Saturday, May 29, 2021

စစ်အာဏာရှင်အဆိပ်မြစ်ထဲက သဘာဝပတ်ဝန်းကျင်ရေသောက်မြစ်

ဂေဟစနစ်ထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိသတ္တဝါတွေဟာ အပြန်အလှန်အမှီသဟဲပြုပြီးနေထိုင်နေကြရတာပါ။ တစ်ခုနဲ့တစ်ခုဆက်စပ်နေတဲ့ကွင်းဆက်တွေဖြစ်တဲ့အတွက် ဘယ်သူကမှ ဦးဆောင်မှုမရှိတဲ့ ဦးဆောင်လို့မရတဲ့ ဂေဟစက်ဝန်းဖြစ်ပါတယ်။ တစ်စုံတစ်ခုက ဒီစက်ဝန်းကို ဦးဆောင်ဖို့ကြိုးစားရင် ဂေဟကွင်းဆက်တွေဟာ အဆက်အစပ်ပြတ်သွားပြီး စနစ်တစ်ခုလုံး ဖယိုဖယဲဖြစ်သွားမှာပါ။ ယခုလက်ရှိမှာ ကမ္ဘာ့အပူချိန်တိုးလာတာ၊ သဘာဝဘေးအန္တရာယ်တွေများလာတာ၊ ရာသီဥတုဖောက်ပြန်ပျက်စီးလာတာတွေကို ကျွန်တော်တို့တွေ နေ့စဥ်နဲ့အမျှ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ဂေဟစနစ်ထဲက ကွင်းဆက်တွေတခုချည်း မသိမသာပြုတ်ထွက်နေတယ်ဆိုတာ အချက်ပြနေတာပါ။ ဒါဆို ဒီဂေဟစနစ်စက်ဝန်းကို မတရားသဖြင့် ဦးဆောင်နေတဲ့အရာတစ်ခုခုတော့ ရှိနေပါပြီ။ အဲဲ့ဒါ ကျွန်တော်တို့လူသားတွေပဲဖြစ်ပါတယ်။ လူသားတွေထဲမှာမှ အလွှာတစ်ခု လူနည်းစုကသာ မြေကမ္ဘာကို အာဏာသိမ်းပြီး အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးပ​စ်နေတာပါ။ အကျိုးဆက်တွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုကိုတော့ အောက်ခြေလူတန်းစားအလွှာကသာ သိမ်းကျုံးခံနေပါတယ်။ မြေကမ္ဘာရဲ့ ဂေဟစနစ်ကို ဦးဆောင်ပြီး ဖျက်ဆီးပစ်နေတာကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေကိုတော့ စစ်အာဏာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတစ်စုက မတရားသဖြင့် ဦးဆောင်သိမ်းပိုက်ထားပါတယ်။ ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို​တော့ ကျွန်တော်တို့ပြည်သူတွေ သိမ်းကျုံးခံနေရပါတယ်။ မြင်သာထင်သာအော​င်ပြောရရင် နွေရာသီမှာ အပူချိန်တိုးလာတဲ့အခါ သစ်ပင်သစ်တောတွေကို ပြုန်းတီးအောင်လုပ်နေတဲ့ လူချမ်းသာတွေကတော့ Airconခန်းထဲမှာ ဇိမ်ပြေလက်ပြေနေနေပြီး ကျွန်တော်တို့အခြေခံလူတန်းစားတွေကတော့ နေပူထဲစျေးဗန်းခေါင်းရွက်ရင်း ထမင်းတနပ်အတွက် ဝမ်းစာရှာနေရတာပါ။ ဒါတွေဟာ မညီမျှမှုတွေ၊ ဖိနှိပ်မှုတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာမြေလွတ်လပ်ခွင့်ဟာ သက်ရှိအားလုံးရဲ့ နေ့စဥ်ဘဝလွတ်လပ်ခွင့်ပေါ်မှာ မူတည်နေပါတယ်။ သက်ရှိတွေရဲ့နေ့စဥ်ဘဝလွတ်လပ်ခွင့်ဆိုတာ ဂေဟစနစ်ထဲမှာရှိတဲ့ အစိတ်အပိုင်းအားလုံး လူသားအပါအဝင်သတ္တဝါအားလုံးက သူတို့ရဲ့ အခြေခံလိုအင်တွေကို ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အစုအဖွဲ့တစ်ခုလုံးရဲ့လွတ်လပ်မှုဆိုတာ တစ်ဦးတစ်ယောက်ချည်းဆီရဲ့ လွတ်လပ်ခွင့်ကနေ အခြေခံပါတယ်။ သစ်ပင်တစ်ပင်ရဲ့ နိယာမနဲ့နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ အမြစ်ပွားတွေဟာ အဖွဲ့အစည်းတခုလုံးလွတ်လပ်ခွင့်ဆိုတဲ့ အပင်ထိပ်ဖျားကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် လူတယောက်ချည်းစီရဲ့ လွတ်လပ်ခွင့်ဟာလူ့အဖွဲ့အစည်းလွတ်လပ်ခွင့်၊ ကမ္ဘာမြေလွတ်လပ်ခွင့်င့်တို့နဲ့ ချိတ်ဆက်နေတဲ့ ကွင်းဆက်တွေဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကွင်းဆက်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ အပိုင်းပိုင်းပြတ်ခဲ့ရပါပြီ။ သဘာဝပတ်ဝန်းကျင်နဲ့ လူအခွင့်အရေး ရေသောက်မြစ်ကို စစ်အာဏာရှင်အဆိပ်မြစ်ကဝါးမျိုထားသည်မှာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ ဒါကြောင့် အာဏာရှင်အဆိပ်မြစ်ကိုဖယ်ရှားခြင်းဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ လူ့အခွင့်အရေး ရေသောက်မြစ်ကို ပြန်လည်ရှင်သန်နိုင်စေခြင်းပဲဖြစ်ပါတယ်။

စုံလင်ကွဲပြားမှုဟာ သဘာဝပတ်ဝန်းကျင်မှာရော လူ့အဖွဲ့အစည်းမှာပါ လှပမှုကိုဖော်ဆောင်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပေါင်းစုံ၊ ရှုမျှော်ခင်းပေါင်းစုံ၊ လူမျိုးစုပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံနဲ့ အင်မတန်လှတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီအလှတရားကိုအကျည်းတန်စေတာကတော့ စစ်အာဏာရှင်တွေဖန်တီးထားတဲ့ လက်နက်နဲ့အာဏာအခြေပြု အရင်းရှင်စီးပွားရေးယန္တရားပဲဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုရဲ့အလှအပကိုလောဘတက် အမြတ်ထုတ်ဖို့ကြိုးစားရင်း အာဏာနဲ့ငွေကိုသာအခြေပြုတဲ့ စစ်အာဏာရှင်တွေကြောင့် ကျွန်တော်တို့တနိုင်ငံလုံးသွေးမြေကျနေရတာပါ။ ဒီအဖြစ်အပျက်ကို သယံဇာတကျိန်စာသင့်တယ်လို့ မှတ်ယူလို့ရပါတယ်။ လက်ဝါးချင်းရိုက် ကျိန်စာတိုက်နေသူတွေကတော့ စစ်ကောင်စီနဲ့ ခရိုနီလူတန်းစား လူနည်းစုသာဖြစ်ပြီး ကျိန်စာတိုက်ခံနေရသူတွေကတော့ အခြေခံလူတန်းစား ကျွန်တော်တို့ပြည်သူလူထုသာဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်စဥ်တွေကိုကြည့်ရင် သဘာဝသယံဇာတတွေနဲ့ချိတ်ဆက်နေတဲ့ စီးပွားရေးယန္တရားကို လက်ဝါးကြီးအုပ်ချင်တဲ့ နောက်ကွယ်က ကိစ္စရပ်တွေရှိပါတယ်။ ဒါဟာ အာဏာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်လူတစ်စုတို့ ဖန်တီးပုံဖော်ထားတဲ့ အရင်းရှင်စီးပွားရေးစနစ်ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းလွတ်လပ်ခွင့်နဲ့ သဘာဝပတ်ဝန်းကျင်လွတ်လပ်ခွင့်တို့ဟာ ရှင်သန်လည်ပတ်နေတဲ့စီးပွားရေးစနစ်အပေါ်မှာ များစွာမူတည်နေပါတယ်။ ရှင်သန်လည်ပတ်နေတဲ့စီးပွားရေးဆိုတာဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ စုံလင်ကွဲပြားမှု နဲ့ ဂေဟစက်ဝန်းထဲမှာ သက်ရှိသတ္တဝါတွေအားလုံး အတူယှဉ်တွဲနေနိုင်ဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ (မြေ၊ရေ၊လေ) ကို ထိန်းသိမ်းကာကွယ်ပေးနိုင်တဲဲ့ စီးပွားရေးဖြစ်ပါတယ်။ ရှင်သန်လည်ပတ်နေတဲ့စီးပွားရေးကို ဒေသတွင်းလူ့အဖွဲ့အစည်းကနေတဆင့် တည်ဆောက်ရပါတယ်။ ဒေသတွင်းလူ့အဖွဲ့အစည်းဆိုတာ တိုင်းရင်းဖြစ်တဲ့ဒေသခံပြည်သူတွေကို ဆိုလိုပါတယ်။ နေရာဒေသတစ်ခုမှာ စီးပွားရေးစီမံကိန်းတစ်ခုပြုလုပ်မယ်ဆိုရင် လုပ်ငန်းရှင်တွေက ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို တရားမျှတမှု၊ ညီညွတ်မျှတမှု၊ တာ၀န်ယူမှုတာ၀န်ခံမှု စတဲ့ အခြေခံသဘောတရားတွေနဲ့ချိတ်ဆက်ပြီး လေးစားလိုက်နာမှုရှိရပါမယ်။ ဒါမှသာ ရှင်သန်လည်ပတ်နေတဲ့စီးပွားရေးဖြစ်မှာပါ။

ထိုသို့မဟုတ်ဘဲ အရင်းရှင်စီးပွားရေးစနစ်နဲ့ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ ဒေသခံပြည်သူတွေဟာ ပိုင်ဆိုင်မှုမဲ့သွားခြင်း၊ နေရပ်ဌာနေတွေမှနှင်ထုတ်ခံရခြင်း၊ အထူးသဖြင့် ဘိုးစဥ်ဘောင်ဆက်စုပေါင်းနေထိုင်လာခဲ့ကြတဲ့ ဘုံ​မြေတွေ မတရားသိမ်းပိုက်ခံရခြင်း၊ လက်ဆင့်ကမ်းလာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒေသရင်းအသိပညာတွေ ဆိတ်သုဥ်းသွားခြင်း စတဲ့အဖြစ်အပျက်တွေနဲ့သာ ခေတ်အဆက်ဆက် ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အပျက်တွေကို မြန်မာနိုင်ငံအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် သယံဇာတပေါများကြွယ်၀တဲ့ တောင်တန်းဒေသ၊ မြစ်၀ှမ်းဒေသ နဲ့ ပင်လယ်ကမ်းစပ်ဒေသတွေမှာ နေထိုင်နေကြတဲ့ဒေသခံပြည်သူတွေဟာ နိုင်ငံရဲ့ ဖိနှိပ်ခံလူတန်းစား ဘဝတွေဆီသို့ ပိုမိုရောက်ရှိသွားပါတယ်။

ခရိုနီလူတန်းစားတွေက စစ်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး သယံဇာတပေါများကြွယ်ဝတဲ့​ဒေသတွေကို မတရားသိမ်းပိုက်ကြတာကြောင့် မြန်မာနိုင်ငံရှိဌာနပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝတွေ​ဖြစ်သွားရပါတယ်။ ကချင်ဒေသက မြစ်ဆုံစီမံကိန်းနဲ့အတူ ရွှေတူးဖော်ရေးလုပ်ငန်းတွေ၊ ပီလောပီနံနဲ့ တစ်သျှူးငှက်ပျောစတဲ့ စီးပွားဖြစ်စိုက်ခင်းတွေကြောင့် မြေဧကများစွာသိမ်းပိုက်ခံရမှုတွေ၊ မြန်မာပြည်အလယ်ပိုင်း လက်ပံတောင်းတောင် စံပယ်တောင် ကြေးစင်တောင်တို့မှ ကြေးနီစီမံကိန်းတွေ၊ မြစ်ဝှမ်းဒေသ ဒီရေတောနေရာတွေကို အပိုင်သိမ်းပြီး ဂဏန်း ပုဇွန် မွေးမြူရေးကန်လုပ်ငန်းတွေ၊ တောင်တန်းဒေသတွေကို ကာကွယ်သစ်တောမြေအဖြစ် မတရား​ဥ​ပဒေထုတ်ပြန်ပြီး ဒေသခံပြည်သူတွေကို စိုက်ပျိုးရေးခြံတွေမှ အဓမ္မမောင်းထုတ်မှုတွေ၊ ကမ်းရိုးတန်းဒေသတွေမှာ ဟိုတယ်ကျွန်းတွေ၊ ငှက်သိုက်နဲ့ ပုလဲမွေးမြူရေးကုမ္ပဏီတွေ၊ ဆားအုန်းဆီစိုက်ခင်းတွေ စတာတွေဟာ ဒေသခံပြည်သူတွေကို အမြတ်ထုတ်ဂုတ်သွေးစုတ်ရင်း လည်ပတ်နေတဲ့ စီးပွားရေးစီမံကိန်းဖြစ်ပါတယ်။

ဒေသခံပြည်သူတွေက မတရားဖိနှိပ်ခံရမှုတွေကို မခံနိုင်တဲ့အဆုံးမှာတော့ ပိုင်ဆိုင်မှုသက်သေရှိတဲ့စာရွက်စာတမ်းတွေထုတ်ပြပြီး ကန့်ကွက်ကြတဲ့အခါမှာလည်း ထိုပိုင်ဆိုင်မှုအလိုက် အခွန်ပြန်ကောက်ပြီး နိုင်ငံတော်ပိုင်နေရာတွေထဲ ကျူးကျော်နေထိုင်မှုဆိုတဲ့ဒဏ်ခတ်မှုတွေ ပြုလုပ်ခြင်းခံရပြန်ပါတယ်။ အကျိုးဆက်အဖြစ် ဌာနေပြည်သူတွေဟာ ဥပဒေချိုးဖောက်သူတွေဖြစ်သွားပြီး အချိန်ကာလကြာလာတဲ့အလျှောက် ဒီစီးပွားရေးလုပ်ငန်းကြီးတွေမှာပဲ အောက်​ခြေအလုပ်သမားတွေဖြစ်သွားရပါတယ်။ယခုလက်ရှိကာလမှာ နာမည်ကြီးနေသလို အန္တရာယ်လည်းအလွန်ကြီးမားတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တုစီမံကိန်းတွေအကြောင်းကို အနည်းငယ်ဝေမျှလိုပါတယ်။

မြေရှားသတ္တုတူးဖော်ရေးကို ကချင်ပြည်နယ် ပန်ဝါနဲ့ချီဖွေအကြား ကန့်လန့်ဖြတ်စီးဆင်းနေတဲ့ ချီဖွေချောင်းအထက်ပိုင်း တောင်တန်းဒေသတွေမှာ အများအပြားတွေ့ရှိရပါတယ်။ ဒီစီမံကိန်းတွေနောက်ကွယ်မှာတော့ အုပ်ချုပ်ရေးအဖွဲ့အချို့နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရှုပ်ထွေးလှတဲ့ အကြောင်းအရာတွေရှိနေပါတယ်။ မြေရှားသတ္တုတူးတယ်ဆိုတာ တောင်တစ်တောင်လုံးကိုဖောက်ပြီး အက်စစ်လောင်းထည့်၊ ကျလာတဲ့အရည်ကို ခံယူရတာပါ။ ဒါကြောင့် တောင်တွေမရှိတဲ့နေရာမှာလုပ်ရင် လုပ်ငန်းအကုန်အကျများတာကြောင့် အများအားဖြင့် တောင်တန်းဒေသတွေမှာသာ ပြုလုပ်ကြပါတယ်။ ပန်ဝါဒေသကတော့ တောင်တန်းတွေပေါတဲ့အပြင် မြေရှားသတ္တုလည်းပေါတာကြောင့် စီးပွားရေးသမားတွေအတွက် မျက်စိကျရာ ကမ္ဘာပေါ်မှာ တတိယမြောက်မြေရှားသတ္တုအများဆုံးထွက်ရာဒေသဖြစ်လာပါတယ်။ ၂၀၂၃ နှစ်အစပိုင်းအထိတော့ မြေရှားသတ္တုစီမံကိန်း ၆၆ခု ရှိတယ်လို့ Google Earth ရဲ့ ကောင်းကင်ဓာတ်ပုံတွေအရ သိရပြီး ယခုလက်ရှိကာလမှာတော့ ပိုများလာမယ်လို့ ခန့်မှန်းရပါတယ်။ မြေရှားသတ္တုတူးဖော်ရေးမှာ အဓိကအရေးကြီးတာက ဓာတုဆေးရည်ရောနှောပါဝင်နေတဲ့စွန့်ပစ်ရည်တွေကို စနစ်တကျစွန့်ပစ်မှုရှိ/မရှိ စောင့်ကြည့်ရခြင်းဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပြုကာကွယ်မှုတွေ မရှိ​​​​နေတာကြောင့် ဒီဓာတုဗေဒအဆိပ်သင့်ရေတွေဟာ ချီဖွေချောင်းထဲစီးဝင်ပြီး မေခမြစ်မှတဆင့် ဧရာဝတီမြစ်ထဲအထိ စီးဝင်နေကာ မြေရေညစ်ညမ်းမှုတွေကိုဖြစ်လာစေပါတယ်။ မြစ်ချောင်းဂေဟစနစ်ညစ်ညမ်းမှုမှတဆင့် မြစ်ချောင်းတလျှောက်နေထိုင်နေတဲ့ပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ ဧရာဝတီမြစ်ဟာ မြန်မာ့လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်မှုအတွက် အသက်သွေးကြောဖြစ်ပါတယ်။ ဧရာဝတီမြစ်ထဲကို ဓာတုအဆိပ်ရည်တွေ နေ့စဥ်နဲ့အမျှစီးဝင်နေတာဟာ တစ်နိုင်ငံလုံးဒုက္ခများစေမယ့် စိုးရိမ်ဖွယ်ရာကိစ္စရပ်ပါပဲ။ ဒီလိုဖြစ်စဥ်တွေနဲ့အတူ ဆက်တိုက်ဖြစ်ပွားလာတဲ့ ဆိုးကျိုးတွေကတော့ သဘာဝအရင်းအမြစ်တွေဆုံးရှုံးပျောက်ကွယ်လာပြီး ဆင်းရဲသားလူဦးရေတိုးပွားလာခြင်းပဲ ဖြစ်ပါတယ်။ ရှင်သန်လည်ပတ်နေတဲ့ ဒေသတွင်းစီးပွားရေးကိုဖျက်ဆီးပစ်ပြီး အကန့်အသတ်သာရှိတဲ့ သဘာ၀သယံဇာတကို အလွန်အကျွံထုတ်ယူသုံးစွဲရာမှ ဂေဟစနစ်ထဲက ကွင်းဆက်တွေပြတ်ထွက်ကုန်ပါတယ်။ ရာသီဥတုပျက်စီးလာလေလေ သဘာ၀ဘေးဒဏ်ခံရလေလေ ဖြစ်ပါတယ်။ ဒီဘေးဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ အခြေခံလိုအပ်ချက်တွေမရှိတော့တဲ့ပြည်သူတွေဟာ ဆင်းရဲနွံနစ်သထက်နစ်လာပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ မညီမျှမှုကို လူးကပ်စ်ချန်ဆယ် (Lucas Chancel) ရဲ့ အချက်၅ချက်အရ တင်ပြလိုပါတယ်။

၁. သဘာ၀သယံဇာတကို မျှတစွာ ခွဲဝေသုံးစွဲမှုမရှိခြင်း။

၂. သဘာ၀ဘေးဒဏ်ကို ခံနိုင်ရည်အား မညီမျှခြင်း။

၃. သဘာ၀ပတ်၀န်းကျင်ပျက်စီးဆုံးရှုံးမှုအပေါ် လုံလောက်သော တာ၀န်ယူမှု မရှိခြင်း။

၄. သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းကာကွယ်ရေး မူ၀ါဒတွေကို လိုက်နာကျင့်သုံးမှုမရှိခြင်း။

၅. သဘာ၀သယံဇာတစီမံခန့်ခွဲရေး နှင့်ပတ်သတ်ပြီး ညီညွတ်မျှတသော ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်း တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သဘာ၀အရင်းအမြစ်အပြင် လူသားအရင်းအမြစ်တွေကိုပါ ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ် ရှိနေသ၍ ပြည်သူတွေဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို ခံစားခွင့်ရဖို့ အခွင့်အလမ်းလုံးဝမရှိပါဘူး။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုဆိုတာဟာ တစ်ဦးတယောက်ချင်းကနေတဆင့် လူ့အဖွဲ့အစည်း၊ ထိုမှတဆင့် အစိုးရ (သို့မဟုတ်) နိုင်ငံတော်၊ ထိုသို့အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုတွေကို ပုံဖော်ရတာဖြစ်ပါတယ်။ ဒါပေမယ့် လျင်မြန်စွာပျက်ဆီးယိုယွင်းလာတဲ့ ယခုလက်ရှိ ကမ္ဘာ့ရာသီဥတုအခြေအနေမှာတော့ လူထုရဲ့လှုပ်ရှားမှုများနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရတွေပူးပေါင်းပြီး ကတိကဝတ်တွေ မူဝါဒတွေထုတ်ပြန်ပြီး တပြိုင်တည်းပြုလုပ်နိုင်မှ အချိန်မှီကာကွယ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူကတည်ဆောက်ပေးမှ ဖြစ်ပေါ်လာနိုင်​​ကြောင်း ယနေ့မြန်မာပြည်သူတွေ လက်တွေ့သိရှိနေပါပြီ။ သဘာ၀ပတ်၀န်းကျင်ဆိုတဲ့ ဘုံဆိုင်ကို ရှင်းလင်းတဲ့ဥပဒေ၊ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချနိုင်ခြင်းနဲ့ ပဋိပက္ခဖြေရှင်းရေးစနစ်တွေရှိမှာသာ ရေရှည်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်ပေါင်းများစွာ တရားမျှတမှုကို နှိပ်ကွပ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့ အရင်းရှင်စီးပွားရေးစနစ်တို့ရဲ့ အဆိပ်မြစ်ကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်မှသည် လူ့အဖွဲ့အစည်းလွတ်လပ်ခွင့်၊ ကမ္ဘာမြေလွတ်လပ်ခွင့် ဆိုတဲ့ သဘာ၀ပတ်၀န်းကျင်ရေသောက်မြစ်ကို ပြန်လည်ရှင်သန်စေနိုင်မှာပဲဖြစ်ပါတယ်။

ကိုးကား

~ Principles of Earth Democracy by Navdanya

~ Unequal Access to Environmental Resources by Lucas Chancel

~ အစိမ်းရောင်လုယက်မှု။ မြင့်မိုရ်မေတ္တာ (လွိုင်ကော်)

~ အစိုးရ။ ကိုတာ

~ ဘုံဆိုင်တို့ရဲ့အလွမ်းဇာတ်။ ကိုတာ

“F” for Climate Change: Flight

ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...