Showing posts with label Translation. Show all posts
Showing posts with label Translation. Show all posts

Saturday, May 23, 2026

သဘာဝတရားကုထုံးက သင့်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနေပါသလဲ။

ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲသို့ သဘာဝတရားကို ခေါ်ဆောင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ပန်းခြံထဲမှာ ငှက်ကလေးတွေ ရှဥ့်ကလေးတွေကို မြင်တွေ့ရတာက စိတ်အေးချမ်းစေပြီး စိတ်ကြည်နူးစေတယ်ဆိုတာ ကျွန်မတို့ အလိုလိုသိထားကြပါတယ်။ ဒါပေမယ့် ယနေ့ကာလမှာတော့ သဘာဝတရားကုထုံး (Nature Therapy) ရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ လက်တွေ့အထောက်အထားတွေ ပိုပြီး ထွက်ပေါ်လာနေပါတယ်။

ဒီဆောင်းပါးက သဘာဝတရားကုထုံးထဲမှာ ဘာတွေပါဝင်သလဲ၊ ထိုအရာတွေက လူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်နေသလဲ ဆိုတာနဲ့၊ အကယ်၍ ကျွန်မတို့ အိမ်ထဲမှာပဲ ပိတ်မိနေရင် သဘာဝတရားကို ကျွန်မတို့ဆီသို့ ဘယ်လို ခေါ်ဆောင်လို့ရနိုင်မလဲ ဆိုတာကို ပြောပြထားပါတယ်။

________________________________________

သဘာဝတရားကုထုံး ဆိုတာ ဘာလဲ။ ကျွန်မတို့အတွက် ဘာကြောင့် လိုအပ်သလဲ။

Ecotherapy လို့လည်း ခေါ်တဲ့ သဘာဝတရားကုထုံး (Nature Therapy) ဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေကို ကုသပျောက်ကင်းစေဖို့အတွက် သဘာဝတရားကို အဓိက အသုံးပြုခြင်းဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။

ယေဘုယျ ပြောရရင် ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီးမှု လျှော့ချဖို့၊ မွန်းကျပ်မှုတွေကို ဖွင့်ထုတ်ဖို့၊ ဒါမှမဟုတ် စိတ်အပန်းပြေစေဖို့ အတွက် အပြင်ဘက်မှာ အချိန်ကုန်ဆုံးဆိုတာ သိပ်မရှိတော့ပါဘူး။ ဒါဟာ ကျွန်မတို့ ငယ်စဥ်က ပြုမူခဲ့ပုံတွေနဲ့ ကွာခြားပါတယ်။ ဥပမာပြောရရင် ကျွန်မတို့ မြက်ခင်းပြင်ကျယ်ကြီးထဲမှာ စက်ဘီးစီးတာမျိုး ဒါမှမဟုတ် ရေကန်ထဲမှာ ကစားကြတာမျိုးကို ယနေ့မှာ ပြုလုပ်ချင်မှ ပြုလုပ်ကြတော့မှာပါ။

ကျွန်မတို့ ထိုအပန်းဖြေလှုပ်ရှားမှုတွေနေရာမှာ လူမှုကွန်ရက် (Social Media) သုံးတာမျိုးနဲ့ ဗီဒီယိုဂိမ်းကစားတာမျိုးတွေကို အစားထိုးလာကြပါပြီ။ သဘာဝပတ်ဝန်းကျင်ကို ခံစားပြီး အချိန်ကုန်မယ့်အစား ဖုန်းနဲ့ ကွန်ပျူတာ မျက်နှာပြင်တွေရှေ့ စတဲ့ အွန်လိုင်းပေါ်မှာပဲ အချိန်တွေ ပိုသုံးလာကြပါတယ်။ ထို လူနေမှုပုံစံရဲ့ နောက်ဆက်တွဲ ရလဒ်အဖြစ် ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းဟာ စိတ်ဖိစီးတွေများလာပြီး စိတ်ကျန်းမာရေး ဝေဒနာအမျိုးမျိုး ကို ခံစားနေရပါတယ်။

________________________________________

အစိမ်းရောင်နဲ့ အပြာရောင် ကုထုံး (Green and Blue Therapy)

သဘာဝတရားကုထုံးကို အစိမ်းရောင် စောင့်ရှောက်မှု (Green Care)၊ အစိမ်းရောင် လေ့ကျင့်ခန်း (Green Exercise) ဒါမှမဟုတ် အစိမ်းရောင် ကုထုံး (Green Therapy) လို့ ခေါ်ဆိုကြတာမျိုး ကြာဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ထိုအရာရဲ့ ထူးခြားမှုက စိမ်းလန်းတဲ့ နေရာတွေမှာ အချိန်ကုန်ဆုံးရတာမျိုးကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝတရားကုထုံးမှာ စိတ်ကို တည်ငြိမ်စေတဲ့ အပြာရောင်နေရာတွေဖြစ်တဲ့ သမုဒ္ဒရာ၊ မြစ်ချောင်းနဲ့ ရေကန်တွေအနီးမှာ အချိန်ကုန်ဆုံးတာမျိုးတွေ ပါဝင်ပါတယ်။ ရေပြင်ပတ်ဝန်းကျင်အနီးမှာ ရှိနေခြင်းက စိတ်ပိုင်းဆိုင်ရာကို ပြန်လည်လန်းဆန်းစေတဲ့ အာနိသင်ရှိပြီး ကျွန်မတို့ရဲ့ စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ အပြာရောင်ဆိုတာ အေးချမ်းမှုနဲ့ တည်ငြိမ်မှုကိုလည်း ကိုယ်စားပြုပါတယ်။

Blue Health စီမံကိန်းဆိုတာ ဥရောပနိုင်ငံ ၁၈ နိုင်ငံမှာ အပြာရောင်နေရာတွေနဲ့ ကျန်းမာရေး ဆက်စပ်တာကို လေ့လာမှုတွေ ပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သုတေသီတွေက လူပေါင်း ၁၈,၀၀၀ ကို စစ်တမ်းကောက်ယူပြီး ရေလမ်းကြောင်းအနီးမှာ ရှိနေချိန်တွေက လူတွေအတွက် ပိုပြီး စိတ်သက်သာရာ ရတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အမှန်တကယ်ဆို ပြင်ပမှာရှိတဲ့ အပြာရောင်ရေပြင်နေရာတွေနဲ့ ပိုပြီးထိတွေ့တာမျိုးက ကျန်းမာရေး၊ အထူးသဖြင့် စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာ တွေအတွက် အပြုသဘောဆောင်တဲ့ ဆက်စပ်မှုတွေရှိတာကို အထောက်အထားတွေနဲ့ ပြသခဲ့ကြပါတယ်။ ဒါကြောင့် သုတေသီတွေက ၎င်းတို့ရဲ့ Ecotherapy အယူအဆမှာ အပြာရောင်နေရာတွေကိုလည်း ထည့်သွင်းလာကြပါတယ်။

________________________________________

သဘာဝတရားကုထုံးရဲ့ မတူကွဲပြားတဲ့ ချဉ်းကပ်ပုံများ

စိတ်ကုထုံးပညာရှင်ရဲ့ ရုံးခန်းထဲကို ခြေတစ်လှမ်းမျှ လှမ်းစရာမလိုဘဲ သဘာဝကို အခြေခံထားတဲ့ ကုထုံးတွေ၊ ချဉ်းကပ်မှုတွေကို ကျွန်မတို့ ရယူနိုင်ပါတယ်။ အိမ်နောက်ဖေးမှာ ပန်းပင်စိုက်တာမျိုး၊ ပန်းခင်းထဲမှာ လမ်းလျှောက်တာမျိုး ဒါမှမဟုတ် မြစ်ထဲမှာ ရေစိမ်ပြီးအပန်းဖြေတာမျိုး စတဲ့ သက်သောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါ့အပြင် ထိုကုထုံး မှာ စိတ်ကုထုံးပညာရှင်တွေနဲ့ လေ့ကျင့်ထားတဲ့ သင်ကြားသူတွေရဲ့ လမ်းညွှန်မှုနဲ့ ပြုလုပ်ရတဲ့ စနစ်တကျ လှုပ်ရှားမှုတွေ၊ ကုထုံးတွေလည်း ထည့်သွင်းလေ့ကျင့်လို့ရပါတယ်။

သဘာဝတရားကုထုံး အမျိုးအစားအချို့ကို အောက်မှာ ‌ဖော်ပြထားပါတယ်။

• စိုက်ပျိုးရေးဆိုင်ရာ ကုထုံး (Farming-related therapy)။ အများပိုင်စိုက်ခင်းတွေမှာ ကောက်ပဲသီးနှံများ အတူတကွ စိုက်ပျိုးတာမျိုး။

• တိရစ္ဆာန်အကူအညီပေး ကုထုံး (Animal-assisted therapy) ။ မြင်းများ၊ ခွေးများ နဲ့ ကစားတာမျိုး၊ ဒါမှမဟုတ် ၎င်းတို့ကို လေ့ကျင့်ပေးတာမျိုး။

• စွန့်စားမှု ကုထုံး (Adventure therapy) ။ ဖောင်စီးခြင်း (သို့) ကျောက်တောင်တက်ခြင်း။

• တောတောင်ခြေလျင်ကုထုံး (Wilderness therapy) ။ အပြုအမူဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ ဆယ်ကျော်သက်များနဲ့ လူငယ်အုပ်စုတွေကို ကူညီပေးတာမျိုး။

• သစ်တောကုထုံး (Forest therapy) ။ သစ်တောနဲ့ရေချိုးခြင်း" (Forest Bathing) လို့လည်း ခေါ်ပြီး သစ်တောထဲမှာ လမ်းလျှောက်ရင်း မိမိရဲ့ အာရုံငါးပါးကို အသုံးပြုပြီး ခံစားမှုကို သတိကပ်တဲ့ လေ့ကျင့်ခန်းမျိုး။

________________________________________

သဘာဝတရားကုထုံးက သင်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

သဘာဝတရားထဲမှာ ရှိနေခြင်းရဲ့ အကျိုးကျေးဇူးများ

သိပ္ပံပညာ သက်သေပြနေတဲ့အချက်က ကျွန်မတို့က သဘာဝမိခင်ရဲ့ ကုသခြင်းစွမ်းအားမှတဆင့် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ မေးစရာရှိတာက ကျွန်မတို့တွေဟာ မိမိတို့ရဲ့ ပြဿနာတွေအတွက် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ ဒီဖြေရှင်းနည်းကို အသုံးချနေကြပြီလား ဆိုတာပါ။

စိတ်ပညာဆိုင်ရာ နောက်ဆုံးပေါ် သုတေသနပြုချက်တွေအရ သဘာဝတရားထဲမှာ အချိန်ကုန်ဆုံးခြင်းက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကဏ္ဍအသီးသီးကို မြှင့်တင်ဖို့အတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု မြင့်မားတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ ပိုမိုသိရှိလာရပါတယ်။

၁။ ပျော်ရွှင်မှု တိုးပွားခြင်း

ပျော်ရွှင်မှုကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတဲ့အကြောင်း စာအုပ်တွေနဲ့ ဆောင်းပါးတွေ အများကြီး ရှိပါတယ်။ သက်သေပြထားတဲ့ နည်းလမ်းတစ်ခုက သဘာဝတရားထဲမှာ အချိန်ပိုပေးခြင်း ဖြစ်ပါတယ်။

ဝါရှင်တန်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ ဂရီဂိုရီ ဘရက်မန်း (Gregory Bratman) က ယခင်သုတေသနတွေကို ပြန်လည်သုံးသပ်ပြီး မူဝါဒချမှတ်သူတွေအတွက် လမ်းညွှန်ချက်တစ်ခု ဖော်ထုတ်ပေးခဲ့ပါတယ်။ သူနဲ့ သူ့အဖွဲ့က မြို့ပြစီမံကိန်း ရေးဆွဲသူတွေအဖြင့် အနာဂတ်စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းနိုင်ဖို့အတွက် သဘာဝတရားကပေးတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို တိုင်းတာတဲ့ မူဘောင်တစ်ခုကို ဖန်တီးချင်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် Science Advances ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သူရဲ့လေ့လာမှုအရ ဘရက်မန်းနှင့် လုပ်ဖော်ကိုင်ဖက်တွေဟာ သဘာဝတရားနဲ့ ထိတွေ့ခြင်းက ပျော်ရွှင်မှုတိုးပွားခြင်း၊ သုခချမ်းသာကို ခံစားရခြင်း၊ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတွေနဲ့ ဘဝက အဓိပ္ပာယ်ရှိနေတယ်ဆိုတဲ့ ခံစားချက်ရခြင်း စတဲ့ အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြပါတယ်။

၂။ သောက၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို လျော့နည်းစေခြင်း

လက်ရှိ အမေရိကန် ကောလိပ်ကျောင်းသားတွေကြားမှာ စိုးရိမ်သောက၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ စိုးရိမ်ဖွယ်ရှိတဲ့ အခြေအနေဖြစ်တာကြောင့် ကောလိပ်ကျောင်းသားတွေ ပါဝင်တဲ့ လေ့လာမှု ၁၄ ခုကို သုတေသနတစ်ခုက ထပ်မံဆန်းစစ်ခဲ့ပါတယ်။ ထိုဆန်းစစ်ချက်မှာ သဘာဝတရားနဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်တွေက စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကို လျော့ကျနိုင်ဖို့ အကြွင်းမဲ့ ကူညီပေးတာကို တွေ့ရပါတယ်။

ထိုလေ့လာမှုမှာ မြို့ပြနေထိုင်သူတွေနဲ့ သဘာဝတောတောင်အနီး နေထိုင်သူတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ ဒါ့အပြင် ထိုကျောင်းသားတွေကိုလည်း သဘာဝထဲမှာ အချိန်အနည်းငယ် ကုန်ဆုံးစေပြီးလည်း လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထဲမှာ အနည်းဆုံး ၁၀ မိနစ်လောက် ထိုင်နေခြင်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းကပင် ပါဝင်သူတွေရဲ့ စိတ်ကျန်းမာရေးကို သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတာကို ဖော်ပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ထိုအချက်ကို တိုင်းတာဖို့ အဓိကကျတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အမှတ်အသားတွေကို အသုံးပြုခဲ့ကြပါတယ်။ ၃။ သိမှုစွမ်းရည် (Cognitive Benefits) ကို မြှင့်တင်ပေးခြင်း

သဘာဝထဲမှာ အချိန်ကုန်တဲ့အခါ ကျွန်မတို့ရဲ့ ဦးနှောက်က သဘောကျတယ်ဆိုတာကို တွေ့ရပါတယ်။ ပိုမိုအာရုံစူးစိုက်နိုင်စွမ်း ရှိလာပြီး ၎င်းကို သိမှုစွမ်းရည် ထက်မြက်လာခြင်းလို့လည်း ဖော်ပြနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် အခြားလေ့လာမှုတစ်ခုအရ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းက ကျွန်မတို့ရဲ့ ဦးနှောက်အတွက် ကောင်းမွန်ကြောင်း ပြသခဲ့ပါတယ်။ ထိုအရာက ယာယီမှတ်ဉာဏ် (Working memory)၊ သိမှုဆိုင်ရာ လိုက်လျောညီထွေရှိမှု (Cognitive flexibility) နဲ့ အာရုံစူးစိုက်မှုကို ထိန်းချုပ်စွမ်း စတဲ့ လုပ်ဆောင်ချက်တွေမှာ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

________________________________________

သဘာဝတရားကို အိမ်ထဲသို့ ဘယ်လို ခေါ်ဆောင်မလဲ။

လူမှုစီးပွားဘဝ အခြေအနေတွေကြောင့် လူတိုင်းက အစိမ်းရောင် ဒါမှမဟုတ် အပြာရောင်နေရာတွေကို အလွယ်တကူ မရနိုင်ကြပါဘူး။ ဒါ့အပြင် ရာသီဥတု ဆိုးရွားချိန်နဲ့ အအေးလွန်ကဲတဲ့ ဆောင်းရာသီကာလတွေမှာဆိုရင် အခွင့်အလမ်းရှိသူ တချို့ကပဲ သဘာဝထဲမှာ အချိန်ကုန်ဆုံးဖို့ ရွေးချယ်နိုင်ကြပါတယ်။ အပြင်ဘက် အေးခဲနေချိန်မှာ မြစ်ဘေးမှာ လမ်းလျှောက်ခြင်း ဒါမှမဟုတ် သဘာဝဘေးမဲ့တောထဲမှာ တောင်တက်ခြင်းတွေက တချို့အတွက် ဆွဲဆောင်မှုမရှိနိုင်ပါဘူး။

အကယ်၍ သင့်မှာ အချိန် ဒါမှမဟုတ် သွားလာခွင့် ကန့်သတ်ချက်ရှိနေမယ်ဆိုရင်လည်း (ဥပမာ အလုပ်များလွန်းတာ၊ အလွန်အေးတဲ့ ရာသီဥတုမှာ အချိန်အကြာကြီး မနေနိုင်တာ) သဘာဝတရားကို ဆက်လက်ထိတွေ့နိုင်ပါသေးတယ်။

အိမ် ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ ပိတ်မိနေတဲ့အခါ သဘာဝတရားရဲ့ အကျိုးကျေးဇူးတွေကို အဆောက်အအုံထဲကို ဘယ်လို ယူဆောင်လာမလဲ။ အောက်ပါနည်းလမ်းတွေက လွယ်ကူတဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။

• အပင်များ စိုက်ပျိုးပါ။ အပင်တွေက လေထုထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက၊ အပင်တွေအနီးမှာ အချိန်ကုန်ဆုံးသူတွေက အခြားသူတွေအပေါ် ပိုမိုစာနာမှု၊ ကရုဏာထားမှုရှိပြီး လူမှုဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာတယ်ဆိုတာကို သုတေသနတွေက ဖော်ပြထားပါတယ်။

• သဘာဝပန်းချီကားများ သို့မဟုတ် ဓာတ်ပုံများဖြင့် အလှဆင်ပါ။ လှပတဲ့ ရှုခင်းတွေ၊ စိမ်းလန်းတဲ့ ဥယျာဉ်တွေ စတဲ့ သဘာဝမြင်ကွင်းတွေကို ရွေးချယ်ပါ။ သဘာဝတရားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးဆိုင်ရာ အခြားလေ့လာမှုတစ်ခုက လှပတဲ့ အစိမ်းရောင်မြင်ကွင်းတွေကို ကြည့်ရှုခြင်းက စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

• သဘာဝအသံများကို နားဆင်ပြီး စိတ်အေးချမ်းစေတဲ့ သဘာဝအသံ App များကို ဒေါင်းလုဒ်လုပ်ပါ။ ရေတံခွန်သံ သို့မဟုတ် မိုးရွာသံတွေ နားထောင်ခြင်းရဲ့ စွမ်းအားကို လျှော့မတွက်လိုက်ပါနဲ့။ ရလဒ်က စိတ်အပန်းပြေပြီး လန်းဆန်းစေရုံသာမက၊ အာရုံစူးစိုက်မှုကို ပြန်လည်ကောင်းမွန်စေပြီး သိမှုစွမ်းရည်ကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ Psychonomic Bulletin & Review မှာ ထုတ်ဝေခဲ့တဲ့ သုတေသနတစ်ခုက သမုဒ္ဒရာလှိုင်းသံနဲ့ ပုစဉ်းရင်ကွဲ အော်သံ စတဲ့ သဘာဝအသံတွေကို နားထောင်တဲ့ သူတွေက ယာဉ်ကြောပိတ်တာနဲ့ ကားဟွန်းသံ စတဲ့ မြို့ပြအသံတွေကို နားထောင်နေရသူတွေနဲ့ နှိုင်းယှဉ်ရင် စာမေးပွဲတွေ စစ်ဆေးချက်တွေမှာ ပိုမိုကောင်းမွန်စွာ ဖြေဆိုနိုင်ကြတယ်ဆိုတာကိုလည်း တွေ့ရှိထားကြပါတယ်။

ဘာသာပြန်ဆောင်းပါး

https://www.verywellmind.com/how-nature-therapy-helps-your-mental-health

Monday, March 23, 2026

“X” for Climate Change: Xenophobia

နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့ခြင်း

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တရားမျှတမှုမရှိသော ဆိုးကျိုးများထဲမှ တစ်ခုမှာ ရာသီဥတုပြဿနာကို အနည်းဆုံးဖြစ်စေခဲ့သူများက အကြီးမားဆုံးသော ထိခိုက်နစ်နာမှုများကို ခံစားရခြင်းပင်ဖြစ်သည်။ တူဗာလူ (Tuvalu) နှင့် ကီရီဘာတီ (Kiribati) ကဲ့သို့သော ပင်လယ်‌ရေမျက်နှာပြင်‌အောက် တည်ရှိနေသည့် ကျွန်းနိုင်ငံအချို့ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံထားရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းများ သို့မဟုတ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကျေးလက်‌တွင်နေထိုင်သူများ ရှင်သန်ရပ်တည်ရန် ခက်ခဲလာသဖြင့် မြို့တော်ဒါကာ (Dhaka) သို့ နေ့စဉ် လူပေါင်းနှစ်ထောင်ခန့် ရောက်ရှိလာကြသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ်အတွင်း အင်အားပြင်း မုတ်သုံမိုးကြောင့် ရေကြီးမှုများဖြစ်ပွားကာ လူပေါင်းတစ်ထောင် သေဆုံးခဲ့ပြီး၊ လူခြောက်သိန်းကျော် ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုနှင့် ဆက်စပ်သည့် အဖြစ်အပျက်များကြောင့် နှစ်စဉ် ပျမ်းမျှလူဦးရေ ၂၁ သန်းခန့် နေရပ်စွန့်ခွာနေကြရသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်းတစ်ဘီလီယံအထိ ရွှေ့ပြောင်းနေထိုင်နိုင်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) က ခန့်မှန်းထားသည်။ ဗြိတိသျှ သတင်းစာဆရာမ ဂါယာဗင့်စ် (Gaia Vince) က “လာမည့် ဆယ်စုနှစ်များအတွင်း လူဦးရေ အမြောက်အမြား နေအိမ်သစ်များကို ရှာဖွေကြရလိမ့်မည်။ သင်ကိုယ်တိုင် ထိုသူများထဲတွင် ပါဝင်လိမ့်မည် သို့မဟုတ် ထိုသူများကို လက်ခံကြိုဆိုရသူ ဖြစ်လိမ့်မည်” ဟု ရေးသားခဲ့သည်။

ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ဤကြီးမားသော နေရပ်စွန့်ခွာမှုကြီးသည် နိုင်ငံတကာ အဖွဲ့အစည်းများကို စမ်းသပ်စစ်ဆေးပါလိမ့်မည်။ ဖြစ်နိုင်ခြေတစ်ခုမှာ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများကို ကြိုဆိုခြင်းပင်ဖြစ်သည်။ ထိုသို့ ကြိုဆိုခြင်းသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်၍လည်းကောင်း၊ သို့မဟုတ် လက်တွေ့ကျသော အကြောင်းပြချက်များကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ ကီရီဘာတီနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန်ဟောင်း အက္ကာရီမွန် (Akka Rimon) သတိပြုမိသကဲ့သို့ “သြစတြေးလျကဲ့သို့ နိုင်ငံများက အလုပ်သမား လိုအပ်နေပြီး” ကီရီဘာတီကဲ့သို့ နိုင်ငံသားများကမူ မကြာမီ နေထိုင်စရာ နေရာသစ်တစ်ခု လိုအပ်လာမည်ဖြစ်သည်။ ဤလိုအပ်ချက်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အထောက်အကူပြုနေပါသည်။ ဥရောပကော်မရှင်ကလည်း အထူးသဖြင့် “ကာဗွန်ကင်းစင်သော စီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင်” “အပိုဆောင်း လုပ်သားအင်အားနှင့် ကျွမ်းကျင်မှုအသစ်များ” လိုအပ်မည်ဖြစ်သဖြင့် တရားဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပိုမိုခွင့်ပြုခြင်းသည် “စီးပွားရေးအရ အကျိုးရှိကြောင်း” မှတ်ချက်ပြုခဲ့သည်။ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများသည် ကာဗွန်လျှော့ချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး အပြန်အလှန် အကျိုးရှိစေမည့် (win-win) အခြေအနေသစ်ကို ဖန်တီးပေးနိုင်သည်။

အခြားဖြစ်နိုင်ခြေတစ်ခုမှာ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများသည် ၎င်းတို့မတိုင်မီက သန်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများကဲ့သို့ပင် ငြင်းပယ်ခံရခြင်းဖြစ်သည်။ အီးယူ (EU) အပါအဝင် ချမ်းသာသော နိုင်ငံများသည် ဒုက္ခသည်များကို တားဆီးရန် ကြိုးပမ်းကြလိမ့်မည်ဖြစ်ပြီး ဝင်ရောက်လာနိုင်သူများကိုလည်း စခန်းများတွင် ထိန်းသိမ်းထားလိမ့်မည်။ အာဏာရယူရန် ကြိုးပမ်းနေသည့် လက်ယာယိမ်း (right-wing) နိုင်ငံရေးသမားများက ရွှေ့ပြောင်းလာသူများကို ပုတ်ခတ်ပြောဆိုကြမည်ဖြစ်ပြီး၊ ၎င်းသည် လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့မှု (Xenophobia) ကို ပိုမိုအားပေးရာရောက်သည့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုသံသရာ (Social feedback loop) ကို ဖြစ်စေလိမ့်မည်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ (Giorgia Meloni) က သူမ၏နိုင်ငံအနေဖြင့် “ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏ နိုင်ငံများသို့ ပြန်ပို့သင့်ပြီး ၎င်းတို့ကို ကယ်ဆယ်ခဲ့သည့် လှေများကိုပါ နစ်မြှုပ်ပစ်သင့်သည်” ဟု ပြောကြားခဲ့ဖူးသည်။

ရာသီဥတုပြောင်းလဲမှုကို ကန့်သတ်ရန် ကမ္ဘာ့စွမ်းအင်စနစ်များ အစားထိုးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်ရန် ရေကာတာများ၊ ပင်လယ်တံတိုင်းများ တည်ဆောက်ခြင်း စသည့် ကြိုးပမ်းမှုများ အတွင်းမှာပင် ဆိုင်ကလုန်းမုန်တိုင်း၊ မိုးခေါင်မှု၊ မီးလောင်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတို့ကြောင့် သန်းနှင့်ချီသော လူများ ထွက်ပြေးနေရသည့် အခြေအနေကြီး ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုဆင့်ကဲဖြစ်ပေါ်လာသော အကျပ်အတည်းများက သုံးဆယ်စုနှစ်ကြာ ဆောင်ရွက်လာသည့် ရာသီဥတုဆိုင်ရာ ညှိနှိုင်းမှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေပြီး၊ အကောင်းဆုံးသော ရှေ့ဆက်ရမည့် နည်းလမ်းများကို ရှာဖွေရန် ကမ္ဘာကြီးကို စည်းလုံးလာစေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း အတိတ်က ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားနေသည့် အင်အားစုများဖြစ်သော အမျိုးသားရေးဝါဒ (nationalism)၊ ကော်ပိုရိတ်ဝါဒ (corporatism)၊ ဂိုဏ်းဂဏစွဲဝါဒ (sectarianism) နှင့် ကြောက်ရွံ့မှု (fear) တို့သည် ရာသီဥတုပြောင်းလဲလာမှု၏ ဖိအားအောက်တွင် ပိုမိုပြင်းထန်လာခြင်းလည်း ဖြစ်လာနိုင်သည်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Saturday, November 1, 2025

“H” for Climate Change: Hope

မျှော်လင့်ချက်

“မျှော်လင့်ချက် ဆိုတာ ကမ္ဘာကို မတည်ထားတဲ့ ဒေါက်တိုင်တစ်ခုပါပဲ” လို့ ရောမ စာဆိုရှင် ပလင်နီ သီအယ်တာ က ဆိုခဲ့ဖူးပါတယ်။ “မျှော်လင့်ချက်ဆိုတာ နိုးထနေသူရဲ့ အိမ်မက်ပါပဲ”။ ရာသီဥတုဆိုင်ရာအကြောင်းအရာတွေကိုလည်း မျှော်လင့်ချက်ရှိစွာနဲ့ ရှာဖွေကြည့်မယ်ဆိုရင် နေရာအနှံ့အပြားမှာ ဖြေရှင်းနည်းမျိုးစုံကို တွေ့ရပါလိမ့်မယ်။

မကြာသေးခင်အချိန်ကပဲ မတ်ဆာချူးဆက် ဆမ်းမားဗီလီမြို့မှာရှိတဲ့ ဝိုင်သိုလှောင်ရုံအဟောင်းကြီးတစ်ခုကို ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ထိုသိုလှောင်ရုံကြီးကို ဖောင်းအင်နာဂျီ (Form Energy) လို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုက လွှဲပြောင်းယူလိုက်ပြီး သံချေးတက်ခြင်း နဲ့ပတ်သက်တဲ့ စမ်းသပ်ချက်တွေ ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။ သံချေးတက်သွားတဲ့ ပစ္စည်းများတွေဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးလာပြီး နောက်ဆုံး သံ‌ချောင်းဖြစ်စေ ဝက်အူဖြစ်စေ အသုံးမဝင်တော့ဘဲ လွှင့်ပစ်လိုက်ရတာများပါတယ်။ သို့ပေမယ့် သံချေးတက်ခြင်းဆိုတာက သံဓာတ်က အောက်ဆီဂျင်နဲဲ့ ဓာတ်ပြုသွားပြီး အီလက်ထရွန်တွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် သံချေးတက်နေတဲ့အရာဝတ္ထုတွေကို ရေထဲမှာစိမ်ထားပြီး လျှပ်စစ်ဓာတ်ပြုစေခြင်းဖြင့် အီလက်ထရွန်တွေကိုပြန်ခေါ်ပြီး သံချေးကို ဖယ်ရှားနိုင်ပါတယ်။ ဖောင်းကုမ္ပဏီရဲ့ ရည်ရွယ်ချက်က မြို့တစ်မြို့လုံးစာကို လျှပ်စစ်ဓာတ်အားပေးနိုင်လောက်အောင် စျေးသက်သာပြီး ခိုင်ခံ့တဲ့ ဘက်ထရီအမျိုးအစားသစ်တစ်ခုကို ဖန်တီးဖို့ဖြစ်ပါတယ်။ ထို့အတွက် သံချေးတက်ခြင်းကို လျှပ်စစ်ဖြင့်ဖယ်ရှားပြီး အီလက်ထရွန်များ ပြန်ယူခြင်းနည်းလမ်းကို စမ်းသပ်ကြမှာပါ။

သုတေသနဓာတ်ခွဲခန်းအဖြစ် ပြောင်းလိုက်တဲ့ သိုလှောင်ရုံကို သွားတဲ့လမ်းမှာပဲ ဘီလီဝုဖော့ က “ဘက်ထရီတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်” လို့ ကျွန်မကို ပြောပါတယ်။ ဘီလီဝုဖော့ က လက်ရှိ ဖောင်းကုမ္ပဏီရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲဖြစ်ပြီး မတ်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) မှာ ဒြပ်ပစ္စည်းသိပ္ပံဘာသာရပ် (Material Science) ကို လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ ထို ဓာတ်ခွဲခန်းမကြီးအတွင်းမှာ မှန်တံခါးတပ်ရေခဲသေတ္တာတွေနဲ့ဆင်တဲ့ စမ်းသပ်အခန်းငယ်တွေကို အစဥ်လိုက်တန်းစီပြီး‌ နေရာချထားပါတယ်။ စမ်းသပ်ခန်းတစ်ခုချည်းကိုလည်း အော်ရီယိုကွက်ကီး နာမည်တွေပေးထားပြီး ဟာသ သဘောနဲ့နာမည်ပေးထားခြင်းမှန်း ကျွန်မနောက်မှ သဘောပေါက်ခဲ့ပါတယ်။ (အံ့သြသွားခဲ့တာက လေဒီဂါဂါကြော်ငြာတဲ့ ပန်းရောင်ဝေဖာနဲ့အစိမ်းရောင်ခရင်မ်ပါတဲ့ အော်ရီယိုအမည်လည်း တွေ့ခဲ့ပါတယ်။)

စမ်းသပ်အခန်းငယ်တွေထဲမှာ နည်းပညာမြင့် တပ်ပါဝဲလ်ဗူး (အစားအစာထည့်သောကော်ဗူးပုံစံ) တွေ ရှိပြီး ထိုဗူးတွေရဲ့ အဖုံးတွေမှလည်း ဝါယာကြိုးတွေ ထိုးထွက်နေပါတယ်။ ထိုဗူးတွေထဲမှာ ရေနဲ့စိမ်ထားတဲ့ သံပြားအချပ်တွေလည်း ရှိပါတယ်။ “ကျွန်တော်တို့ ဗူးတစ်ဗူးချည်းစီမှာ ဓာတ်မတူညီတဲ့သံပြားတွေကို ပုံစံမျိုးစုံထည့်ပြီး စမ်းသပ်ပါတယ်။ တက္ကဆက် ဒါမှမဟုတ် ဂျာမနီ စတဲ့ ထုတ်တဲ့နေရာပေါ်မူတည်ပြီးလည်း ကွာသလို လျှပ်စစ်စီးဝင်နိုင်တဲ့အရည် (အီလက်ထရိုလိုက်) လည်း ကွာခြားပါတယ်။” လို့ ဘက်ထရီစမ်းသပ်ခြင်းအကြောင်းကို ဝုဖော့က ရှင်းပြပါတယ်။

ဖောင်းကုမ္ပဏီမှထုတ်တဲ့ အတိုင်းအတာပြည့် ဘက်ထရီတွေကို အခု၅၀စီပါဝင်တဲ့ ထုတ်ပိုးမှုတစ်ခုချည်းစီ ပြုလုပ်မှာဖြစ်ပါတယ်။ ထို ဘက်ထရီ အခု၅၀ပါတဲဲ့ အထုပ်တစ်ထုပ်ဟာ အိမ်သုံးအဝတ်လျှော်စက်နဲ့ အခြောက်ခံစက် ပူးတွဲအရွယ်လောက်ရှိပြီး ထုပ်ပိုးမှု ၁၀ခုဆိုရင် သင်္ဘောတင် ကွန်တိန်နာတစ်ခုစာလောက် အရွယ်ပမာဏ ကြီးပါတယ်။ ပထမဆုံးကွန်တိန်နာ အခု၃၀ကို လေစွမ်းအင်အများအပြား ဝယ်ယူသုံးစွဲနေတဲ့ မင်နီဆိုတာအခြေစိုက်စွမ်းအင်လုပ်ငန်း Great River Energy မှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လေတိုက်ပြင်းတဲ့နေ့တွေမှာ ဘက်ထရီတွေက စွမ်းအင်သို‌လှောင်ထားပြီး လေငြိမ်တဲ့ရက်တွေမှာတော့ သံပြားတွေကို သံချေးတက်စေခြင်းဖြင့် လျှပ်စီးကြောင်း (အီလက်ထရွန်များ) ကို ဓာတ်အားလိုင်းထဲသို့ ပြန်လည်ဖြည့်စွမ်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

ဖောင်းကုမ္ပဏီရဲ့ လက်ရှိအလုပ်အမှုဆောင် မာတေးယို ဟာရာမီယို က သီအိုလော်ဂျီ (ထာဝရဘုရားသခင်နှင့် ဘာသာရေး လေ့လာမှုပညာ) ကိုဆည်းပူးခဲ့ပြီး နောက်ပိုင်းမှာ တက်စလာကုမ္ပဏီရဲ့ အမှုဆောင်ဖြစ်လာခဲ့ပါတယ်။ တက်စလာကုမ္ပဏီမှာ သူအလုပ်လုပ်ခဲ့စဥ်က လီသီယမ်အိုင်းယွန်း ဘက်ထရီလုပ်ငန်းမှာ လုပ်ခဲ့ပါတယ်။ ထို ဘက်ထရီတွေကို လျှပ်စစ်မော်တော်ယာဥ်တွေမှာ အများဆုံးအသုံးပြုပြီးတော့ ယခုနောက်ပိုင်း အိတ်ဆောင်ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းများတွေမှာ ပုံသဏ္ဍာန်အရွယ်မျိုးစုံနဲ့ အသုံးပြုလာကြပါတယ်။

“လီသီယမ်အိုင်းယွန်း တွေက အလွန်ထူးခြားကောင်းမွန်ပါတယ်”လို့ ဟာရာမီယို ကပြောပါတယ်။ “သန့်ရှင်းစွမ်းအင် စတဲ့ နည်းပညာ တွေရှိနေရင်တောင်မှ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေနေရာမှာ အစားထိုးဖို့အတွက် အလွန်ခက်ခဲပါသေးတယ်။ ထိုစက်ရုံတွေကို အစားထိုးဖို့ဆိုရင် လီသီယမ်အိုင်းယွန်းထက် အနည်းဆုံး ဆယ်ဆလောက် စျေးသက်သာတဲ့ အရာတစ်ခု လိုအပ်ပါတယ်။” ထပ်ခါထပ်ခါသံချေးပြန်တက်ခြင်းနည်းအတွက် လိုအပ်တဲ့ လေ၊ ဆားငန်ရေနဲ့ သံဓာတ် စတာတွေဟာ လက်တွေ့အားဖြင့် အကန့်အသတ်မရှိနီးပါး‌ ပေါများပါတယ်။ “ကျောက်မီးသွေး အပြင် သံသတ္တုကလည်း ကမ္ဘာပေါ်မှာ အများဆုံး တူးဖော်တဲ့ သတ္တုအမျိုးအစား ဖြစ်တယ်” လို့ ဟာရာမီယို ကပြောပါတယ်။ "ဒါကြောင့် ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။"

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Tuesday, July 15, 2025

“G” for Climate Change: Green Concrete

အစိမ်းရောင်ကွန်ကရစ်

“ကျွန်တော်တို့ အေးခဲခြင်း နဲ့ အရည်ပျော်ခြင်း စမ်းသပ်ချက်တွေကို ဒီဓာတ်ခွဲခန်းထဲမှာ ပြုလုပ်နေကြတယ်။” လို့ အီရန်-ကနေဒါလူမျိုးဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာ သုတေသနပညာရှင် မဲဒက်မဟူတီယမ် က ပြောပါတယ်။ သူက ပလက်စတစ်ဗူးတစ်ဗူးရဲ့ အဖုံးကိုဖွင့်ပြီး အထဲမှာရှိတဲ့ မီးခိုးရောင်အတုံးလေးတစ်တုံးကို ပြပါတယ်။ ထိုအတုံးလေးက အချိုရည်သံဗူးအရွယ်လောက်ရှိပြီး လက်မဝက်ခန့် အေးခဲနေတဲ့ ရေထဲမှာ မြုပ်နေပါတယ်။

ထိုအတုံးလေးကို ညွှန်ပြပြီး “ဒါက ဘိလပ်မြေမပါတဲ့ ကွန်ကရစ်တုံးလေ၊ ပြီးတော့ ဒါက ဆားငန်ရည်၊ ၁၈နာရီလောက် အအေးခံရပြီး သာမာန်အပူချိန်မှာဆို ၆နာရီအတွင်း အရည်ပျော်ကျတယ်” လို့ မဟူတီယမ်က ရှင်းပြပါတယ်။ လေယာဥ်မောင်းလေ့ကျင့်ပြီး နောက်နေ့မှာပဲ ကျွန်မ ဒီခရီးစဥ်ကို ရောက်လာခြင်းဖြစ်ပါတယ်။ ကံအကြောင်းမလှစွာနဲ့ ကနေဒါနယ်စပ်မှာ ကျွန်မစီးမယ့်လေကြောင်းလိုင်း ထွက်ခွာမှုနောက်ကျတာကြောင့် မွန်ထရီရယ်မြို့ စက်မှုဇုန်ထဲမှာရှိတဲ့ ကာဘီခရိ (CarbiCrete) ကုမ္ပဏီကြီးဆီ လာရောက်ဖို့ စီစဥ်ဖြစ်သွားတာပါ။ ကုမ္ပဏီထူထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မဟူတီယမ် က ကျွန်မကို အာအမ်ဒီ (R.& D.) သုတေသန အဆောက်အအုံအတွင်းကို လိုက်ပြပါတယ်။ အဆောက်အအုံအတွင်းမှာ အလွန်ကျယ်‌လောင်တဲ့အသံဟာ မိနစ်အလိုက် ဆက်တိုက်ထွက်နေပါတယ်။ “ဒီအသံက ခုနက ကျွန်တော်ပြတဲ့ ဘလော့တုံးတွေကို ပြုလုပ်နေတဲ့ အသံလေ” လို့ မဟူတီယမ် က အကျယ်ကြီးအော်ပြောပါတယ်။

စမ်းသပ်မှုအတွက် အပြိုင်ဆောက်ထားတဲ့ ကွန်ကရစ်နံရံကြီး ၂ခုရှိတဲ့ ဒုတိယအခန်းဆီကို ကျွန်မတို့ ဝင်ကြည့်ကြပါတယ်။ ထိုနံရံ ၂ခုကို ‌ရေချိုးခန်းနံရံပုံစံတွေလို ဆောက်ထားပြီး ရေကျနေတဲ့ PVC ပလက်စတစ်ပိုက်တွေလည်း တပ်ဆင်ထားပါတယ်။ တဖက်ခြမ်းက လေပန်ကာတစ်ခုကလည်း ရေတွေကို နံရံဘက်ဆီကို မှုတ်ထုတ်ပေးနေပါတယ်။ နံရံတစ်ခုက သာမာန်ကွန်ကရစ်နဲ့ ဆောက်ထားတာဖြစ်ပြီး နောက်နံရံတစ်ခုကတော့ ကာဘီခရိကုမ္ပဏီကထုတ်တဲ့ ကွန်ကရစ်နဲ့ ဆောက်ထားတာ ဖြစ်တယ်လို့ မဟူတီယမ် က ရှင်းပြပါတယ်။ ‌ထိုနံရံ၂ခုရဲ့ ‌ရေစုပ်ယူနိုင်စွမ်းကို တိုင်းတာဖို့ ဖြစ်ပါတယ်။ “နောက်နာရီအနည်းငယ်ကြာရင် နံရံတွေရဲ့ စိုထိုင်းဆကို တိုင်းတာပြီး တွက်ချက်မှုအချို့ ကျွန်တော်တို့ ပြုလုပ်မှာ ဖြစ်တယ်” လို့ မဟူတီယမ် က ဆက်ပြောပါတယ်။

ကွန်ကရစ်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ညစ်ညမ်းမှု ဖြစ်စေတဲ့ ဖြေရှင်းဖို့အရမ်းခက်တဲ့ အရာတွေထဲက တစ်ခုပါ။ ပေါ့လန်းဘိလပ်မြေ (Portland cement) တွေဟာ စကျင်ကျောက်မှုန့်တွေကို ချွံ့စေးနဲ့ရောပြီး ၂၀၀၀ ဒီဂရီဖာရင်ဟိုက်မှာ အပူပေး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖြစ်စဥ်က ကျောက်မီးသွေးလောင်စာသုံးစွမ်းအင် အများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် အခြေခံအကျဆုံးကတော့ ဘိလပ်မြေရဲ့ ဓာတုဖွဲ့စည်းပုံ ဖြစ်တဲ့ စကျင်ကျောက်ကို ဘိလပ်မြေမှုန့်ရတဲ့အထိ အပူပေးနေချိန်မှာ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်‌ငွေ့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနစ် တစ်နှစ်တည်းမှာ‌တင် ကွန်ကရစ် ထုတ်လုပ်တဲ့ တန်ချိန်ပေါင်း ကမ္ဘာပေါ်မှာ ၃၀ဘီလီယံတန်‌ ရှိပြီး ထိုပမာဏဟာ ကမ္ဘာပေါ်က လူတစ်ဦးချည်း ၄တန်စီ အသုံးပြုလို့ ရနိုင်တဲ့ အလွန်များတဲ့ ပမာဏဖြစ်ပါတယ်။ ထိုမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ကမ္ဘာပေါ်မှာ နှစ်စဥ်ထုတ်လွှတ်နေတဲ့ ကာဗွန်ပမာဏရဲ့ အကြမ်းဖျဥ်း ၈ရာခိုင်နှုန်းလောက်ရှိပြီး လေယာဥ်တွေ သင်္ဘောတွေမှ ထွက်တဲ့ ပမာဏထက် ပိုများပါတယ်။ ဒါကြောင့် အစိမ်းရောင်ကွန်ကရစ်လို့ ခေါ်တဲ့ ဘိလပ်မြေမပါတဲ့ကွန်ကရစ်ကို တီထွင်ထုတ်လုပ်ခြင်းဟာ စိတ်ဝင်စားစရာကောင်းသလို တကယ်တမ်း လိုအပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။

ကာဘီခရိ ကုမ္ပဏီက စတီးထုတ်လုပ်ရာမှ ကြွင်းကျန်တဲ့ သတ္တုချေးတွေကို ဘိလပ်မြေနေရာမှာ အစားထိုးအသုံးပြုပါတယ်။ သတ္တုချေးတွေကို အမှုန့်ကြိတ်ပြီး ကျောက်ခဲမှုန့်တွေနဲ့အတူ ရေနဲ့ရောစပ်ပါတယ်။ ရလာတဲ့ စီးစီးပျစ်ပျစ်အ‌ရည်တွေက ပုံမှန်ကွန်ကရစ်နဲ့ ပုံသဏ္ဍာန်တူပြီး အတုံးဖြစ်စေ အချောင်းဖြစ်စေ လိုသလို ပုံသွင်းလို့ ရပါတယ်။

လက်ရှိမှာတော့ ကာဘီခရိ ကွန်ကရစ်လို့ လူသိလာကြတဲ့ ဒီထုတ်ကုန်ဟာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရုံတင်မက ကာဗွန်ဓာတ်ငွေ့ကိုပါ ပြန်ပြီး စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ မဟူတီယမ် က ထမင်းပေါင်းအိုးတွေကို တန်းစီထားသလိုမျိုးရှိတဲ့ စက်အတန်းကြီးဆီသို့ ကျွန်မကို ခေါ်သွားပါတယ်။ စက်တစ်ခုချည်းစီကို ကာဗွန်ဓာတ်ငွေ့ထည့်ထားတဲ့ ဗူးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ စက်အတွင်းထဲမှာတော့ စိုစွက်နေတဲ့ ကာဘီခရိ ကွန်ကရစ်တုံးလေးတွေဟာ ဗူးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဓာတ်ပြုနေပြီး ဓာတ်ငွေ့ထုတ်လွှတ်မယ့်အစား ကာဗွန်ဓာတ်ငွေ့ကို ပြန်ပြီး စုပ်ယူနေတာ တွေ့ရပါတယ်။

“စက်ကို ကိုင်ကြည့်ပါလား” လို့ မဟူတီယမ် က ပြောပါတယ်။ စက်တွေက ပူနေပါတယ်။ “ဒီဓာတ်ပြုမှုက သူ့ဘာသာ အပူတွေထုတ်နေတာ၊ အပူထပ်ပေးဖို့ မလိုတော့ဘူး” လို့ သူက ဆက်ရှင်းပြပါတယ်။

လက်ရှိမှာ ကာဘီခရိ ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ‌ရောင်းသူတွေဆီကနေဝယ်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်နေပါတယ်။ နောက်ပိုင်းမှာတော့ တခြား လျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းစုတွေနဲ့ စတီးလုပ်ငန်းတွေဆီမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အသုံးပြုဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီစမ်းသပ်ချက်က ခဲလုံးတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်သလိုပါပဲ။ ကျွန်တော်တို့ ဘိလပ်မြေ အသုံးပြုစရာမလို‌တော့ဘူး။ ကာဗွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ငွေ့ကိုလည်း စုပ်ယူနိုင်ပြီ။ ပြီးတော့ စတီးလုပ်ငန်းရဲ့ စွန့်ပစ်အမှိုက် သတ္တုချေးတွေကိုလည်း ပြန်သုံးနိုင်ပြီ။” လို့ မဟူတီယမ် က ပြောပါတယ်။ ကျွန်မပြန်ဖို့ အချိန်ရောက်လာတော့ မဟူတီယမ် က ကျွန်မကို ကာဘီခရိ ကွန်ကရစ်ချောင်းနဲ့ ကွန်ကရစ်တုံး ဘာကို အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားချင်လဲလို့ မေးပါတယ်။ ကျွန်မ အချိန်ခဏမျှ စဥ်းစားလိုက်ပြီး နှစ်ခုစလုံးကို ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Monday, June 16, 2025

“F” for Climate Change: Flight

ပျံသန်းခြင်း

အယ်လီရာ လို့အမည်ရတဲ့ လေယာဥ်ဟာ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်တဲ့လုံးထည်ရှိပါတယ်။ နောက်ဆုံးပေါ်လေယာဥ် F-16 ဒီဇိုင်းနဲ့ဆင်ပြီး ပင်လယ်ငှက်တစ်ကောင်လို ပုံသဏ္ဍာန်မျိုးပါ။ ထိုလေယာဥ်မှာ တောင်ပံတွေကို ကန့်လန့်ဖြတ်တပ်ဆင်ထားတဲ့ ဝင်ရိုးတွေပေါ်၌ နံရံကပ်ပန်ကာလိုလည်နေတဲ့ လေဒလက်လေးခုပါရှိပါတယ်။ ကျွန်မ လေယာဥ်ခေါင်းခန်းထဲမှာ ရှိနေပါတယ်။ လေယာဥ်မောင်းနည်းပြ ဗင့်မော်ကင် က လေယာဥ်လီဗာကို ဖြည်းဖြည်းချင်းဆွဲဖို့ ကျွန်မကို သင်ကြားပေးနေပါတယ်။ ထိုအချိန်မှာ လေဒလက်လေးခုက စတင် လည်ပတ်လာပြီး လေယာဥ်ခေါင်းခန်းရဲ့ ကြမ်းပြင်တွေတုန်လာပါတော့တယ်။ ကျွန်မတို့ရှေ့မှာမြင်နေရတဲ့ လေ့ကျင့်ရာဖန်သားပြင်ပေါ်က မြေပြင်မြင်ကွင်းဟာလည်း လေယာဥ်မြင့်တက်လာခြင်းနဲ့အတူ တဖြည်းဖြည်း ပျောက်ကွယ်လာပါတော့တယ်။

“ကျွန်တော်တို့ စတင်ပျံသန်းပါပြီ” လို့ မော်ကင် က တက်ကြွစွာအော်ပြောလိုက်ပါတယ်။ ကျွန်မ လီဗာကို ဖြည်းဖြည်းချင်းပြန်ချလိုက်တဲ့အခါမှာ ‌ရှေ့ကလည်နေတဲ့ လေဒလက်တွေ ရပ်သွားပြီး အနောက်ဘက်က လေဒလက်တွေပဲ လည်နေပါတော့တယ်။ ကျွန်မတို့ယခု အရှေ့ဘက်တည့်တည့်မှာရှိတဲ့ ဗားမောက်ပြည်နယ်၊ ဘာလင်တန်မြို့ရဲ့ ချန်ပလိန်းရေကန်ကြီးဆီကို ဦးတည်ပျံသန်းနေတာပါ။ မော်ကင် က ကျွန်မလေယာဥ်မောင်းနေပုံကို ချီးကျူးပြီး မကြာခင်ဘဲ မြေပြင်နဲ့ပြန်နီးလာတာကြောင့် ကျွန်မ လေယာဥ်ဦးကို ပြန်မော့ဖို့ လီဗာကို ဆွဲတင်လိုက်ပါတယ်။ ကျွန်မ လေ့ကျင့်ရာဖန်သားပြင်ပေါ်က ဦးတည်ရာကို ရေကန်ဆီသို့ သေချာလှည့်လိုက်ပြီး ရေကန်ရဲ့ရေပြင်ပေါ်မှာ ညင်သာစွာ ပျံသန်းလိုက်ပါတယ်။ ထို့နောက် စိတ်တိုင်းကျ မောင်းပြီးချိန်မှာပဲ လေယာဥ်ပြန်ဆင်းဖို့ အချိန်ရောက်လာပါတော့တယ်။ ကျွန်မ လေယာဥ်ကို အလျင်စလို ပြန်လှည့်လိုက်ချိန်မှာတော့ လေယာဥ်ပြန်ကွေ့သွားပုံဟာ လက်တွေ့မှာ တကယ့်လေယာဥ်အစစ် မောင်းနေရသလို ခံစားချက်ပါပဲ။ မြေပြင်ပေါ်ဆင်းသက်နေချိန်မှာပဲ လေယာဥ်ရုတ်တရက် လှုပ်ခါသွားပြီး ကားပါကင်အဆောက်အအုံနဲ့ ဝင်တိုက်ခါနီး ဖြစ်ခဲ့ပေမယ့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဥ်မောင်းခန်းထဲက ပြန်ထွက်လာချိန်မှာတော့ ကျွန်မခေါင်းတစ်ခုလုံး မူးနောက်နေတာပါပဲ။

ထို အယ်လီရာလေယာဥ်တစ်ခုလုံးကို လျှပ်စစ်နဲ့ လည်ပတ်စေပါတယ်။ ဟော်ကီကစားသမားဟောင်း ကိုင်ကလက် ပိုင်ဆိုင်တဲ့ ၂၀၁၇ ခုနစ်မှာ ထူထောင်ထားတဲ့ ဘီတာကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (ကလက် က ဟားဗတ်တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုနဲ့ ဘွဲ့ကြိုတက်ခဲ့ပြီး လေယာဥ်တစ်စင်းကို မော်တော်ဆိုင်ကယ်တစ်စီးကဲ့သို့ မောင်းနှင်နိုင်ခြင်း ဆိုတဲ့ သုတေသနစာစောင်ကို ရေးသားခဲ့ပါတယ်။) ဘီတာကုမ္ပဏီဆိုတာ ဘာလင်တန်လေဆိပ် လေယာဥ်များသိုလှောင်ရုံကနေ အထင်းသားမြင်နေရတဲ့ ယူပုံသဏ္ဌာန်အဆောက်အအုံဖြစ်ပါတယ်။ တစ်နေ့ ကျွန်မသွားရောက်လည်ပတ်ချိန်မှာတော့ ထိုလေယာဥ်သိုလှောင်ရုံထဲမှာ လေယာဥ်တွေအမြောက်အများ ရပ်နားထားပြီး အယ်လီရာလေယာဥ်လည်း တစ်စင်းအပါအဝင်ဖြစ်ပါတယ်။ တခြား အယ်လီရာအမည်ရ လေယာဥ်တစ်စင်းလည်း ရပ်နားထားပါတယ်။ ထိုအယ်လီရာက ဘန်တွန်ဗေး ကနေ ဗားမောက်ကို အကြိမ်ပေါင်းများစွာ ပျံသန်းမှုစမ်းသပ်ထားတဲ့ လေယာဥ်ပါ။ ကလက် ကိုယ်တိုင်လည်း ထိုစမ်းသပ်ပျံသန်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ကျွန်မတို့ လေယာဥ်မောင်းလေကျင့်ရာအခန်းရဲ့ အပေါ်ထပ် အစည်းအ‌ဝေးခန်းမထဲမှာ ထိုင်နေကြပါတယ်။ လေယာဥ်သိုလှောင်ရုံကိုလည်း အပေါ်စီးကနေ မြင်နေရပါတယ်။ “စမ်းသပ်ပျံသန်းမှု ခရီးစဥ်တစ်ခုချည်းစီက မိုင်ပေါင်း၁၈၀ခန့် ရှိတယ်။” လို့ ကလက်က ပြောပါတယ်။ ကလက်က ထပ်ရှင်းပြပါတယ်။ ဆပ်စနာ ကရာဗန် ဆိုတဲ့လေယာဥ်က အယ်လီရာလေယာဥ်အနောက်ကနေ တောက်လျှောက်လိုက်ပြီး ပျံသန်းမှုကို လိုက်စစ်ဆေးပါတယ်။ အယ်လီရာလေယာဥ် တစ်ကြိမ်ပျံသန်းတိုင်း လျှပ်စစ်စွမ်းအင်ဖိုး ဒေါ်လာ၂၀ခန့်လောက် ကုန်ကျတယ်လို့ ကလက်က ခန့်မှန်းပြောဆိုပါတယ်။ အကွာအဝေးအတူတူပျံသန်းမှုမှာပဲ ဆပ်စနာလေယာဥ်ကတော့ လောင်စာဆီဖိုး ဒေါ်လာ ၆၀၀ နီးပါးလောက် ကုန်ကျပါတယ်။

“ကျွန်တော် ပြောချင်တာ ဒီအကြောင်းအရာပါပဲ” လို့ ကလက်က ဆက်ပြောပါတယ်။ “တကယ်တမ်းတော့ ဒီစမ်းသပ်မှုနှစ်ခုမှာ ကျွန်တော်တို့ ပေးချေလိုက်ရတဲ့ စွမ်းအင်ပမာဏရဲ့ ကုန်ကျစရိတ်တွေအကြောင်းပါ။ ခြားနားချက်က လိုအပ်တဲ့စွမ်းအင်ပမာဏကို ငွေကြေးနည်းနည်းဖြင့် အကျိုးရှိရှိ အသုံးချနိုင်ခြင်းနဲ့ ‌‌‌‌‌ငွေကြေးအမြောက်အမြားပေးပြီး သုံးစွဲလိုက်ရခြင်းပဲ ဖြစ်ပါတယ်။”

လောင်ကျွမ်းအင်ဂျင်စက်တွေ အသုံးပြုခြင်းနဲ့ ယှဥ်လိုက်ရင် လျှပ်စစ်မော်တာတွေအသုံးပြုခြင်းက ပိုပြီး အကျိုးများစေပါတယ်။ တူညီတဲ့စွမ်းအင်အသုံးပြုမှုမှာပဲ လျှပ်စစ်ကားတွေက ပုံမှန်အင်ဂျင်ကားတွေထက် ခရီး၂ဆလောက် သွားနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်လေယာဥ်တွေရဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဘက်ထရီအလေးချိန်စီးတာပါပဲ။ (ဂျက်လေယာဥ်တွေလည်း အလေးချိန်စီးပေမယ့် အင်ဂျင်လောင်ကျွမ်းသွားတဲ့အခါမှာ လေယာဥ်အလေးချိန်က လျော့ကျသွားတာမျိုးရှိပါတယ်။)

ဒါပေမယ့် အယ်လီရာလေယာဥ်တွေက နည်းပညာ တစ်ဟုန်ထိုး တိုးတက်လာခြင်းရဲ့ ပြယုဥ်ပါပဲ။ ဘီတာကုမ္ပဏီကလည်း လေကြောင်းကုန်ပစ္စည်းသယ်ဆောင်‌‌ရေးအတွက် အမေရိကန်အစိုးရဗဟိုလေကြောင်းဌာန (Federal Aviation Administration) ရဲ့ ခွင့်ပြုချက်ရထားပြီး၊ UPS (United Parcel Service) ကုမ္ပဏီမှလည်း အယ်လီရာလေယာဥ်အစင်းပေါင်း ၁၅၀ အမှာလက်ခံထားပြီး ဖြစ်ပါတယ်။ ခရီးသည်သယ်ဆောင်တဲ့ လျှပ်စစ်လေယာဥ်တွေ ဆောက်လုပ်တဲ့လုပ်ငန်းခွင်မှာလည်း အလုပ်သမားဦးရေ မြင့်တက်လာနေပါတယ်။ ဝါရှင်တန်အခြေစိုက် အယ်ဗီရေးရှင်း လေယာဥ်ကုမ္ပဏီကလည်း အယ်လစ် လို့ အမည်ရတဲ့ ခရီးသည်၉ယောက်မျှ တင်နိုင်တဲ့ အသေးစား လျှပ်စစ်လေယာဥ် စမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်နေပါတယ်။ မက်ဆာချူးဆက် အခြေစိုက် ကပ်အဲလ် လေကြောင်းကုမ္ပဏီကလည်း အဲလစ် အစင်းပေါင်း ၇၅စင်းလောက် ဝယ်ယူဖို့ စီစဥ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ နယူးယောက်ပြည်နယ် အယ်ဘီနီမြို့မှာရှိတဲ့ ဝိုက် အီလက်ထရစ် လေကြောင်းကုမ္ပဏီကလည်း ခရီးတိုပျံသန်းတဲ့ ဗြိတိန်ထုတ်ဂျက်လေယာဥ် BAe 146 အမျိုးအစားတွေကို လျှပ်စစ်စွမ်းအင်သုံးလေယာဥ်တွေအဖြစ် ပြောင်းလဲဖို့ စီစဥ်နေကြပါတယ်။ “၂၀၂၆ ကစပြီး ခရီးတိုပျံသန်းတဲ့ လေယာဥ်တွေအားလုံး ဓာတ်‌ငွေ့ထုတ်လုပ်မှု သုညအမှတ် ရောက်ပြီ” လို့ ဝိုက်လေကြောင်းကွန်ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Saturday, May 3, 2025

“E” for Climate Change: Electrify Everything

လျှပ်စစ်ဖြင့် အရာရာလည်ပတ်ခြင်း

ထပ်ပြီး ဆက်ပြောရအောင်ပါ။ ဒီတစ်ခါတော့ ခံစားချက်အတိုင်း ပြောမှာဖြစ်ပါတယ်။

BIWF2 ဆိုတာ ရုတ်ကျွန်းနဲ့ ၁၅မိုင်လောက်ဝေးတဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ထိုးထွက်နေတဲ့ လေရဟတ်တိုင် ရဲ့ အမည်ဖြစ်ပါတယ်။ ထိုလေရဟတ်တိုင်က အမြင့်ပေ ၆၀၀ ရှိပြီး ဝါရှင်တန်ကျောက်တိုင်ထက်တောင် ပိုမြင့်ပါတယ်။ လေရဟတ်တိုင်ရဲ့ အသွားတစ်ခုချည်းဆိုရင်ပဲ ပေ၂၀၀ကျော်လောက် ရှည်ပါတယ်။ ကျွန်မ အဲ့ဒီ လေရဟတ်တိုင်တွေရှိတဲ့ နေရာဆီသို့ သီးသန့်ရောက်တဲ့ လှေတစ်စင်းပေါ်မှာ ရှိနေပါတယ်။ လေရဟတ်တိုင်တွေကို အောက်ခြေကနေ မတည်ထားတဲ့ သတ္တုစဥ်ကြီး အနီးကို ရောက်ဖို့အတွက် လှေမောင်းတဲ့သူက ပဲ့ကို သေချာထိန်းပြီး မောင်းနှင်နေပါတယ်။ အလွန်ကြီးမားတဲ့ လေရဟတ်ရဲ့အသွားတွေက ကျွန်မတို့လှေရဲ့ အပေါ်ဘက်တည့်တည့်မှာပဲ စည်းချက်ကျကျ လည်ပတ်နေပါတယ်။ ထိုအသွားတွေရဲ့ အလွန်ကျယ်လောင်ပြီး မြန်ဆန်တဲ့ လေတိုးဝင်တဲ့အသံတွေဟာ ကျွန်မအတွက်တော့ တကယ့်ကို အဆန်းတကြယ်ပါပဲ။ ဤအတွေ့အကြုံက စိတ်လှုပ်ရှားစရာလည်းကောင်းသလို အနည်းငယ်လည်း ထိတ်လန့်ကြောက်ရွံမှု ဖြစ်စေပါတယ်။ ထိုလည်နေတဲ့ လေရဟတ်တိုင်တွေ လှေရဲ့အနီး အောက်ဘက်ကို ရွေ့လာချိန်တိုင်း လှေပေါ်ကလူတွေက ပင်လယ်ငှက်ကြီးတစ်ကောင် ကုန်းပတ်ပေါ်မှာ လာနားတော့မလိုမျိုး ရင်တုန်ထိတ်လန့်စွာနဲ့ အော်ဟစ်ကြပါတယ်။

BIWF2 ရဲ့ ပင်လယ်ပြင်အကွာအဝေးမိုင် (nautical mile) တစ်ဝက်လောက်မှာ အလားတူ လေရဟတ်တိုင်တစ်တိုင်ရှိပြီးတော့ တောင်ဘက်မှာတော့‌ နောက်ထပ် လေရဟတ်၃တိုင် ရှိပါတယ်။ ထိုလေရဟတ်တိုင်တွေ အကုန်လုံးကို Block Island Wind Farm လို့အမည်ရတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ပင်လယ်ပြင် လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီးမှထုတ်တဲ့ တာဘိုင်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထပ်မံပြီး မက်ဆာချူးဆက် ကနေ မြောက်ဘက် ကယ်ရိုလိုင်းနား အထိ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် တစ်ဒါဇင်ထက်ကျော်တဲ့ လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေ ပြုလုပ်ဖို့လည်း အစီအစဥ် ချထားပါတယ်။ ထိုစီမံကိန်းမှာ အသုံးပြုမယ့် တာဘိုင်တွေနဲ့ ယှဉ်လိုက်ရင်တော့ BIWF2 တာဘိုင်တွေက အလွန်သေးပြီး အားနည်းသယောင်တောင် ရှိသွားပါတယ်။

ကျွန်မ BIWF2 ရဲ့ လေရဟတ်အသွားတွေကို ‌ငေးကြည့်နေရင်း အနာဂတ်ကို ‌ရူမြင်နေရသလိုမျိုး မျှော်လင့်ချက်ခွန်အားတွေနဲ့ ပြည့်နေတဲ့ နောင်တစ်ချိန်ကာလကို မြင်ယောင်လာပါတယ်။ BIWF2 ဆိုတဲ့ လေရဟတ်တိုင်ကြီးဟာ လူတွေရဲ့ စိတ်ကူးဉာဏ်ထဲမှ တွေးတောနေတဲ့ ကြီးကျယ်ထူးခြားတဲ့ အရာမှန်သမျှဟာ လက်တွေ့ အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ ပြယုဥ်တစ်ခုလိုပါပဲ။

၁၉၉၂ ခုနစ် မြေကမ္ဘာထိပ်သီးအစည်းအဝေး (Earth Summit) ကျင်းပတဲ့နှစ်တွင် ကမ္ဘာပေါ်မှာ ဗန်ဒဘီ (Vindeby) လို့ခေါ်တဲ့ လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုတည်းသာ ရှိပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ လော့လန်းကျွန်းပေါ်မှာ တည်ရှိပြီး တာဘိုင်၁၁ခုတည်းနဲ့ တည်ဆောက်ထားတာကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ပမာဏက လက်ရှိ BIWF2 နဲ့ယှဥ်ရင် အလွန်နည်းပါတယ်။ ယနေ့မှာတော့ ကမ်းလွန်ပင်လယ်ဒေသတွေမှာ လေရဟတ်တိုင်ကွင်းပြင်တွေရှိလာပြီး အများစုကတော့ ဥရောပ နဲ့ တရုတ် ရေပိုင်နက်တွေမှာ ရှိပါတယ်။ ဟွန်းစီး၂ (Hornsea 2) လို့ခေါ်တဲ့ အကြီးဆုံး လေရဟတ်တိုင်ကွင်းပြင်ကတော့ အင်္ဂလန်ကမ်းရိုးတန်း မြောက်ပင်လယ်ဘက်မှာ တည်ရှိပါတယ်။ တာဘိုင်အလုံးရေ ၁၆၅ လုံးနဲ့ ဖွဲ့စည်းထားပြီး လေရဟတ်တိုင်တွေ တစ်ပတ်လည်လိုက်ရင်ပဲ အိမ်တစ်အိမ်စာကို လျှပ်စစ်မီး တနေ့တာပမာဏ ပေးနိုင်တဲ့အထိ ထုထည်ကြီးမားပါတယ်။ Block Island Wind Farm နဲ့ ဟွန်းစီး၂ (Hornsea 2) ကို အရင်ကတော့ DONG လို့အမည်ရပြီး အခုနောက်ပိုင်း အောစတက် (Orseted) လို့အမည်ပြောင်းလိုက်တဲ့ ဒိန်းမတ်ရေနံနဲ့ သဘာဝဓာတ်‌‌ငွေ့ကုမ္ပဏီကြီး တစ်ခုတည်းက ပိုင်ဆိုင်ပါတယ်။ ဒီကုမ္ပဏီက အမှန်တော့ ၂၀၁၇ ခုနစ်မှာ ဖျက်သိမ်းလိုက်တဲ့ ဗန်ဒဘီ (Vindeby) လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီပါ။ တာဘိုင်အသုံးပြုမှု အရေအတွက် များလာလေလေ လျှပ်စစ်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ် သက်သာလာလေလေ ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၀စုနှစ်အတွင်းမှာပဲ ကမ်းလွန်လေအားသုံး လျှပ်စစ်စျေးနှုန်းဟာ တစ်ဝက်တိတိကို ထိုးကျသွားတာ ဖြစ်ပါတယ်။

ကုန်းမြေပြင်ပေါ်မှာလည်း လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ အများအပြား ထူထောင်လာကြပြီး လျှပ်စစ်စျေးနှုန်းတွေကလည်း သက်သာကျဆင်းလာပါတယ်။ ယနေ့ခေတ်အခြေအနေအရ ကမ္ဘာ့နေရာ အနှံ့အပြားတွင် လေအားလျှပ်စစ်ထုတ်လုပ်ရေး၌ တာဘိုင်တပ်ဆင်တဲ့ ကုန်ကျစရိတ်ဟာ သဘာဝဓာတ်‌ငွေ့သုံး ဓာတ်အားပေးစက်တွေ လည်ပတ်နေတဲ့ ကုန်ကျစရိတ်ထက်တောင် စျေးနှုန်းပိုသက်သာနေပါတယ်။ ဒါကြောင့် ဒိန်းမတ်၊ အိုင်ယာလန် နဲ့ အနောက်အိုကလာဟိုးမား လို လေတိုက်နှုန်း အရမ်းများတဲ့နေရာတွေမှာဆိုရင် လိုအပ်တဲ့ပမာဏထက်ကျော်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်နေတာကြောင့် ရောင်းချသူတွေက သုံးစွဲသူတွေကို ဝယ်တဲ့ပမာဏထက်ပိုပြီး ပေးနေတာမျိုးတွေတောင် ရှိပါတယ်။

နေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး ဆိုလာပါဝါ‌စျေးနှုန်းဟာလည်း အံ့မခန်းလောက်အောင် သက်သာကျဆင်းလာပါတယ်။ ၂၀၁၀ ခုနစ်မှစပြီး ဆိုလာစျေးနှုန်းဟာ ၈၀ ရာခိုင်နှုန်းကျော်လောက်အထိ ကျဆင်းသွားပါတယ်။ နိုင်ငံတကာစွမ်းအင်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့အစည်း (International Energy Agency) အရ ဆိုလာစွမ်းအင်ဟာ စျေးအသက်သာဆုံး လျှပ်စစ်စွမ်းအင်အချို့ထဲမှ စွမ်းအင်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပြန်လည်ဖြည့်စွမ်းမြဲစွမ်းအင်တွေ အလျင်အမြန် စျေးနှုန်းသက်သာကျဆင်းလာခြင်းဖြင့် မကြာတော့တဲ့ အနာဂတ်မှာပဲ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နေရာအရပ်ရပ်မှာပါ လျှပ်စစ်ထုတ်လုပ်မှုမှ လေထုညစ်ညမ်းခြင်းဒဏ်ကို အပြီးအပိုင် ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကယ်ရီဖိုးနီးယားပြည်နယ်မှာဆိုရင် လိုအပ်တဲ့ လျှပ်စစ်ပမာဏ မည်မျှမဆို မိနစ်အနည်းငယ်အတွင်းမှာပဲ အလျင်အမြန် ထုတ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံတွင်လည်း လေပြင်းပြင်းတိုက်တဲ့နေ့တိုင်းမှာ လျှပ်စစ်ပမာဏ အမြောက်အမြား ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

ဆိုတော့ လျှပ်စစ်ထုတ်လုပ်မှုမှ ကာဗွန်ဓာတ်ငွေ့ထွက်လာမှု လုံးဝ ကင်းပသွားပြီလို့ စဥ်းစားလိုက်ရင်ပဲ တခြားသော အခွင့်အလမ်း အမြောက်အများ လမ်းပွင့်လာပါတယ်။ အင်ဂျင်အသုံးပြုနေတဲ့ စက်တွေ ကားတွေမှာ လျှပ်စစ်မော်တာတွေ အစားထိုး အသုံးပြုလာနိုင်ပြီး ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်လာပါမယ်။ အလားတူ ကုန်ကား၊ ဘက်စ်ကား၊ ဖယ်ရီကား နဲ့ ကုန်ပစ္စည်းရွေ့ကား စတာတွေ မှန်သမျှကို လျှပ်စစ်ပလပ်ခေါင်းထိုးပြီး မောင်းနှင်ရုံပါပဲ။ လောင်စာစွမ်းအင်အသုံးပြုမှု မှန်သမျှကို လျှပ်စစ်သုံး အပူပေးစက်တွေနဲ့ အစားထိုးပြီး ဂတ်စ်မီးဖိုတွေနေရာမှာလည်း လျှပ်စစ်သံလိုက်ဓာတ်အားသုံးမီးဖိုတွေ ပြောင်းလိုက်လို့ရပါပြီ။ တက်နိုင်သမျှ လျှပ်စစ်စွမ်းအင်သာ ပြောင်းသုံးလိုက်ပါ။ အရာရာကို လျှပ်စစ်နဲ့ လည်ပတ်လို့ ရနေပါပြီ။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Friday, April 18, 2025

"D" for Climate Change: Despair

မျှော်လင့်ချက် ပျက်သုဥ်းခြင်း

မျှော်လင့်ချက်ပျက်သုဥ်းပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းဟာ အလုပ်မဖြစ်ပါဘူး။ ဘုရားလည်းမကြိုက်တဲ့ ပြစ်မှုတစ်ခုဖြစ်ပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Saturday, March 15, 2025

"C" for Climate Change: Capitalism

အရင်းရှင်စီးပွါးရေးစနစ်

ယခုလို ဆိုးဝါးလာတဲ့အခြေအနေတွေနဲ့ တိုးပြီးရင်ဆိုင်လာရတာတောင် ကမ္ဘာ့ရာသီဥတုအရေး ဖြေရှင်းဖို့အတွက် ဘာကြောင့် လုပ်ဆောင်မှုအနည်းငယ်သာ ဆောင်ရွက်နိုင်တာပါလဲ။ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။

တချို့သူတွေရဲ့ ယူဆချက်က “ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက် မက်လုံးလိုတယ်” လို့ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကို ရောင်းချပြီး ပိုက်ဆံအမြောက်အများရနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရှိပါတယ်။ ၂၀၂၂ ခုနစ်မှာ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီကြီး ၅ခုရဲ့ လုပ်ငန်းအမြတ်အစွန်းဟာ ၂၀၀ ဘီလီယံဒေါ်လာနီးပါးရှိတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပြီး တခြားသောပစ္စည်းများ၊ နေကာမျက်မှန်ကစလို့ ဆောက်လုပ်ရေးမှာသုံးတဲ့ စတီးရက်မတွေအထိ ထုတ်လုပ်ရောင်းချခြင်းဖြင့် အမြတ်အများအပြား ထပ်မံရနိုင်သေးတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းဆိုသလို ထိုစီးပွါးရေးလုပ်ငန်းကြီးတွေကပဲ ကမ္ဘာ့ရာသီဥတုအရေးဆိုသည်မှာ တခြားသော ဟိုလူဒီလူ ဖြေရှင်းရမယ့်အရေးဖြစ်တယ်ဆိုပြီး ပြောပြန်ပါတယ်။ တနည်းအားဖြင့်ဆိုလျှင် ဒီကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့ရာသီဥတုအရေးအပေါ် တာဝန်ခံမှုမရှိတဲ့အပြင် တခြားသူတွေကိုပါ ထပ်ပြီး စွပ်စွဲပြောဆိုနေပုံဖြစ်ပါတယ်။ ၂၀၀၅ ခုနစ် ကမ္ဘာ့ရာသီဥတုအရေးအတွက် ဗြိတိန်အစိုးရမှ ထုတ်ပြန်တဲ့ စတမ်း (Stern) စာစောင်အရ “ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကြောင့်ဖြစ်လာတဲ့ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ပြဿနာကြီးတစ်ခု ဖြစ်တယ်။” လို့ ဆိုပါတယ်။

ဒါကြောင့် ရာသီဥတုပြဿနာအတွက် ‘ဟိုလူဒီလူဖြေရှင်းမှရမယ်’ ‘ဒီလိုဖြေရှင်းရင် ဒီလိုအကျိုးအမြတ်ရမယ်’ ဆိုတဲ့ အဖြေရှာနည်းတွေထက် ကျူးလွန်ထားတဲ့ စီးပွါးရေးလုပ်ငန်းတွေကဖြစ်စေ တစ်ယောက်ချင်းဆီကဖြစ်စေ တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်။ တန်နဲ့ချီတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်လာတဲ့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ပေးလျှော်ရမယ်လို့ သတ်မှတ်လိုက်ရင် ဒီကိစ္စရဲ့ အဓိကတာ၀န်ခံဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကဖြစ်စေ တစ်ဦးတစ်ယောက်ကဖြစ်စေ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး နည်းလမ်းတွေကို ရှာကောင်းရှာလာနိုင်ပါတယ်။ ၂၀၁၉ခုနစ်မှာ နိုဘယ်ဆုရှင် ၂၈ယောက် အပါအဝင် စီးပွါးရေးပညာရှင်အယောက် ၃၅၀၀ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်စာအရ “ကာဗွန်အခွန်ကောက်ခံမှုဟာ ဒီဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှေ့ာချနိုင်တဲ့ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံး နည်းလမ်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။ ကာဗွန်အခွန်ကောက်ခံမှုဟာ စျေးကွက်စီးပွါးရေးစနစ်ကို နောက်ကွက်က ထိန်းချုပ်နေတဲ့ လုပ်ငန်းကြီးတွေရဲ့ ဓာတ်ငွေ့လျှေ့ာချရေးနည်းလမ်းတွေကို စဉ်းစားလာကြမယ့် အရွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

တခြားသောသူတွေရဲ့ ယူဆချက်ကတော့ “ရာသီဥတုပြဿနာအတွက် ကာဗွန်အခွန်ကောက်ခံခြင်းဆိုတဲ့ ရိုးရှင်းတဲ့အဖြေထက် ဒီပြဿနာရဲ့ နောက်ကွယ်က ကိစ္စရပ်တွေကိုလည်း နားလည်သဘောပေါက်ဖို့လိုတယ်။” လို့ဆိုပါတယ်။ နိုင်ငံရေးစနစ်တွေကို ခြုံကြည့်ရင်တော့ ကော်ပိုရေးရှင်းတွေရဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး သေသေချာချာ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ ဒီငွေကြေးတွေဟာ ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေမှရတဲ့ ပိုက်ဆံတွေပဲ ဖြစ်ပါတယ်။ (ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကြီးတွေက အစိုးရတွေရဲ့ မူဝါဒနဲ့ဆုံးဖြတ်ချက်တွေကို စိုးမိုးချယ်လှယ်နိုင်ဖို့ ဝါရှင်တန်အစိုးရတစ်ခုတည်းအတွက် သုံးတဲ့ ငွေကြေးပမာဏကိုကြည့်ရင်တောင် တစ်နှစ်ကို ဒေါ်လာ ၁၂၀ မီလီယံ ရှိတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။ ဒါ့ပြင်မက တခြားသော အဖွဲ့အစည်းတွေနဲ့ တစ်ဖက်လှည့်ပြီး ငွေကြေးထောက်ပံ့ပေးတာတွေလည်း ထပ်ရှိပါသေးတယ်။) ဒါကြောင့် အစိုးရတွေက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအသုံးပြုမှုလျှေ့ာချရေးဆိုတဲ့ ဥပဒေမူဝါဒတွေ ထုတ်ပြန်ရမယ်ဆိုတာ တကယ်တမ်း သုံးသပ်ကြည့်တော့ မဖြစ်နိုင်တဲ့ ကိစ္စရပ်ပါပဲ။ တကယ်လို့ ဒီမူဝါဒတွေချမှတ်လိုက်တယ်ဆိုပါစို့၊ အရင်းရှင်စီးပွါးရေးစနစ်ကို နောက်ကွယ်က လက်၀ါးကြီးအုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ရာသီဥတုပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုတာ အလှမ်းဝေးနေအုံးမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ရေနံမရတော့ရင် ဘက်ထရီတွေပြုလုပ်ဖို့ လီသီယံ (lithium) သတ္တုကို ထုတ်လာကြလိမ့်မယ်၊ လီသီယံ (lithium) မရတော့ရင် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်က ကိုဗော့ (cobalt) သတ္တုကို ထုတ်လာကြပါလိမ့်မယ်။

“ကျောက်ဖြစ်ရုပ်ကျွမ်းလောင်စာအသုံးမှုကြောင့် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ တကယ့်အကြောင်းအရင်းအစစ်အမှန် မဟုတ်ပါဘူး၊ အဆုံးမရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ စီးပွါးရေးစနစ်ကိုပုံဖော်ထားမှုကြောင့်သာ ဖြစ်တယ်” လို့ ဘာစီလိုနာတက္ကသိုလ်ရဲ့ စီးပွါးရေးမနုဿပညာရှင် ဂျက်ဆင်ဟေဂယ် က ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတုပြဿနာကို ဖြေရှင်းဖို့အတွက် အရင်းရှင်စီးပွါးရေးစနစ်ရဲ့ဘောင်ထဲမှာ အဖြေရှာလို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အရင်းရှင်စီးပွါးရေးစနစ်ရဲ့ အကျိုးဆက်ရလဒ်တစ်ခု ဖြစ်နေလို့ပါ။ အရင်းရှင်စီးပွါးရေးကို ကျော်လွန်နိုင်မယ့်စနစ် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ပြန်လည်သုံးသပ်ပြီး ‌ ဂျီဒီပီ (GDP) စတဲ့ အညွှန်းကိန်းတွေအလွန် လူမှုစီးပွါး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အမေရိကန်သဘာဝပတ်ဝန်းကျင်စာရေးဆရာ ဂျော့မွန်ဘရွန် က “လက်ခံရခက်တဲ့အမှန်တရားကတော့ ရာသီဥတုနဲ့ဂေဟကပ်ဘေးတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ကျွန်တော်တို့ အရှိန်လျှော့ချဖို့ လိုအပ်ပါမယ်” လို့ ဆိုပါတယ်။

တခြားသော တတိယအုပ်စုရဲ့ ယူဆချက်ကတော့ “ကြီးမားတဲ့ပြောင်းလဲမှုကိုဖော်ဆောင်ဖို့ ခက်ခဲတယ်ဆိုရင် ပိုကြီးမားတဲ့ပြောင်းလဲမှုကို လုပ်ဆောင်ဖို့ ပိုမခက်ခဲပေဘူးလား။ ကာဗွန်အခွန်ကောက်ခံဖို့တောင် မလုပ်နိုင်ဘဲနဲ့ စီးပွါးရေးစနစ်တစ်ခုလုံးကို ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါအုံးမလား” လို့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်ဆိုသူတွေရဲ့ ထင်မြင်ချက်တွေကို အားမလိုအားမရဖြစ်နေတဲ့ ရှုထောင့်ကနေ သုံးသပ်ကြပါတယ်။

ဘာသာပြန်-ရွှေသင်း

15/Mar/2025

Climate Change from A to Z (Elizabeth Kolbert)

Saturday, February 15, 2025

"B" for Climate Change: Blah Blah Blah

ဘလာ ဘလာ ဘလာ

၂၀၂၁ ခုနစ် စက်တင်ဘာလက မီလန်နိုင်ငံမှာ ပြုလုပ်တဲ့ ရာသီဥတုအရေးအတွက် လူငယ်များကွန့်ဖရန့် (Youth4Climate Conference) မှာ မိန့်ခွန်းစကားပြောဖို့ ဂရီသာသွန်းဘတ် စင်ပေါ်မှာရှိနေခဲ့ပါတယ်။ သူမရဲ့ ဘေးမှာထိုင်နေတာကတော့ နှာခေါင်းစည်းတပ်ထားတဲ့ မြို့တော်ဝန် ဂျူစပေ့ဆာလာ ဖြစ်ပါတယ်။ သွန်းဘတ်ဟာ အရပ်၅ပေမျှရှိတာကြောင့် သူမရပ်နေပုံဟာ စကားပြောစင်နောက်မှာ မြင်ရရုံလေးသာ ရှိပါတယ်။ သူမက တပ်ထားတဲ့နှာခေါင်းစည်းကိုဖြုတ်ပြီး စင်အောက်ကလူထုကို ပြုံးပြနေပါတယ်။

“ကမ္ဘာ့ရာသီဥတုပြောင်းလာခြင်းဆိုတာ တဖက်ကကြည့်ရင် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တခြားတဖက်ကကြည့်ရင်တော့ ကျွန်မတို့အတွက် ပိုပြီး ကျန်းမာတဲ့ စိမ်းလန်းတဲ့ သန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။” လို့ သူမက မိန့်ခွန်းကို စတင်လိုက်ပါတယ်။ “ဂေဟစနစ်ထိန်းသိမ်းခြင်းနဲ့ ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကျွန်မတို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ရပါမယ်။ အပြောနဲ့တင်မဟုတ်ဘဲ ကျွန်မတို့အားလုံး အတူတကွဆောင်ရွက်ကြမယ်ဆိုရင် ကျွန်မတို့အောင်မြင်နိုင်မယ်ဆိုတာ အသေအချာပါပဲ။”

“ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းလို့ ပြောလိုက်ရင် ရှင်တို့ ဘယ်အကြောင်းအရာကို တွေးမိပါသလဲ။” လို့ သူမဆက်ပြောပါတယ်။ “ကျွန်မကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ဆိုင်တဲ့ စီးပွါးရေးကိစ္စ၊ အစိမ်းရောင်လုပ်ငန်းတွေအကြောင်း တွေးမိပါတယ်။” လို့ ပြောလိုက်ချိန်မှာ လူအုပ်စုကြီးဆီက လက်ခုပ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။

“ကျွန်မတို့တွေ ကာဗွန်လျော့ချခြင်း စီးပွါးရေးလုပ်ငန်းတွေကို ဖော်ဆောင်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ အပြောင်းအလဲတွေကို ရှာဖွေရပါမယ်။ ဒုတိယကမ္ဘာဆိုတဲ့ Planet B ဆိုတာ မရှိဘူး၊ တခြားကမ္ဘာ ဘလာ ဘလာ ဘလာ၊ ဘလာ ဘလာ ဘလာ” ထိုအချိန်မှာ မြို့တော်ဝင် ဆာလာ အပါအဝင် နားထောင်နေတဲ့ လူအုပ်ကြီးဟာ ဒါဟာ အကြောင်းအရာတစ်ခုကို သွန်းဘတ် လှောင်ပြောင်နေတယ်ဆိုတာ သဘောပေါက်လာပြီး လက်ခုပ်သံတွေ တဖြည်းဖြည်းတိတ်သွားပါတယ်။

သွန်းဘတ် စကားထပ်ဆက်ပါတယ်။ “ပိုပြီး ကောင်းမွန်အောင် ပြန်လည်တည်ဆောက်ကြမယ် ဘလာ ဘလာ ဘလာ”

“အစိမ်းရောင်စီးပွါးရေး ဘလာ ဘလာ ဘလာ”

“၂၀၅၀ အမှီ ဦးတည်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ သုညအမှတ် ဘလာ ဘလာ ဘလာ”

“ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှူ ထိန်းချုပ်ခြင်း ဘလာ ဘလာ ဘလာ”

“တနည်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှု သုညအမှတ် ဘလာ ဘလာ ဘလာ”

“ဒီစကားတွေက ကမ္ဘာ့ခေါင်းဆောင်ဆိုတဲ့ လူတွေဆီက ကျွန်မတို့ အမြဲကြားနေရတဲ့ စကားလုံးတွေပါ။ စကားလုံးသပ်သပ်သာဖြစ်ပြီး အခုချိန်ထိ အကောင်အထည်ဖော်မှုမရှိတဲ့ အရာတွေပါ။ ဟုတ်ပါတယ်၊ ကျွန်မတို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လိုတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အခု နှစ်ပေါင်း ၃၀ နီးပါး ကြာလာခဲ့တာ ဘလာ ဘလာ ဘလာ။ ဘယ်မှာလဲ အကောင်အထည်ဖော်နိုင်မှု။”

၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေဟာ ရီယိုဒီဂျနေရိုးမြို့ မှာ ပြုလုပ်တဲ့ ကမ္ဘာမြေအတွက် ထိပ်သီးအစည်းအဝေး (Earth Summit) ဆိုတဲ့ စုဝေးပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။ တက်ရောက်လာတဲ့သူတိုင်းဟာ ကမ္ဘာမြေအတွက် ပြောင်းလဲမှုအသစ်တစ်ရပ် လိုအပ်နေတယ်ဆိုတာကို သဘောတူလက်ခံကြပါတယ်။ ထိုအချိန်က သဘာဝဘေးအန္တရာယ် ဖြစ်ရပ်ဆိုးတွေကို ကျော်လွှားဖို့ နှစ်စဉ်ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၂၂ဘီလီယံကို သုညအမှတ်နီးပါးရောက်အောင် လျော့ချဖို့ လိုအပ်နေခဲ့ပါတယ်။ ဒီလိုလျော့ချနိုင်ဖို့ ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတာ ဘယ်သူမှ သေချာမသိခဲ့ကြပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုအရေးဆိုင်ရာဆောင်ရွက်မှု သဘောတူညီချက် ဆိုတဲ့ UNFCCC မှာ ဒီအန္တရာယ်ရှိတယ်ဆိုတဲ့ ကမ္ဘာကြီးပူနွေးလာမှု ကို ဖြေရှင်းကြဖို့ အမေရိကန်သမ္မတ ဂျော့ဟားဘတ်ဝါကာဘုရှ် က ဝမ်းမြောက်ဝမ်းသာပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။

“တချို့တွေက ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကြီးကြီးမားမားတွေကို ကြောက်ရွံ့ကြပြီး စိုးရိမ်ကြီးကြပါတယ်။ ဒီလို အဆိုးဘက်တွေးတောမှုတွေဟာ မမှန်ကန်ပါဘူး၊ မတွေးအပ်ဘူးလို့လည်း ကျွန်တော်ကတော့ လက်ခံထားပါတယ်။” လို့ ဘုရှ်က ပြောပါတယ်။

ကမ္ဘာမြေအတွက် ထိပ်သီးအစည်းအဝေး စုဝေးမှုအပြီး ၅နှစ်ကြာမှာ ပါတီများတွေ့ဆုံပွဲ (Conference of Parties) ဆိုတဲ့ COP ကို နောက်ဆက်တွဲ စုဝေးပွဲအဖြစ် ၁၉၉၇ ခုနစ် ကျိုတိုမြို့မှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နှစ်စဉ်ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ ၂၄ ဘီလီယံတန်ထိ တိုးမြင့်လာနေပါတယ်။ ထိုတွေ့ဆုံမှုအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကြပြီး ကမ္ဘာ့ရာသီဥတုအရေးအတွက် တစ်ခုခုပြီးမြောက်အောင် လုပ်ဆောင်ဖို့ သဘောတူညီချက်တွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ကျိုတိုလုပ်ငန်းစဉ် (Kyoto Protocol) အမည်ရှိတဲ့ လုပ်ဆောင်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုအရေးဆိုင်ရာဆောင်ရွက်မှု သဘောတူညီချက် (UNFCCC) မှာ ထပ်တိုးဆောင်ရွက်ချက်အဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံအသီးသီးရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ချမယ့်ပမာဏအတိအကျကို သတ်မှတ်ရင်း ပြည့်မှီအောင် ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုအချိန်မှာ အမေရိကန်ဒုသမ္မတ အယ်ဂိုရီက “ကျွန်တော်တို့ အားလုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်” လို့ ပွဲတက်ရောက်သူတွေကို ပြောကြားခဲ့ပါတယ်။

ကျိုတိုတွေ့ဆုံပွဲအပြီးမှာ ကမ္ဘာ့ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏ ဟာ ပိုလို့တောင် မြင့်တက်လာခဲ့ပြီး ၂၀၀၉ ခုနစ်မှာ နှစ်စဥ်တန်ချိန် ၃၂ ဘီလီယံထိတောင် တိုးလာခဲ့ပါတယ်။ ၂၀၀၉ ခုနစ် ဒီဇင်ဘာလမှာပဲ သမ္မတ ဘားရက်အိုမားဘားဟာ ကမ္ဘာ့ရာသီဥတုအရေးဆိုင်ရာ ပါတီများတွေ့ဆုံပွဲ ၁၅ကြိမ်မြောက် (COP15) ကို တက်ရောက်ဖို့ ကိုပီဟေဂန်မြို့ကို သွားရောက်ခဲ့ပြီး “ကျွန်တော်တို့ ဒီရာသီဥတုအရေးကို အတူတကွဖြေရှင်းနိုင်ဖို့ ပြတ်ပြတ်သားသားနဲ့ တစိုက်မက်မက် ဆောင်ရွက်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဆိုပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သို့သော်လည်း ၂၀၁၅ ခုနစ်မှာတော့ ကမ္ဘာ့ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏ ဟာ နှစ်စဉ် ၃၅ ဘီလီယံတန်ချိန်ထိ တိုးမြင့်လာနေခဲ့ပါတယ်။ ထိုနှစ်မှာပဲ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုအရေးဆိုင်ရာ ပါတီများတွေ့ဆုံပွဲ ၂၁ကြိမ်မြောက် (COP21) မှာတော့ ဒီအရေးကိစ္စကို သေသေချာချာနဲ့ အမှန်အကန် ဆောင်ရွက်ကြတော့မယ်လို့ အပြင်းအထန် ဆုံးဖြတ်ခဲ့ကြပါတယ်။ “ဒီနေရာမှာ ချမှတ်တဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လူတွေရဲ့အသက်တွေ အနာဂတ်ဖြစ်ရပ်တွေကို များစွာ သက်ရောက်မှု ရှိနေပါတယ်။” လို့ ကမ္ဘာ့ကုလသမဂ္ဂ အတွေးရေးမှု ဘတ်ကီမွန်း က ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာ့ဓာတ်ငွေ့ပမာဏ ဟာ မြင့်တက်လာနေဆဲပဲ ဖြစ်ခဲ့ပါတယ်။ သမိုင်းမှာ နှစ်ပေါင်း၃၀၀၀ ကြာမြင့်မှ ရောက်လာနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ကမ္ဘာပေါ်က လူတွေဟာ နှစ်ပေါင်း ၃၀ အတွင်းမှာပဲ ထုတ်လွှတ်ခဲ့ကြပါတယ်။

အဲ့လိုမျိုး ‘ဘလာ ဘလာ ဘလာ’ ဆိုတဲ့ အပြောကတိကဝတ်တွေသာရှိပြီး လက်တွေ့လုပ်ဆောင်မှုမရှိခဲ့တဲ့ ကာလတွေအတွင်းမှာပဲ ကမ္ဘာ့ရာသီဥတုအရေးဟာ အနာဂတ်မှာကြုံရမယ့်ပြဿနာမဟုတ်တော့ဘဲ ယခုမျက်မှောက်မှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်ကြီး ဖြစ်လာနေပါပြီ။ ရီယိုဒီဂျနေရိုးမြို့ မှာ ပြုလုပ်ခဲ့တဲ့ စုဝေးပွဲ ကာလမှာပဲ အာတိတ်ရေခဲပြင်တွေဟာ ၅ပုံ၂ပုံ အရည်ပျော်ကျနေခဲ့တာပဲ ဖြစ်ပါတယ်။ ဂရင်းလန်းနိုင်ငံက ရေခဲပြင်တွေဟာလည်း ၄မီလီယံမက်ထရစ်တန်လောက် အရေပျော်ကြနေပြီး ရေခဲတောင်တွေဟာလည်း ၆မီလီယံတန်လောက် ဆုံးရှုံးနေခဲ့ပြီး ဖြစ်ပါတယ်။ အပူလှိုင်းတွေက ပိုပြီးအပူချိန်တိုးလာတယ်။ မိုးခေါင်မှုတွေ ပိုပြီးဆိုးဝါးလာတယ်။ မုန်တိုင်းတွေ ပိုပြီး ပြင်းထန်လာပါတယ်။ ကမ္ဘာ့နေရာအချို့မှာဆို တောမီးထလောင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေပါတယ်။

ဒီဖြစ်စဉ်တွေကနေ အနှစ်ချုပ် သုံးသပ်ကြည့်မယ်ဆိုရင်တော့ မြေကမ္ဘာဟာ အန္တရာယ်ရှိတယ်လို့ ခြိမ်းခြောက်နေတဲ့ ပူနွေးလာမှုကို ရပ်တန့်ဖို့ မဖြစ်လာနိုင်သေးပါဘူးဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေကတော့ ရာသီဥတုအရေးဆိုင်ရာပါတီများ တွေ့ဆုံပွဲတွေမှာ နှစ်စဉ်တွေ့ဆုံနေကြပြီး ‘ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ သုညအမှတ်’ ‘ကာဗွန်ထုတ်လွှတ်မှုလျော့ချတဲ့စီးပွါးရေး’ စတဲ့ အကြောင်းအရာတွေကို ဟိတ်ကြီးဟန်ကြီး ပြောဆိုဆွေးနွေးနေကြဆဲပဲ ဖြစ်ပါတယ်။ ဆိုတော့ ထိုအရေးကိစ္စ ပြောင်းလဲလာမှုမရှိခြင်းနဲ့အတူ တခြား ကြီးကြီးမားမားပြောင်းလဲလာမှုတွေကို ရင်ဆိုင်လာရတော့မှာပဲ ဖြစ်ပါတယ်။ ကောက်ပဲသီးနှံတွေ ပမာဏအတော်အတန် ဆုံးရှုံးလာရတော့ပါမယ်။ အရည်ပျော်ကျနေပြီဖြစ်တဲ့ ဂရင်းလန်းက ရေခဲပြင်တွေ အလျင်အမြန်နဲ့ ထပ်မံဆုံးရှုံးလာရပါတော့မယ်။ အချို့နေရာတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေပြီး အချို့နေရာတွေမှာတော့ သဲကန္တာရဖြစ်ထွန်းမှုတွေ စတင်လာနေပါပြီ။ ကမ္ဘာရဲ့ဒေသအတော်များများဟာ သက်ရှိတွေနေထိုင်လို့မရတော့တဲ့ နေရာတွေ ဖြစ်လာပါတော့မယ်။

ဒါပေမယ့် ရာသီဥတုအရေးအတွက်လူငယ်များကွန့်ဖရန့် မှာတော့ သွန်းဘတ်က အဆိုပါအနှစ်ချုပ်မျိုး မပြောခဲ့ပါဘူး။ မီလန်မှာရှိတဲ့ လူထုကို သူမ ပြောခဲ့တာက “ကမ္ဘာ့ရာသီဥတုအရေးအတွက် ကျွန်မတို့တွေက လက်ရှိ လမ်းမှားပေါ်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လျှောက်လှမ်းနေကြတာပါ။ ဒါပေမယ့် ကျွန်မတို့အားလုံး လမ်းမှန်ဘက်ကို ပြန်လှည့်ဖို့ သေချာပေါက် ဖြစ်နိုင်ပါသေးတယ်။”

“ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ‘ဆောင်ရွက်နိုင်တယ် အကောင်အထည်ဖော်နိုင်တယ်’ ဆိုတဲ့ ကတိကဝတ်တွေလိုမျိုး မဟုတ်ပါဘူး။ သူတို့က တကယ်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေ မဟုတ်လို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့တွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတို့လုပ်နိုင်တယ်လို့ သန္နိဋ္ဌာန်ချမှုဟာ ကျွန်မတို့ တကယ်လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။”

သွန်းဘတ်ဟာ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေရဲ့ အပြောသာရှိပြီး လက်တွေ့အကောင်အထည်ဖော်မှုမရှိတဲ့ ရာသီဥတုအရေးဆိုင်ရာ ကတိပေးပြောစကားတွေကို “ဘလာ ဘလာ ဘလာ” ဆိုပြီး လှောင်ပြောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

Friday, January 17, 2025

"A" for Climate Change: Arrhenius

အာဟီးနီးယပ်

ဆမ်းန်သဲ့ အာဟီးနီးယပ် ဟာ ပင်ကိုယ်အားဖြင့် အကောင်းမြင်စိတ်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူက သိပ္ပံပညာဟာ လူတိုင်း လက်လှမ်းမှီနိုင်သော လက်လှမ်းမှီသင့်သော ပညာရပ်တစ်ခုဖြစ်သင့်တယ်လို့ ယူဆသူပါ။ ၁၈၉၁ ခုနစ် စကော့ဟုမ်းမှာရှိတဲ့ ဟိုစကိုလာ လက်တွေ့သင်ကြားရေး တက္ကသိုလ်မှာ ဆရာအလုပ် စတင် လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်း (Stockholm Physics Society) ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး စနေနေ့ညနေတိုင်း အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးစကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဝင်ကြေးအနေနဲ့ ဆွီဒင်ပိုက်ဆံ တစ်ကျပ်သာပေးရတာကြောင့် မည်သူမဆို ပါဝင်နိုင်ဖို့ လက်လှမ်းမှီခဲ့ပါတယ်။ အဖွဲ့ရဲ့ အစောပိုင်းအဖွဲ့ဝင်တွေထဲမှာ ရွယ်တူတွေကြား အလွန်တော်ပြီးလှတယ်လို့ ရေပန်းစားနေတဲ့ ဟိုစကိုလာတက္ကသိုလ်ရဲ့ ဓာတုဗေဒကျောင်းသူ ဆိုဖီ နဲ့ တွေ့ဆုံခဲ့ပြီး သူ့မအတွက် ကဗျာတွေရေးဖွဲ့ ချစ်ရေးဆိုခဲ့ရင်း မကြာမှီပဲ လက်ထပ်ဖြစ်ခဲ့ကြတယ်။

စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်း တွေ့ဆုံဆွေးနွေးမှုတွေမှာ အာဟီးနီးယပ်ကိုယ်တိုင် အတန်းထဲ သင်ကြားပို့ချတဲ့ နောက်ဆုံးပေါ် သိပ္ပံဖွံ့ဖြိုးမှုဆိုင်ရာသင်ခန်းစာတွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးမှုအရှိန်ကောင်းလွန်းတာကြောင့် အချိန်တော်တော်များများဟာ ညဉ့်နက်သည်အထိ ကြာခဲ့ကြတယ်။ အကြောင်းအရာတွေလည်း ကျယ်ပြန့်ပြီး လေယာဉ်ဆောက်ခြင်းနဲ့ ပျံသန်းခြင်းသိပ္ပံပညာ အပါအဝင် မီးတောင်များအကြောင်းလေ့လာမှုတွေလည်း ပါဝင်ခဲ့တယ်။ ထိုအဖွဲ့အစည်းအတွင်း အစောပိုင်း အဖွဲ့ဝင်တဦးဖြစ်သူ ဆယ်လွန်မွန်ဩဂတ်စ်အမ်ဒရီး ရဲ့ မြောက်ဝင်ရိုးစွန်းဆီကို ပျံသန်းနိုင်ရန် မိုးပျံပူပေါင်းတည်ဆောက်မှုကိုလည်း အချိန်တော်တော်များများ ပူပေါင်းဆောင်ရွက်ခဲ့ကြတယ်။ (ဒါပေမယ့် ထိုအချိန်က မိုးပျံပူးပေါင်းရဲ့ အရည်အသွေးလိုအပ်ချက်တွေကြောင့် အမ်ဒရီးနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ဟာ လမ်းခရီးမှာပဲ သေဆုံးခဲ့ရတယ်။)

ဒါကြောင့် စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်းရဲ့ အဓိကစိတ်ဝင်စားတဲ့အကြောင်းအရာဟာ ရေခဲခေတ် (Ice Age) ရဲ့ မူလအစအကြောင်းဖြစ်လာတယ်။ ဆွီဒင်နိုင်ငံတဝန်းဟာလည်း ရေခဲပြင်ကျယ်ကြီး ဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေတွေကို ရေခဲတွေ ရွေ့လျားမှုကြောင့် ဖြစ်လာတဲ့ အစင်းကြောင်းပါတဲ့ကျောက်တုံးတွေ၊ လှိုင်းတွန့်ပုံစံ ကျောက်စရစ်ခဲတွေ နဲ့ တချိန်က ရေခဲဖုံးလွှမ်းခဲ့တဲ့ ကြီးမားတဲ့ရေခဲတောင်ကျောက်တုံးတွေ ရှိလို့ပါပဲ။ ဒါဆို ဘာကြောင့် ရေခဲတွေတဖြည်းဖြည်း အရည်ပျော်ပြီး ပျောက်ဆုံးသွားရတာပါလဲ။ ဘယ်အကြောင်းအရာတွေက ရေခဲတွေကို အရည်ပျော်စေပြီး မြစ်ချောင်းတွေစီးဆင်းလာခြင်းနဲ့ သစ်တောတွေဖြစ်လာစေတာပါလဲ။ ၁၈၉၃ ခုနစ်မှာ စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်းဟာ ရေခဲခေတ်အကြောင်းကို ကမ္ဘာပတ်လမ်းစောင်းနေမှု စတဲ့ သီအိုရီမျိုးစုံနဲ့ ဆက်စပ်ပြီး ဆွေးနွေးအဖြေရှာကြပါတယ်။ နောက်တနှစ်မှာတော့ အာဟီးနီးယပ် ဟာ ထူးခြားကောင်းမွန်တဲ့ အတွေးတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အကြောင်းပဲ ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဟာ အပူစုပ်ယူနိုင်တဲ့ အာနိသင်ရှိကြောင်း အာဟီးနီးယပ် သိရှိခဲ့ပြီးသားပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေထုထဲရွေ့လျားနေတဲ့အခါ မြင်ရနိုင်စွမ်းရှိပြီး ကမ္ဘာကနေ ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေကိုလည်း ဖမ်းစုပ်နိုင်စွမ်းရှိတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါဆိုရင် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တွက်ချက်ကြည့်ခြင်းအားဖြင့် ရေခဲတွေအရည်ပျော်သွားခြင်းအကြောင်းအရာကို ရှင်းလင်းနိုင်မလားဆိုတာ အာဟီးနီးယပ် စဉ်းစားလာပါတော့တယ်။

ဒီတွက်ချက်မှုမှာ နက်နဲတဲ့ သင်္ချာသဘောတွေ ပါနေတာကြောင့် ကွန်ပျူတာမပြောနဲ့ ဂဏန်းပေါင်းစက်တောင်မရှိတဲ့ အဲ့အချိန်ကာလ မှာ အာဟီးနီးယပ်အတွက် အတော်ခက်ခဲတဲ့ ရုန်းကန်မှုဖြစ်ခဲ့ပါတယ်။ အရေးကြီးအချက်အလက်တွေဖြစ်တဲ့ လှိုင်းတွန့်တွေရဲ့အကွာအဝေး နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ စုပ်ယူနိုင်စွမ်းပမာဏတွေကို သိရှိဖို့ သူ လက်လှမ်းမမှီနိုင်ခဲ့ပါဘူး။ ထိုအချိန်တုန်းက ရာသီဥတုအကြောင်းဆိုတာကလည်း အတော်လေး ရှုပ်ထွေးပြီး ကွင်းဆက်မပြတ်နိုင်တဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

ထိုအကြောင်းအရာအပေါ် တစိုက်မတ်မတ် အားထုတ်ခဲ့ရင်း နောက်ပိုင်းမှာ အာဟီးနီးယပ် ဟာ တခြားဆက်စပ်ရှာဖွေမှုတစ်ခုနဲ့အတူ နိုဗယ်ဆုရခဲ့ပါတယ်။ ၁၈၉၄ ခုနစ် ခရစ်စမတ်ကာလမှာ သူဟာ ကမ္ဘာ့ပထမဆုံး ရာသီဥတုခန့်မှန်းနိုင်တဲ့ Climate Model ကို တီထွင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတဝန်း အပူချိန်အချက်အလက်တွေကို စုဆောင်းတယ်၊ တိုင်းတာဖို့စက်ကိရိယာတွေကို တပ်ဆင်ပြုလုပ်တယ်။ (ထိုစက်ကိရိယာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်က အနီအောက်ရောင်ခြည်လှိုင်းရွေ့လျားမှုဖြင့် လရဲ့ အပူချိန်ကိုတိုင်းတာတဲ့ Bolometer လို့ခေါ်တဲ့ ကိရိယာကို တီထွင်ခဲ့သူ အမေရိကန် နက္ခတ္တဗေဒပညာရှင် ဆယ်မြူရယ် ပရပွန့် လိုင်းလေ အသုံးပြုခဲ့တဲ့ စက်ကိရိယာတွေပဲ ဖြစ်ပါတယ်။) အာဟီးနီးယပ် ဟာ အများအားဖြင့် တနေ့ကို ၁၄နာရီအချိန်ယူပြီး တွက်ချက်မှုပေါင်း ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖြစ်လာတာတောင်မှ သူဟာ ဒီတွက်ချက်မှုအပေါ်မှာပဲ မပျက်မကွက် အာရုံစိုက်ခဲ့ပါတယ်။ ၁၈၉၅ စက်တင်ဘာလမှာ သူ့အမျိုးသမီး ဆိုဖီရုဘတ် အိမ်က ထွက်သွားခဲ့ပြီး နိုဝင်ဘာလမှာပဲ အာဟီးနီးယပ်ရဲ့အဝေးတစ်နေရာမှာ သူတို့သားလေးကို မွေးဖွားခဲ့ပြီးနောက် အဆုံးတိုင် လမ်းခွဲခဲ့ကြပါတယ်။ လများမကြာခင်မှာပဲ အာဟီးနီးယပ် ရဲ့ အလုပ်တွေလည်း ပြီးဆုံးခဲ့ပါတယ်။

“တကယ်လို့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အရာတွေကိုသာ ပြင်းပြင်းထန်ထန် စိတ်ဝင်စားမှုမရှိခဲ့ရင် ဒီလောက်ခက်ခဲနက်နဲတဲ့ တွက်ချက်မှုတွေကို ကျွန်တော် ပြုလုပ်နိုင်ခဲ့မှာမဟုတ်ဘူး။” လို့ အာဟီးနီးယပ်က ရေးသားခဲ့ပါတယ်။

ရေခဲခေတ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ မူလအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိကို ဖော်ထုတ်အဖြေရှာနိုင်ခဲ့ကြောင်း သူ က ယုံကြည်ခဲ့ပါတယ်။ ရေခဲခေတ်အကြောင်းနဲ့ ကမ္ဘာပတ်လမ်းယိမ်းယိုင်လှုပ်ရှားမှု၊ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ပြောင်းလဲမှုတို့ကြားဖြစ်ပေါ်လာတဲ့ တွန်းအားတွေအကြောင်း ဆက်စပ်တွေးခေါ်ခဲ့မှုမှာလည်း အာဟီးနီးယပ် ဟာ တစိတ်တပိုင်းမှန်ကန်ခဲ့ပါတယ်။

သူ့ရဲ့ ရာသီဥတုခန့်မှန်းနိုင်ခြင်း Climate Model ဟာ နောက်တနည်းအားဖြင့် ထပ်ပြီးအသုံးဝင်ခဲ့ပြန်ပါတယ်။ ဥရောပနဲ့ မြောက်အမေရိက တလျှောက် မီးပြင်းဖိုတွေအတွက် အသုံးပြုတဲ့ ကျောက်မီးသွေးတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားထွက်လာစေတဲ့ အကြောင်းအရာ ဖြစ်နေခဲ့တယ်။ ကမ္ဘာကို လွှမ်းခြုံထားတဲ့ လေထုစောင်ကြီး ပိုပြီးထူလာရင် ကမ္ဘာကြီး ပိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲလာမယ်ဆိုတဲ့ အာဟီးနီးယပ် ရဲ့ ကျိုးကြောင်းဆက်စပ်မှု ဖြစ်ပါတယ်။ ကမ္ဘာ့လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၂ဆတက်လာရင် ကမ္ဘာ့အပူချိန် ၃ ကနေ ၄ ဒီဂရီဆဲလ်စီယပ်ကြား တိုးလာမယ်လို့ သူက တွက်ချက်ပြခဲ့ပါတယ်။ နောက်ပိုင်း Quadrillion Calculation လို့ခေါ်တဲ့ တစ်ထောင်ထွီလီယမ် (သုည၁၅လုံး) ထိ တွက်ချက်လာနိုင်မှုမှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၂ဆတက်လာရင် ကမ္ဘာ့အပူချိန် ၂.၅ ကနေ ၄ ဒီဂရီဆဲလ်စီယပ် ထိ တိုးလာနိုင်ကြောင်း အတိအကျဖော်ပြလာနိုင်ပါတယ်။ ဒါကြောင့် အာဟီးနီးယပ် ရဲ့ ဘောပင်နဲ့စာရွက်သာ အသုံးပြုပြီး တွက်ချက်နိုင်ခဲ့မှုဟာ အင်မတန်ထူးခြားသော လုပ်ဆောင်နိုင်မှုဖြစ်ကြောင်း နှောင်းလူတို့ အံ့ဩသွားရပါတယ်။

“အနာဂတ်ဟာ အရမ်းသာယာကြည်နူးဖွယ် ကောင်းလာမယ်” လို့ အာဟီးနီးယပ် ပြောခဲ့ပါ တယ်။ ဘာလို့လဲဆိုတော့ “နောင်လာနောင်သားတွေဟာ နွေးထွေးတဲ့နေရောင်ခြည်ရဲ့ ကောင်းကင်အောက်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတော့မှာ ဖြစ်လို့ပါ” တဲ့။ ဒါပေမယ့် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ၂ဆ မြင့်တက်လာမှုဟာ နောင်နှစ်ပေါင်း ၃၀၀၀ လောက်မှ ဖြစ်လာမယ့်ဖြစ်ရပ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

ယနေ့အချိန်ကာလမှာတော့ အာဟီးနီးယပ် ရဲ့ နေရောင်နွေးနွေးမျှော်လင့်ချက်ဟာ ရယ်စရာပြက်လုံးတစ်ခုတော့ ဖြစ်နေပါတယ်။ လေထုထဲကာဗွန်ဒိုင်အောက်ဆိုဒ် ၂ဆ မြင့်တက်လာခြင်းဟာ ၁၀စုနှစ်တစ်ခုစီအတွင်း ဖြစ်ပွါးလာနေပြီး ရာသီဥတုကပ်ဘေးကြီး ဖြစ်လာနေတဲ့အထိပါပဲ။ ကျွန်တော်တို့လူတွေကြားထဲလည်း မတူညီတဲ့ လက်ခံမှုတွေ ရှိနေပါသလား။ အခုချိန်မှာ ကျွန်တော်တို့အားလုံး သဘာဝတရားထဲက အရာတွေ တဖြည်းဖြည်းပျက်စီးယိုယွင်းလာမှုကို ထိုင်ကြည့်နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း မယုံကြည်နိုင်ကြသေးဘူး မဟုတ်ပါလား။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

(18 Jan 2025)

Friday, September 9, 2022

နိဗ္ဗာန်ရောက်ကြောင်းတရား

ယခုဖော်ပြမယ့် အင်တာဗျုးမှာဆို Yuval ကို မေးမြန်းသူက ဘယ်တော့မှမပျော်သောလူကြီးမင်း (Mr. Never Happy) လို့ နာမည်ပေးလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နဲ့ လူမှုအဖွဲ့အစည်း ဆင့်ကဲဖြစ်ပေါ်လာမှု (Evolution) ကို ဆိုးကျိုးဘက်ကနေ ထောက်ပြထားတာကြောင့် ဖြစ်ပါတယ်။ ယခုလိုမျိုး ကိန်းဂဏန်း အရေအတွက်တွေသာ တိုးပွားလာပုံ (Growth) နဲ့ အရည်အသွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာပုံ (Development) ကွဲပြားတယ်လို့ ထောက်ပြသူတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို မလိုလားတဲ့သူတွေလို့ စွပ်စွဲခံရပြီး လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ထုတ်ပယ်ခံရပါတယ်။

ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နောက်ပိုင်းမှာ စက်မှုတော်လှန်ရေး (Industrial Revolution) ပြီးတော့ ကမ္ဘာခြုံစနစ် (Globalization) တဆက်တည်း ဖြစ်ပေါ်လာပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တဟုန်တိုးဖြစ်လာပြီး လူတွေလည်း ဇိမ်ခံပစ္စည်းတွေ (Leisure facilities) နဲ့ အတော်များများ နေနိုင်လာကြပါတယ်။ နေနိုင်မှု၊ နေချင်မှုနောက်မှာလည်း ပိုက်ဆံနောက် အမောတကောလိုက်ရပါတော့တယ်။ ရုပ်ဝတ္ထုတွေတိုးပွားလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေကတော့ တဖြည်းဖြည်းယုတ်လျော့လာပါတယ်။ ပျော်ရွှင်မှုဆိုတာလည်း ဥစ္စာငွေကြေးပေါ်မှာပဲ မှီတည်လာပါတော့တယ်။

ယခုအင်တာဗျုးမှာ အစားအသောက်ဖူလုံရေးအတွက် ကြက်၊ဝက်၊ နွား မွေးမြူရေးလုပ်ငန်းတွေ တဟုန်ထိုးတိုးတက်လာတာဟာ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတွေထဲမှာ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုဆိုတဲ့အချက်ကို Yuval က ပြန်လည်ချေပထားတာဖြစ်ပါတယ်။ ကြက်၊ ဝက်၊ နွား အကောင်ရေတိုးပွားလာဖို့ လူတွေဟာ သက်ရှိတို့ရင်ဆိုင်ရတဲ့ အရက်စက်ဆုံးနည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မွေးကင်းစအကောင်ပေါက်လေးတွေကို မွေးပြီးချင်း မိခင်နဲ့ခွဲထားတယ်။ တစ်ကိုယ်စာပဲလှုပ်ရှားလို့ရတဲ့ လှောင်အိမ်ကျဥ်းကျဥ်းလေးတွေထဲမှာထားတယ်။ ကိုယ်ဝန်ဆောင်ကာလမြန်ဖို့ နည်းပညာတွေနဲ့ သားဖောက်တယ်။ နွားနို့တွေကို နွားကောင်ပေါက်ငယ်တွေ လုံးဝမသောက်ရဘဲ လူတွေအတွက်လုံလောက်ဖို့ စက်တွေနဲ့ညစ်တယ်။ ဝက်တွေကို နှုတ်သီးဖဲ့ထားတယ်။ တကယ်တမ်းတော့ ဒါတွေဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်တွေပဲဖြစ်တယ်။

ဒီလိုဆိုတော့ ဘယ်လိုနည်းတွေနဲ့ ထုတ်လုပ်စားသောက်ကြမလဲ မေးစရာရှိလာပါတယ်။ ပိုလျှံတဲ့နေရာတွေမှာ သွန်ပစ်နေရပြီး၊ ငတ်ပြတ်တဲ့နေရာတွေမှာ ကုန်းကောက်စရာတောင်မရှိကြပါဘူး။ လူတွေက အတွေးအခေါ်ပိုင်းရာ (Head) ကို ဦးစားပေးလာတာနဲ့အမျှ ခံစားမှုပိုင်းဆိုင်ရာ (Heart) အပိုင်းမှာ ယုတ်လျော့လာတာကို Yuval က ထောက်ပြထားတာပါ။ ဖွံ့ဖြိုးမှုဆိုတာကို ဂဏန်းနဲ့တွေပဲ မကြည့်ဖို့၊ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်မှုနဲ့လည်း တိုင်းတာသင့်တယ်လို့ ဆိုလိုတာပါ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း နည်းပညာအသစ်တွေနဲ့ လူမှုအဆောက်အအုံတွေ၊ ဥပမာ-နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (Solar Energy) ကို အဆင့်မြှင့်တင်ဖို့ ကမ္ဘာ့စီးပွား‌ရေးအညွှန်းကိန်းရဲ့ ၂ရာခိုင်နှုန်းလောက်ကိုသာ ရင်းနှီးမြှုပ်နှံပြီး ဖြေရှင်းနိုင်ကြောင်းကိုလည်း Yuval က The Actual Cost of Preventing Climate Breakdown TED video မှာ ရှင်းပြထားပါတယ်။ လူတွေရဲ့ လုပ်ရပ် (Behavior) နဲ့ အတွေးအခေါ် (Thinking) တွေပြောင်းနိုင်ဖို့ကို နိုင်ငံရေးသမားတွေ (Politicians) မှာ တာဝန်ရှိတယ်ဆိုတာလည်း ပြောပြထားတယ်။ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေက လွဲချော်နေမှတော့ နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲ ပုံ‌ဖော်မှုတွေလည်း လွဲမှားလာကြောင်း ထောက်ပြထားတာပါ။ သူပြောဆိုချက်က ရှင်းပါတယ်။ “နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း ပြောင်းလဲပုံဖော်မှုမှာ အံ့ဩဖွယ်ရာဖြစ်ရပ်တွေ မလိုပါဘူး။ စနစ်တကျနဲ့ ဇွဲရှိရှိ စည်းရုံးမှုသာ လိုအပ်ပါတယ်။" (It doesn't require miracle. It just require determined organization.)

The Economist Journal ရဲ့ The pandemic is plunging millions back into extreme poverty. ဆောင်းပါးမှာလည်း “ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အထောက်အကူပြုဖို့အတွက် နိုင်ငံတကာ ကြွေးမြီပြန်ဆပ်ရမယ့် ကိစ္စရပ်တွေကို ရပ်ဆိုင်းပေးထားကြပါတယ်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အယူအဆအရ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း တစ်နေ့ကို အနည်းဆုံး ၁.၉၀ ဒေါ်လာထက် ပိုရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက ရတဲ့ ငွေကြေးတွေဟာ အဲဒီပမာဏထက် နှစ်ဆလောက်တောင် ပိုပြီး လွှမ်းခြုံပေးနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဆိုလိုတာက ယခုလက်ရှိရင်ဆိုင်နေရတဲ့ ကြီးကြီးမားမားပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ အရင်းအမြစ်တွေက ရှိနှင့်ပြီးသားပါ။ အထူးသဖြင့် ထိပ်သီးပိုင်းခေါင်းဆောင်တွေရဲ့ ခံယူချက်နဲ့ စဥ်းစားတွေးခေါ်ပုံ စတဲ့ အစ္ဇျတ္တပိုင်းဆိုင်ရာပြုပြင်မှုကို ထောက်ပြထားတဲ့အတွက် Professor Yuval Noah Harari ရဲ့ The Pillars of Civilization စာအုပ်ထဲက အင်တာဗျူးအကြောင်းအရာကို နိဗ္ဗာန်ရောက်ကြောင်းတရားလို့ပဲ တင်စားလိုက်ပါတယ်။

မေးမြန်းသူ (Interviewer): ကျွန်တော်တို့ လက်ခံရမှာတစ်ခုက တခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကို ကြည့်ပြီး မပျော်ရွှင်နိုင်တဲ့သူတွေ အမြဲရှိနေတာပါပဲ။ အခုဆိုရင် အမြဲတမ်း နိမိတ်မကောင်းတာတွေပဲ ဟောကိန်းထုတ်လေ့ရှိတဲ့ (Cassandras) ထဲက နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စကားပြောခွင့်ပေးချင်ပါတယ်။ ဒါက အထူးအဆန်းတော့ လည်းမဟုတ်ပါဘူး၊ ဖြစ်နေကြပါပဲ။ ယခု ကျွန်မ တွေ့ဆုံမေးမြန်းမယ့်သူကတော့ “ဘယ်တော့မှ မပျော်ရွှင်နိုင်သူ” လို့ တင်စားရမယ့် ပုဂ္ဂိုလ် Professor Yuval Noah Harari ပဲ ဖြစ်ပါတယ်။ မင်္ဂလာပါ ပါမောက္ခ...

Yuval: အင်... မင်္ဂလာပါ။

Inter: ပါမောက္ခ Harari ရှင့်။ ကြက်တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုကို ဘာလို့ ဂုဏ်မပြုချင်ရတာပါလဲ?

Yuval: ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အောင်မြင်မှုကို တိုင်းတာတဲ့ပုံစံက အဓိပ္ပာယ်မရှိလို့ပါ။ ခင်ဗျားတို့က DNA ပွားနိုင်တဲ့ အရေအတွက်ပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်နေကြတာ၊ သက်ရှိတစ်ဦးချင်းစီရဲ့ ဆင်းရဲဒုက္ခ ဒါမှမဟုတ် ပျော်ရွှင်မှုကို ထည့်မတွက်ကြဘူး။ ဒီသနားစရာ သတ္တဝါလေးတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သမျှ သက်ရှိတွေထဲမှာ အဆိုးရွားဆုံး ဒုက္ခရောက်နေကြတဲ့သူတွေပဲ။ ကျွန်တော့်အမြင်အရတော့ ဒါကို အောင်မြင်မှုဇာတ်လမ်းလို့ မမြင်နိုင်ပါဘူးခင်ဗျ။

Inter: လူကြီးမင်းက ကောင်းတဲ့ဘက်ခြမ်းကို ကြည့်ဖို့ ငြင်းပယ်နေတာ မဟုတ်လားရှင့်။

Yuval: လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီသနားစရာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သက်တမ်းကိုပဲ ကြည့်လိုက်ပါ။ ကြက်တွေကိုဆိုရင် အသက် ၈ ပတ်တောင်မပြည့်ခင် သတ်ပစ်ကြတာ များတယ်။ နွားကလေးတွေကိုလည်း ၁ နှစ်၊ ၂ နှစ်ဆိုရင် အသားပေါ်ကြပြီ။ တကယ်တော့ တောထဲမှာဆိုရင် ကြက်တစ်ကောင်ရဲ့ သက်တမ်းက ၁၀ နှစ်၊ နွားတစ်ကောင်က ၂၅ နှစ်လောက်အထိ နေရမှာပါ။

Inter: ၈ ပတ်လောက် ရှင်သန်ရတာလည်း မဆိုးဘူး မဟုတ်လားရှင့်? စီးပွားရေးအမြင်အရဆိုရင် ဒါက သူတို့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။ ၂ လလောက်နဲ့ အလေးချိန် အများဆုံး ရနေပြီပဲဟာ။ ဘာလို့ ကြက်ဖတစ်ကောင်ကို ၁၀ နှစ်လုံးလုံး အစာကျွေးထားရမှာလဲ? ဒါက ရယ်စရာကြီးပဲလေ။ ရှယ်ယာရှင်တွေလည်း ဒါကို ကြိုက်မှာမဟုတ်ဘူး။

Yuval: နားထောင်ပါဦးခင်ဗျ။ တိရစ္ဆာန်တွေကို အိမ်မွေးဖြစ်အောင် လုပ်တာဟာ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ အခြေခံထားတာပါ။ ရာစုနှစ်တွေ ကြာလာလေလေ ပိုပြီးတော့တောင် ရက်စက်လာလေလေပါပဲ။ ရှေးခေတ် စိုက်ပျိုးရေးခြံတွေမှာ အခြေအနေဆိုးခဲ့သလောက် အခုခေတ်မှာ ပိုပြီးတော့တောင် ဆိုးနေပါပြီ။ အလွန်ခေတ်မီတဲ့ စက်မှုလုပ်ငန်း နေရာအချို့မှာဆိုရင် နွားကလေးတွေကို မွေးပြီးတာနဲ့ မိခင်ဆီကနေ ချက်ချင်း ခွဲထုတ်ပစ်လိုက်တယ်။ ပြီးရင် နွားတစ်ကောင်ချင်းစီကို သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားထက် မသိမသာလေး ပိုကြီးတဲ့ လှောင်အိမ်သေးသေးလေးတွေထဲ ထည့်ပိတ်ထားလိုက်တယ်။ နွားကလေးက သူ့ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ နေရတာ။ အဲဒီလှောင်အိမ်ထဲကနေ ဘယ်တော့မှ ထွက်ခွင့်မရဘူး။ တခြားနွားကလေးတွေနဲ့ ဆော့ကစားတာမျိုး၊ ခုန်ပေါက်ပြေးလွှားတာမျိုးလည်း ဘယ်တော့မှ ခွင့်ပြုခြင်းမခံရဘူး။

Inter: ဒါပေါ့ရှင့်၊ တကယ်လို့ သူတို့ ပြေးလွှားဆော့ကစားရင် ကြွက်သားတွေ တောင့်တင်းသွားမှာပေါ့။ အဲဒီအခါကျရင် စားသုံးသူတွေက သူတို့စားတဲ့ အမဲသား (Steak) က မနူးညံ့ဘူးဆိုပြီး ညည်းကြလိမ့်မယ်လေ။

Yuval: အဲဒီနွားကလေးအတွက် လမ်းလျှောက်ဖို့၊ ကြွက်သားတွေ ဆန့်ထုတ်ဖို့နဲ့ တခြားနွားတွေနဲ့ အတူရှိဖို့ ရတဲ့ တစ်ခုတည်းသော အခွင့်အရေးက သားသတ်ရုံကို သွားတဲ့ လမ်းမှာပဲရှိတယ်။

Inter: ဒါပေမဲ့ ပါမောက္ခရှင့်၊ ဆင့်ကဲဖြစ်စဉ် (Evolutionary) အမြင်အရဆိုရင် နွားတွေဟာ အောင်မြင်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲလေ။ ကျွန်တော်တို့ရဲ့ “DNA အများဆုံး ပွားနိုင်တဲ့ တိရစ္ဆာန်” ပြိုင်ပွဲမှာဆိုရင် နွား၊ ဝက်နဲ့ ကြက်တွေက အမြဲတမ်း ဆုတံဆိပ် စင်မြင့်ပေါ်မှာ ရှိနေတာပဲ မဟုတ်လား။

Yuval: ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဒုက္ခခံစားရတဲ့ တိရစ္ဆာန်ပြိုင်ပွဲသာ ရှိမယ်ဆိုရင်လည်း နွား၊ ဝက်နဲ့ ကြက်တွေကပဲ ဆုတံဆိပ်အားလုံးကို သိမ်းကျုံးယူသွားပါလိမ့်မယ်။

ရွှေသင်း

References

Sapiens: A Graphic History, Volume 2: The Pillars of Civilization by Yuval Noah Harari (Page 55)

Yuval Noah Harari: The Actual Cost of Preventing Climate Breakdown | TED

The Economist - The pandemic is plunging millions back into extreme poverty

သဘာဝတရားကုထုံးက သင့်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနေပါသလဲ။

ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲသို့ သဘာဝတရားကို ခေါ်ဆောင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ပန်းခြံထဲမှာ ငှက်ကလေးတွေ ရှဥ့်ကလေးတွေကို မြင်တွေ့...