါ်မူတည်နေတဲ့ ဗုဒ္ဓဘာသာကလည်း တခါထဲ ပျောက်ကွယ်သွားခဲ့ရတယ်။

မေး။ ရှင်းပြချက်တွေမှာ Government လို့ မသုံးဘဲ State လို့ သုံးတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ Government ဆိုတာက လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ စတာတွေပေါ်မှာ မူတည်နေတာ ဖြစ်တယ်။ State ဆိုတာက စနစ်တကျတည်ဆောက်ထားတဲ့ စနစ်ယန္တရားတစ်ခုဖြစ်တယ်။ ဆိုတော့ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီဆိုတာ ပြောင်းလဲလို့ရတယ်။ စနစ်ယန္တရားကနေ ပုံသွင်းထားတဲ့ အတွေးအခေါ်ဝါဒ/ ဝါဒသဘောတရားကတော့ ပြောင်းလဲဖို့ ခက်ခဲတယ်။ ထိုင်းအမျိုးသားရေးဝါဒ၊ ဘုရင်စနစ်၊ အမျိုးဘာသာ သာသနာ စတာတွေလိုပေါ့။

မေး။ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ ဘယ်လိုမျိုး ကောင်းတဲ့အလေ့အကျင့်တွေကို သယ်ဆောင်ကျင့်ကြံဖို့ လိုအပ်ပါသလဲ။

ဖြေ။ ပထမတစ်ချက်က ၅ပါးသီလမြဲဖို့ ကျင့်ကြံသင့်တယ်။ သူတစ်ပါးအသက်ကိုမသတ်ဘူး၊ သူတစ်ပါးပစ္စည်းမခိုးဘူး၊ သူများသားမယားကိုမပြစ်မှားဘူး၊ လိမ်ညာပြောဆိုမှုမလုပ်ဘူး၊ မူးယစ်အရက်သေစာ မသောက်စားဘူး။

ဒုတိယတစ်ချက်က သတိရှိဖို့ လိုအပ်တယ်။ ကိုယ်လုပ်တဲ့အရာတွေပေါ်မှာ သတိကပ်ထားဖို့လိုမယ်။ သူတပါးကို နာကျင်‌အောင်ပြုလုပ်ခြင်းကို ရှောင်ကျဥ်သင့်တယ်။

ပြီးတော့ သူတစ်ပါးကို ကူညီနိုင်ဖို့ စွန့်ကြဲပေးကမ်းနိုင်ဖို့ အားထုတ်ရမယ်။ ကိုယ့်လူ့အဖွဲ့အစည်းအတွက် စေတနာဝန်ထမ်းလုပ်တာမျိုး၊ တခြားသူတွေနဲ့ ရင်းနှီးချိတ်ဆက်မှုကို တန်ဖိုးထားပြီး ရေရည်တည်တံ့အောင် အားထုတ်တာမျိုး လုပ်သင့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုနဲ့ ချိတ်ဆက်နိုင်အောင်လည်း ပြုလုပ်ဖို့ လိုတယ်။

ထိုနေရာမှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ကျင့်ကြံအားထုတ်မှု ၃ခုအကြောင်း ပြောချင်တယ်။ သီလဆိုတာ ‌စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား။ သမာဓိဆိုတာ စိတ်ကိုစောင့်တည်ခြင်း၊ တခြားပြင်ပအရာတွေကနေ ရှာဖွေရတာမဟုတ်ဘဲ မိမိအတွင်းသန္တာန်ကနေ ရှာဖွေခြင်းဖြစ်တယ်။ ပညာက ကိုယ်ကျင်လည်နေရတဲ့ လောကအကြောင်းနဲ့ ကိုယ့်အကြောင်းကို ဝေဖန်စမ်းစစ်နိုင်ခြင်း ဖြစ်တယ်။

ဆိုတော့ ခန္ဓာကိုယ်ရဲ့ နာကျင်ခံစားရမှု၊ စိတ်ရဲ့ နာကျင်ခံစားရမှုတွေကို သတိရှိရမယ်။ ခန္ဓာကိုယ်ရဲ့ နာကျင်ခံစားရမှုဆိုတာ‌ ရှောင်လွှဲလို့မရနိုင်ဘူး၊ စိတ်ရဲ့ နာကျင်ခံစားရမှုမှာက ရုပ်နဲ့နာမ် သီးခြားဖြစ်တည်ခြင်းဆိုတာကို သတိကပ်ရမယ်။

စိတ်မှာ သတိကပ်ပြီး ကိုယ်လုပ်မယ့်အပြုအမူတွေပေါ်မှာ သတိကပ်ဖို့ လိုတယ်။

ပျော်ရွှင်နိုင်ဖို့အတွက်လည်း သင်ယူရမယ်။ ပေါင်းသင်းဆက်ဆံရေးဆီကလည်း ပျော်ရွှင်မှုဆိုတာကို သင်ယူဖို့ လိုတယ်။ မိတ်ဆွေကောင်းတွေရှိခြင်းအားဖြင့် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရနိုင်တယ်။ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေက ကျန်းမာတဲ့ဘဝကို ဖော်ဆောင်ပေးတယ်။ ကိုယ့်ကိုချစ်ဖို့ သင်ယူပါ။ တရားအားထုတ်မှုကို လေ့ကျင့်ကြည့်ပါ။ စိတ်ကျန်းမာရေးမကောင်းရင် အသက်ကြီးလာတဲ့အခါမှာ စိုးရိမ်ပူပန်တာတွေ ခံစားရတက်တယ်။ စိတ်ကျန်းမာရေးကောင်းဖို့ ကြိုးစားကြပါ။

Appreciation Note: I sincerely appreciate Ted (Director of the SENS Program), P'Phrai, Au, and all the participants for having me as a guest participant in SENS 2025, for giving me the opportunity to join the trip to the forest temple, and for letting me write this article, including all the great questions.

ရေးသူ - ရွှေသင်း

Saturday, March 15, 2025

"C" for Climate Change: Capitalism

အရင်းရှင်စီးပွါးရေးစနစ်

ယခုလို ဆိုးဝါးလာတဲ့အခြေအနေတွေနဲ့ တိုးပြီးရင်ဆိုင်လာရတာတောင် ကမ္ဘာ့ရာသီဥတုအရေး ဖြေရှင်းဖို့အတွက် ဘာကြောင့် လုပ်ဆောင်မှုအနည်းငယ်သာ ဆောင်ရွက်နိုင်တာပါလဲ။ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။

တချို့သူတွေရဲ့ ယူဆချက်က “ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက် မက်လုံးလိုတယ်” လို့ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကို ရောင်းချပြီး ပိုက်ဆံအမြောက်အများရနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရှိပါတယ်။ ၂၀၂၂ ခုနစ်မှာ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီကြီး ၅ခုရဲ့ လုပ်ငန်းအမြတ်အစွန်းဟာ ၂၀၀ ဘီလီယံဒေါ်လာနီးပါးရှိတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပြီး တခြားသောပစ္စည်းများ၊ နေကာမျက်မှန်ကစလို့ ဆောက်လုပ်ရေးမှာသုံးတဲ့ စတီးရက်မတွေအထိ ထုတ်လုပ်ရောင်းချခြင်းဖြင့် အမြတ်အများအပြား ထပ်မံရနိုင်သေးတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းဆိုသလို ထိုစီးပွါးရေးလုပ်ငန်းကြီးတွေကပဲ ကမ္ဘာ့ရာသီဥတုအရေးဆိုသည်မှာ တခြားသော ဟိုလူဒီလူ ဖြေရှင်းရမယ့်အရေးဖြစ်တယ်ဆိုပြီး ပြောပြန်ပါတယ်။ တနည်းအားဖြင့်ဆိုလျှင် ဒီကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့ရာသီဥတုအရေးအပေါ် တာဝန်ခံမှုမရှိတဲ့အပြင် တခြားသူတွေကိုပါ ထပ်ပြီး စွပ်စွဲပြောဆိုနေပုံဖြစ်ပါတယ်။ ၂၀၀၅ ခုနစ် ကမ္ဘာ့ရာသီဥတုအရေးအတွက် ဗြိတိန်အစိုးရမှ ထုတ်ပြန်တဲ့ စတမ်း (Stern) စာစောင်အရ “ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကြောင့်ဖြစ်လာတဲ့ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ပြဿနာကြီးတစ်ခု ဖြစ်တယ်။” လို့ ဆိုပါတယ်။

ဒါကြောင့် ရာသီဥတုပြဿနာအတွက် ‘ဟိုလူဒီလူဖြေရှင်းမှရမယ်’ ‘ဒီလိုဖြေရှင်းရင် ဒီလိုအကျိုးအမြတ်ရမယ်’ ဆိုတဲ့ အဖြေရှာနည်းတွေထက် ကျူးလွန်ထားတဲ့ စီးပွါးရေးလုပ်ငန်းတွေကဖြစ်စေ တစ်ယောက်ချင်းဆီကဖြစ်စေ တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်။ တန်နဲ့ချီတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်လာတဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ပေးလျှော်ရမယ်လို့ သတ်မှတ်လိုက်ရင် ဒီကိစ္စရဲ့ အဓိကတာ၀န်ခံဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကဖြစ်စေ တစ်ဦးတစ်ယောက်ကဖြစ်စေ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး နည်းလမ်းတွေကို ရှာကောင်းရှာလာနိုင်ပါတယ်။ ၂၀၁၉ခုနစ်မှာ နိုဘယ်ဆုရှင် ၂၈ယောက် အပါအဝင် စီးပွါးရေးပညာရှင်အယောက် ၃၅၀၀ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်စာအရ “ကာဗွန်အခွန်ကောက်ခံမှုဟာ ဒီဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှေ့ာချနိုင်တဲ့ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံး နည်းလမ်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။ ကာဗွန်အခွန်ကောက်ခံမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကို နောက်ကွက်က ထိန်းချုပ်နေတဲ့ လုပ်ငန်းကြီးတွေရဲ့ ဓာတ်ငွေ့လျှေ့ာချရေးနည်းလမ်းတွေကို စဉ်းစားလာကြမယ့် အရွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

တခြားသောသူတွေရဲ့ ယူဆချက်ကတော့ “ရာသီဥတုပြဿနာအတွက် ကာဗွန်အခွန်ကောက်ခံခြင်းဆိုတဲ့ ရိုးရှင်းတဲ့အဖြေထက် ဒီပြဿနာရဲ့ နောက်ကွယ်က ကိစ္စရပ်တွေကိုလည်း နားလည်သဘောပေါက်ဖို့လိုတယ်။” လို့ဆိုပါတယ်။ နိုင်ငံရေးစနစ်တွေကို ခြုံကြည့်ရင်တော့ ကော်ပိုရေးရှင်းတွေရဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး သေသေချာချာ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ ဒီငွေကြေးတွေဟာ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေမှရတဲ့ ပိုက်ဆံတွေပဲ ဖြစ်ပါတယ်။ (ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကြီးတွေက အစိုးရတွေရဲ့ မူဝါဒနဲ့ဆုံးဖြတ်ချက်တွေကို စိုးမိုးချယ်လှယ်နိုင်ဖို့ ဝါရှင်တန်အစိုးရတစ်ခုတည်းအတွက် သုံးတဲ့ ငွေကြေးပမာဏကိုကြည့်ရင်တောင် တစ်နှစ်ကို ဒေါ်လာ ၁၂၀ မီလီယံ ရှိတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။ ဒါ့ပြင်မက တခြားသော အဖွဲ့အစည်းတွေနဲ့ တစ်ဖက်လှည့်ပြီး ငွေကြေးထောက်ပံ့ပေးတာတွေလည်း ထပ်ရှိပါသေးတယ်။) ဒါကြောင့် အစိုးရတွေက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအသုံးပြုမှုလျှေ့ာချရေးဆိုတဲ့ ဥပဒေမူဝါဒတွေ ထုတ်ပြန်ရမယ်ဆိုတာ တကယ်တမ်း သုံးသပ်ကြည့်တော့ မဖြစ်နိုင်တဲ့ ကိစ္စရပ်ပါပဲ။ တကယ်လို့ ဒီမူဝါဒတွေချမှတ်လိုက်တယ်ဆိုပါစို့၊ အရင်းရှင်စီးပွါးရေးစနစ်ကို နောက်ကွယ်က လက်၀ါးကြီးအုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ရာသီဥတုပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတာ အလှမ်းဝေးနေအုံးမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ရေနံမရတော့ရင် ဘက်ထရီတွေပြုလုပ်ဖို့ လီသီယံ (lithium) သတ္တုကို ထုတ်လာကြလိမ့်မယ်၊ လီသီယံ (lithium) မရတော့ရင် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်က ကိုဗော့ (cobalt) သတ္တုကို ထုတ်လာကြပါလိမ့်မယ်။

“ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာအသုံးမှုကြောင့် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ တကယ့်အကြောင်းအရင်းအစစ်အမှန် မဟုတ်ပါဘူး၊ အဆုံးမရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စီးပွါးရေးစနစ်ကိုပုံဖော်ထားမှုကြောင့်သာ ဖြစ်တယ်” လို့ ဘာစီလိုနာတက္ကသိုလ်ရဲ့ စီးပွါးရေးမနုဿပညာရှင် ဂျက်ဆင်ဟေဂယ် က ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတုပြဿနာကို ဖြေရှင်းဖို့အတွက် အရင်းရှင်စီးပွါးရေးစနစ်ရဲ့ဘောင်ထဲမှာ အဖြေရှာလို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အရင်းရှင်စီးပွါးရေးစနစ်ရဲ့ အကျိုးဆက်ရလဒ်တစ်ခု ဖြစ်နေလို့ပါ။ အရင်းရှင်စီးပွါးရေးကို ကျော်လွန်နိုင်မယ့်စနစ် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ပြန်လည်သုံးသပ်ပြီး ‌ ဂျီဒီပီ (GDP) စတဲ့ အညွှန်းကိန်းတွေအလွန် လူမှုစီးပွါး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အမေရိကန်သဘာဝပတ်ဝန်းကျင်စာရေးဆရာ ဂျော့မွန်ဘရွန် က “လက်ခံရခက်တဲ့အမှန်တရားကတော့ ရာသီဥတုနဲ့ဂေဟကပ်ဘေးတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ကျွန်တော်တို့ အရှိန်လျှော့ချဖို့ လိုအပ်ပါမယ်” လို့ ဆိုပါတယ်။

တခြားသော တတိယအုပ်စုရဲ့ ယူဆချက်ကတော့ “ကြီးမားတဲ့ပြောင်းလဲမှုကိုဖော်ဆောင်ဖို့ ခက်ခဲတယ်ဆိုရင် ပိုကြီးမားတဲ့ပြောင်းလဲမှုကို လုပ်ဆောင်ဖို့ ပိုမခက်ခဲပေဘူးလား။ ကာဗွန်အခွန်ကောက်ခံဖို့တောင် မလုပ်နိုင်ဘဲနဲ့ စီးပွါးရေးစနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါအုံးမလား” လို့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်ဆိုသူတွေရဲ့ ထင်မြင်ချက်တွေကို အားမလိုအားမရဖြစ်နေတဲ့ ရှုထောင့်ကနေ သုံးသပ်ကြပါတယ်။

ဘာသာပြန်-ရွှေသင်း

15/Mar/2025

Climate Change from A to Z (Elizabeth Kolbert)

“H” for Climate Change: Hope

မျှော်လင့်ချက် “မျှော်လင့်ချက် ဆိုတာ ကမ္ဘာကို မတည်ထားတဲ့ ဒေါက်တိုင်တစ်ခုပါပဲ” လို့ ရောမ စာဆိုရှင် ပလင်နီ သီအယ်တာ က ဆိုခဲ့ဖူးပါတယ်။...