လူငယ်တွေကြားမှာ အချင်းချင်းသတ်မှတ်ထားကြတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အမြင်တွေရှိပါတယ်။
ဘယ်လို make-up look မျိုးကိုပြင်ထားတယ်။
ဘယ်လို branded fashion ကိုဝတ်ထားတယ်။
ဘယ်လို branded accessories တွေကို သုံးနိုင်တယ်။
ဘယ်လို အစားအသောက်တွေစားနိုင်တယ်။
ဘယ်လို bar တွေ club တွေတက်နိုင်တယ်။
ဘယ်လို car မျိုးကိုစီးနိုင်တယ် စသည်ဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနဲ့ လူတစ်ယောက်ကို အမြင်အားဖြင့် အကဲဖြတ်ကြပါတယ်။
ငွေကြေးအသင့်အတင့်ရှိသူတွေအဖို့ ပိုက်ဆံအမြောက်အများပေးဝယ်သုံးရတဲ့ ရုပ်ဝတ္ထုဘက် မလိုက်နိုင်တဲ့အခါ အဖွဲ့အစည်းအတွင်း အထင်သေးအမြင်သေးခြင်းခံရနိုင်တယ်ဆိုတဲ့ သိမ်ငယ်စိတ်ကို ပေါ်လာတက်ကြပါတယ်။
အဲ့နောက် အများနည်းတူ သုံးနိုင်ဖြုန်းနိုင်ဖို့ ကိုယ်ပိုင်ငွေကြေးရှာဖွေမှုကို သတ်မှတ်ထားတာထက်ပိုပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေနောက်ကို အမောတကောပြေးလိုက်ကြပါတော့တယ်။ ထိုစဉ်ငွေကြေးရှာဖွေဖို့နည်းလမ်းတွေအတွက် လူမှုရေးဆိုင်ရာအန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပြဿနာတွေ လူငယ်တွေကြားမှာ ပေါ်လာပါတော့တယ်။ ဒါ့ပြင် ငွေကြေးထောက်ပံ့ပေးနေရတဲ့ အုပ်ထိန်းသူတွေအနေနဲ့လည်း ဖိအားတစ်ခုဖြစ်လာပြီး ကိုယ့်သားသမီးအလိုအတွက် ငွေကြေးရှာဖွေမှုနည်းလမ်းတွေကို အဘက်ဘက်က စဉ်းစားလာရပါတော့တယ်။
တစ်ဖက်မှာလည်း ကိုယ်ပိုင်ယဉ်ကျေးမှူ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများကိုပါ မေ့လျော့သွားကြပါတယ်။ ဘိုးဘေးတွေလက်ထက်က ကိုယ်တိုင်ချုပ်အဝတ်အထည်၊ ကိုယ်တိုင်လုပ်အသုံးအဆောင်ပစ္စည်း၊ ကိုယ်တိုင်စိုက် အသီးအနှံတွေ စတဲ့ ကိုယ်ပိုင်ရပ်တည်မှုပုံစံတွေကနေ သွေဖယ်သွားကြပါတော့တယ်။ ခေတ်မီတယ်ဆိုတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေအနောက်ကို လိုက်ကြရင်း ကိုယ့်ကိုပျောက်ဆုံးနေကြပါတယ်။ ကိုယ်ရဲ့အမှန်တကယ်ပုံစံ၊ ကိုယ့်ဘ၀လိုအင်တွေ၊ အနာဂတ်မှာ ကိုယ့်မိသားစု ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ရဲ့လုပ်ဆောင်နိုင်မှုတွေကို စဉ်းစားမေးခွန်းထုတ်ရမယ့် အချိန်တွေလျှော့နည်းလာပါတော့တယ်။
အမှန်တကယ် ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်မတို့တွေဟာ တဖက်မှာ ခေတ်မီဖို့အတွက် အပြိုင်အဆိုင်ရုန်းကန်နေကြပေမယ့် တဖက်မှာလည်း ကိုယ်ပိုင်ရိုးရာဓလေ့တွေကို အထင်မသေးကြဘဲ မြတ်နိုးတွယ်တာနေမှုကို တွေ့ရပါတယ်။ ဥပမာ ရိုးရာရက်လုပ်ထည်၊ ရိုးရာအလှကုန်အသုံးအဆောင်တွေ၊ ရိုးရာအစားအစာတွေကို တန်ဖိုးကြီးပေးဝယ်ပြီး အမြတ်တစ်နိုးဝယ်ယူသုံးစွဲနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါဆိုရင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ရပ်တည်မှုကနေ လွန်ပြီး ခေတ်မီတယ်ဆိုတာကို စိတ်ထဲမှတ်ထင်နေကြတာဟာ အစစ်အမှန်လား လွှမ်းမိုးခံနေရခြင်းလားလို့ စဉ်းစားစရာပါ။ ခေတ်မီတယ် ဆိုတဲ့ နောက်ကိုလိုက်ကြရင်း ခေတ်ပျက် အကျင့်ပျက်မှုတွေဖြစ်လာပါတော့တယ်။ အရင်းရှင်လူတစ်စုရဲ့ အယုံသွင်းမှုဟာ ပညာရည် အတွေးအခေါ်ရည်နည်းပါးတဲ့ လူတစ်စုအပေါ် ကျရောက်လာပြီး တဖြည်းဖြည်းခြင်းနဲ့ လူမျိုးတစ်စုလုံးရဲ့ သဘောတရား အတွေးအမြင်စနစ် ကို ပြောင်းလဲပစ်လိုက်ကြပါတယ်။
အာဂျန်ဆူးလတ်က ဂန္ဓီ၏ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာအမြင်များ စသည်ကိုအခြေခံပြီး "ကျွန်တော်တို့သည် ရိုးရိုးရှင်းရှင်းကျေနပ်တင်းတိမ်ကာ ရိုးရာဓလေ့ထုံးစံ တန်ဖိုးများကိုလည်း ထိန်းသိမ်းလျက် ရုပ်နာမ်နှစ်ခုလုံး၌ ဖြည်းဖြည်းတိုးတက်သော် အခြားအဖိုးတန်များသည် နောက်ကလိုက်လာပါလိမ့်မည်""ဘဝပန်းတိုင်သည် ရုပ်ဝတ္ထုပစ္စည်း ထုတ်လုပ်ခြင်း ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ ရုပ်ဝတ္ထုပစ္စည်းအပေါ် အမှီအခိုမှု ကင်းလေလေ စိတ်လွတ်လပ်ခြင်း ရလေလေ"လို့ပြောထားပါတယ်။
အရိုးရှင်းဆုံးဟာ အလှပဆုံးပဲ လို့ပြောကြပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာထက် နာမ်ပိုင်း(စိတ်ပိုင်း)ဆိုင်ရာ ဖွံ့ဖြိုးမှုဟာ အဓိကကြပါတယ်။ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ကိုယ်ပိုင်ခံယူချက်နဲ့နေရင် ကိုယ်ပိုင်စိတ်ချမ်းသာမှုကို ရပါတယ်။ တကယ်တော့ အများလက်ခံထားတဲ့ ခေတ်မီတယ်ဆိုတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနောက်မလိုက်ကြဘဲ အနာဂတ်တစ်ခုအတွက် အစ္ဇျတ္တပိုင်းဆိုင်ရာ အရည်အချင်းပြည့်မှီတဲ့ လူအဖွဲ့အစည်းဖြစ်အောင် ဖန်တီးပုံဖော်ခြင်းဖြင့် ခေတ်မီအောင် လုပ်ကြဖို့လိုပါတယ်။
ရွှေသင်း
#29_Sept_2019
