ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တရားမျှတမှုမရှိသော ဆိုးကျိုးများထဲမှ တစ်ခုမှာ ရာသီဥတုပြဿနာကို အနည်းဆုံးဖြစ်စေခဲ့သူများက အကြီးမားဆုံးသော ထိခိုက်နစ်နာမှုများကို ခံစားရခြင်းပင်ဖြစ်သည်။ တူဗာလူ (Tuvalu) နှင့် ကီရီဘာတီ (Kiribati) ကဲ့သို့သော ပင်လယ်ရေမျက်နှာပြင်အောက် တည်ရှိနေသည့် ကျွန်းနိုင်ငံအချို့ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံထားရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းများ သို့မဟုတ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကျေးလက်တွင်နေထိုင်သူများ ရှင်သန်ရပ်တည်ရန် ခက်ခဲလာသဖြင့် မြို့တော်ဒါကာ (Dhaka) သို့ နေ့စဉ် လူပေါင်းနှစ်ထောင်ခန့် ရောက်ရှိလာကြသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ်အတွင်း အင်အားပြင်း မုတ်သုံမိုးကြောင့် ရေကြီးမှုများဖြစ်ပွားကာ လူပေါင်းတစ်ထောင် သေဆုံးခဲ့ပြီး၊ လူခြောက်သိန်းကျော် ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုနှင့် ဆက်စပ်သည့် အဖြစ်အပျက်များကြောင့် နှစ်စဉ် ပျမ်းမျှလူဦးရေ ၂၁ သန်းခန့် နေရပ်စွန့်ခွာနေကြရသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်းတစ်ဘီလီယံအထိ ရွှေ့ပြောင်းနေထိုင်နိုင်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) က ခန့်မှန်းထားသည်။ ဗြိတိသျှ သတင်းစာဆရာမ ဂါယာဗင့်စ် (Gaia Vince) က “လာမည့် ဆယ်စုနှစ်များအတွင်း လူဦးရေ အမြောက်အမြား နေအိမ်သစ်များကို ရှာဖွေကြရလိမ့်မည်။ သင်ကိုယ်တိုင် ထိုသူများထဲတွင် ပါဝင်လိမ့်မည် သို့မဟုတ် ထိုသူများကို လက်ခံကြိုဆိုရသူ ဖြစ်လိမ့်မည်” ဟု ရေးသားခဲ့သည်။
ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ဤကြီးမားသော နေရပ်စွန့်ခွာမှုကြီးသည် နိုင်ငံတကာ အဖွဲ့အစည်းများကို စမ်းသပ်စစ်ဆေးပါလိမ့်မည်။ ဖြစ်နိုင်ခြေတစ်ခုမှာ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများကို ကြိုဆိုခြင်းပင်ဖြစ်သည်။ ထိုသို့ ကြိုဆိုခြင်းသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်၍လည်းကောင်း၊ သို့မဟုတ် လက်တွေ့ကျသော အကြောင်းပြချက်များကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ ကီရီဘာတီနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန်ဟောင်း အက္ကာရီမွန် (Akka Rimon) သတိပြုမိသကဲ့သို့ “သြစတြေးလျကဲ့သို့ နိုင်ငံများက အလုပ်သမား လိုအပ်နေပြီး” ကီရီဘာတီကဲ့သို့ နိုင်ငံသားများကမူ မကြာမီ နေထိုင်စရာ နေရာသစ်တစ်ခု လိုအပ်လာမည်ဖြစ်သည်။ ဤလိုအပ်ချက်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အထောက်အကူပြုနေပါသည်။ ဥရောပကော်မရှင်ကလည်း အထူးသဖြင့် “ကာဗွန်ကင်းစင်သော စီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင်” “အပိုဆောင်း လုပ်သားအင်အားနှင့် ကျွမ်းကျင်မှုအသစ်များ” လိုအပ်မည်ဖြစ်သဖြင့် တရားဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပိုမိုခွင့်ပြုခြင်းသည် “စီးပွားရေးအရ အကျိုးရှိကြောင်း” မှတ်ချက်ပြုခဲ့သည်။ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများသည် ကာဗွန်လျှော့ချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး အပြန်အလှန် အကျိုးရှိစေမည့် (win-win) အခြေအနေသစ်ကို ဖန်တီးပေးနိုင်သည်။
အခြားဖြစ်နိုင်ခြေတစ်ခုမှာ ရာသီဥတုကြောင့် ပြောင်းရွှေ့လာသူများသည် ၎င်းတို့မတိုင်မီက သန်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများကဲ့သို့ပင် ငြင်းပယ်ခံရခြင်းဖြစ်သည်။ အီးယူ (EU) အပါအဝင် ချမ်းသာသော နိုင်ငံများသည် ဒုက္ခသည်များကို တားဆီးရန် ကြိုးပမ်းကြလိမ့်မည်ဖြစ်ပြီး ဝင်ရောက်လာနိုင်သူများကိုလည်း စခန်းများတွင် ထိန်းသိမ်းထားလိမ့်မည်။ အာဏာရယူရန် ကြိုးပမ်းနေသည့် လက်ယာယိမ်း (right-wing) နိုင်ငံရေးသမားများက ရွှေ့ပြောင်းလာသူများကို ပုတ်ခတ်ပြောဆိုကြမည်ဖြစ်ပြီး၊ ၎င်းသည် လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့မှု (Xenophobia) ကို ပိုမိုအားပေးရာရောက်သည့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုသံသရာ (Social feedback loop) ကို ဖြစ်စေလိမ့်မည်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ (Giorgia Meloni) က သူမ၏နိုင်ငံအနေဖြင့် “ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏ နိုင်ငံများသို့ ပြန်ပို့သင့်ပြီး ၎င်းတို့ကို ကယ်ဆယ်ခဲ့သည့် လှေများကိုပါ နစ်မြှုပ်ပစ်သင့်သည်” ဟု ပြောကြားခဲ့ဖူးသည်။
ရာသီဥတုပြောင်းလဲမှုကို ကန့်သတ်ရန် ကမ္ဘာ့စွမ်းအင်စနစ်များ အစားထိုးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်ရန် ရေကာတာများ၊ ပင်လယ်တံတိုင်းများ တည်ဆောက်ခြင်း စသည့် ကြိုးပမ်းမှုများ အတွင်းမှာပင် ဆိုင်ကလုန်းမုန်တိုင်း၊ မိုးခေါင်မှု၊ မီးလောင်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတို့ကြောင့် သန်းနှင့်ချီသော လူများ ထွက်ပြေးနေရသည့် အခြေအနေကြီး ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုဆင့်ကဲဖြစ်ပေါ်လာသော အကျပ်အတည်းများက သုံးဆယ်စုနှစ်ကြာ ဆောင်ရွက်လာသည့် ရာသီဥတုဆိုင်ရာ ညှိနှိုင်းမှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေပြီး၊ အကောင်းဆုံးသော ရှေ့ဆက်ရမည့် နည်းလမ်းများကို ရှာဖွေရန် ကမ္ဘာကြီးကို စည်းလုံးလာစေခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း အတိတ်က ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားနေသည့် အင်အားစုများဖြစ်သော အမျိုးသားရေးဝါဒ (nationalism)၊ ကော်ပိုရိတ်ဝါဒ (corporatism)၊ ဂိုဏ်းဂဏစွဲဝါဒ (sectarianism) နှင့် ကြောက်ရွံ့မှု (fear) တို့သည် ရာသီဥတုပြောင်းလဲလာမှု၏ ဖိအားအောက်တွင် ပိုမိုပြင်းထန်လာခြင်းလည်း ဖြစ်လာနိုင်သည်။
ဘာသာပြန် - ရွှေသင်း
Climate Change from A to Z (Elizabeth Kolbert)

No comments:
Post a Comment