Monday, December 20, 2021

Environmental Kuznets Curve - Alas, this is a myth.

Kuzents သီအိုရီအရ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာလေလေ ဝင်ငွေမညီမျှမှု (income inequalities) လျော့ကျလာလေလေ လို့ သတ်မှတ်ပါတယ်။ အလားတူ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုလည်း လျော့ကျလာတယ်လို့ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က စီးပွားရေးပညာရှင်များ Gene Grossman နှင့် Alan Krueger တို့က ယူဆထားပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်အရေးအတွက် လွန်စွာ မေးခွန်းထုတ်စရာ သီအိုရီတခုပါ။

ပုံအရ မျဥ်းကွေးရဲ့အစမှာ ဝင်ငွေ (စီးပွားရေး) တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုအတိုင်းအတာလည်း မြင့်မားလာပါတယ်။ နိုင်ငံတခုဖွံဖြိုးတိုးတက်ဖို့အတွက် လမ်း၊ တံတား၊ အဆောက်အအုံ၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုံတိုးချဲ့မှု စတဲ့ အဆောက်အအုံတိုးတက်မှုကို အရင်ဦးတည်ကြပါတယ်။ ထိုသို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် (တောတောင်ရေမြေဇီဝမျိုးကွဲ) ဟာ ပြိုင်တူ ပျက်စီးဆုံးရှုံးလာရပါတယ်။ ဒီအချက်ဟာ ငြင်းပယ်လို့မရပါဘူး။ ကျွန်မတို့ဟာ ခေတ်မီလူနေမှုစနစ်နောက်ကိုလိုက်တာနဲ့ ကျွန်မတို့ ရုပ်ဝတ္ထုပစ္စည်းများစွာကို ပိုမိုပိုင်ဆိုင်လိုကြပါတယ်။ ဥပမာ- ဘတ်စ်ကားစီးတာထက် ကိုယ်ပိုင်ကားစီးတာကို ပိုနှစ်သက်ကြသလိုမျိုးပါ။ ပုံအရ အလယ် အမြင့်ဆုံးအမှတ် (turning point) မှာ စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းဖို့ အကူးအပြောင်းတခုဆီကို ဦးတည််တော့မယ်လို့ ဖော်ပြပါတယ်။ ပုံအရ နောက်ဆုံးအပိုင်း မှာ စီးပွားရေးတိုးတက်လာမှုနဲ့အမျှ နည်းပညာများအားကောင်းလာပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို လုပ်ဆောင်ကြမယ်လို့ ဖော်ပြပါတယ်။ ဝင်ငွေအားကောင်းလာသည်နှင့်အမျှ အော်ဂဲနစ်အစားအစာတွေကို ပိုမိုစားသောက်လာကြမယ်၊ လျှပ်စစ်ကားတွေ ဝယ်လာကြမယ်၊ လျှပ်စစ်ချွေတာတဲ့ အိမ်တွင်းနည်းပညာတွေ သုံးလာကြမယ်၊ စတဲ့ လုပ်ရပ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးဆုံးရှုံးလာမှုတွေဟာ လျော့ကျသွားမယ်လို့ ယူဆကြပုံပါ။

ဒါကြောင့် Grossman နဲ့ Krueger ဟာ အစိုးရတရပ်အနေနဲ့ စီးပွားရေးတိုးတက်မှု ကိုသာ အရင်ဦးတည်သင့်တယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှူံးမှုကို ထည့်တွက်နေစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဒီယူဆချက် သီအိုရီဟာ စိတ်ကူးယဥ်ဆန်မှု တရပ်သာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတွေဟာရုန်းကန်ရင်း အကန့်အသတ်သာရှိတဲ့သဘာဝအရင်းအမြစ်တွေဟာ ကုန်လုနီးပါးဖြစ်လာပြီး စက်မှုနည်းပညာတိုးတက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုပြဿနာများသာ ဖြေရှင်းဖို့ခက်ခဲလောက်အောင်ပမာဏကြီးထွားလာသည်ကိုသာ မြင်တွေ့ရပါတယ်။ ယခုလက်ရှိ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှု ကို ထိန်းသိမ်းလျော့ချဖို့ ဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံများဟု ယူဆရတဲ့ နိုင်ငံကြီးတွေ ကတိကဝတ်ပြုနေကြတဲ့ Paris Agreement ဟာ လက်တွေ့မှာ ဖြစ်ပွားနေတဲ့ သာဓကကောင်းကြီးတခုပါ။ ရုပ်ဝတ္ထုတွေဖွံ့ဖြိုးတိုးတက်လာသော်လည်း မှီတင်းရာ မိခင်ကမ္ဘာမြေ ပျက်စီးယိုယွင်းလာမှုကို အချိန်မှီ ပြုပြင်နိုင်ဖို့ အင်မတန်နောက်ကျနေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် နိုင်ငံတခု တည်ထောင်ဖို့ရာ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ဝေါဟာရကို ကနဦးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ အမှန်တကယ်လိုအပ်ပေတယ်။

Environment Kuznets Curve Alas, this is a myth.

ရွှေသင်း

Reference

Unsustainable Inequalities by Lucas Chancel

“H” for Climate Change: Hope

မျှော်လင့်ချက် “မျှော်လင့်ချက် ဆိုတာ ကမ္ဘာကို မတည်ထားတဲ့ ဒေါက်တိုင်တစ်ခုပါပဲ” လို့ ရောမ စာဆိုရှင် ပလင်နီ သီအယ်တာ က ဆိုခဲ့ဖူးပါတယ်။...