Sunday, June 5, 2022
Only One Earth (World Environment Day 2022)
"ကမ္ဘာပျောက်တော့မယ်လို့ ပြောဆိုနေကြချိန်မှာ နိုင်ငံပျောက်နေတဲ့ကျွန်တော်တို့က ပိုပြီးဝန်ထုတ်ဝန်ပိုးဖြစ်ရပါတယ်"
2022 ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ရဲ့ဆောင်ပုဒ် ကတော့ "Only One Earth"။ ဆိုတော့ကား "ခြိုးခြံချွေတာခြင်း" နှင့် "အပြန်အလှန်အမှီသဟဲပြုခြင်း" ဟာ ကမ္ဘာမြေထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရော မြန်မာ့နွေဦးတော်လှန်ရေးအတွက်ပါ အကျိုးများစေမယ့်လုပ်ဆောင်ချက်တွေလို့ သုံးသပ်မိပါတယ်။
ယနေ့ခေတ်ကာလ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့တွေဟာ နေ့စဥ်နဲ့အမျှ စိန်ခေါ်မှုတွေကို တိုးလို့ ရင်ဆိုင်လာရပါတယ်။ ကပ်ရောဂါဆန်းတွေ၊ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာမှုအရှိုန်မြင့်တက်လာခြင်းတွေ၊ စစ်ဘေးအန္တရာယ်တွေ စတဲ့ကိစ္စရပ်တွေဟာ ကမ္ဘာ့ထိပ်သီးပြဿနာတွေဖြစ်လာနေပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ လူတွေရဲ့အတွင်းအဇ္စျတ္တ (Spirituality) ဖောက်ပြန်မှုတွေရဲ့အကျိုးဆက်တွေဖြစ်သလို တဖက်လူတဦးရဲ့စိတ်နေစိတ်ထားကို တခြားလူတဦးက ပြုပြင်ပြောင်းလဲပေးနိုင်မှု ဆိုတာကလဲ ခက်ခဲတဲ့လုပ်ရပ်တခုပါပဲ။ "ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနဲ့ သက်ရှိတွေရဲ့တည်မြဲရေးကို လူတွေကပဲခြိမ်းခြောက်နေတယ်။ လူ့တန်ဖိုးတွေကိုမှ ဂရုမစိုက်ကြတာကိုး။ သဘာဝနဲ့ သဘာဝသယံဇာတကို ဖျက်ဆီးကြတာဟာ မသိမှု၊ လောဘနဲ့ သက်ရှိတွေကို ထိုက်သလောက် မရိုသေမှုတွေကနေ ဖြစ်လာတာ။"
လူတဦး (သို့) လူ့အဖွဲ့အစည်းရဲ့ အတွင်းအစ္ဇျတ္တဖောက်ပြန်မှုကနေ ဆိုးဝါးတဲ့အကျိုးဆက်တွေသာ ဖြစ်ပေါ်လာရပါတယ်။ အထူးသဖြင့် အာဏာ၊ ပါဝါ၊ လက်နက်ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်တဦးတယောက် (သို့) လူ့အစုအဖွဲ့ရဲ့ ဖောက်ပြားလာမှုကနေ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို မြန်မာနိုင်ငံသားတွေဟာ သမိုင်းအဆက်ဆက်မှသည် ယနေ့ထိ တနိုင်ငံလုံးဒုက္ခပင်လယ်ကြားမှာ ရုန်းရင်းဆန်ခက်ရင်း ထင်ထင်ရှားရှားကြုံတွေ့ခံစားလာရတာပါ။ ယခုလို နိုင်ငံရဲ့စိန်ခေါ်မှု သာမက ကမ္ဘာရဲ့စိန်ခေါ်မှုကိုပါ ရင်ဆိုင်လာရတဲ့ ကျွန်တော်တို့လိုလူငယ်တွေမှာတော့ ခေတ်ကာလတာဝန်ဟာ ပိုလို့ကြီးမားလာပါတယ်။ ကမ္ဘာပျောက်တော့မယ်လို့ ပြောဆိုနေကြချိန်မှာ နိုင်ငံပျောက်နေတဲ့ကျွန်တော်တို့က ပိုပြီးဝန်ထုတ်ဝန်ပိုးဖြစ်ရပါတယ်။
ဖြေရှင်းရမယ့်နည်းလမ်းကတော့ ကျွန်တော်တို့ရှာရမှာပါပဲ။ "ကျုပ်တို့မှာဘာတာဝန်တွေရှိနေလဲ၊ လာလတ္တံ့တဲ့မျိုးဆက်တွေဖို့ ကျုပ်တို့က ဘာတွေများ ချန်ထားခဲ့မှာလဲ။"
ဒီနှစ်ဆောင်ပုဒ် (Only One Earth)မှာ ကမ္ဘာကြီးက လူသားတွေကို "မင်းတို့ရှင်သန်နေထိုင်ရာမြေကမ္ဘာဂြိုလ်ဟာ ငါတခုပဲရှိတယ်နော်"လို့ သတိပေးနေပုံပါ။ နေထိုင်အခြေချရာနေရာ ခက်ခဲရှားပါးချိန်မှာ "ခြိုးခြံချွေတာခြင်း"က လိုအပ်တဲ့နည်းလမ်းဖြစ်သလို၊ အန္တရာယ်နဲ့ရင်ဆိုင်နေကြရချိန်မှာလည်း ရေရှည်ကြံ့ကြံ့ခံနိုင်ဖို့အကောင်းဆုံးနည်းလမ်းက "အပြန်အလှန်အမှီသဟဲပြုခြင်း" လို့ လက်ခံထားပါတယ်။ ဒီ ၂ချက်ဟာ ကျွန်တော်တို့ကမ္ဘာမြေကြီးကို အပျက်အဆီးနည်းအောင် လုပ်ဆောင်ပေးနိုင်ရုံသာမက ယခုကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်ပါ ဖော်ဆောင်ပေးနိုင်တဲ့နည်းလမ်းတွေဖြစ်တယ်လို့ စဥ်းစားသုံးသပ်မိပါတယ်။
"ခြိုးခြံချွေတာခြင်း" ကဏ္ဍရပ်မှာ ယခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဘေးဆိုးကပ်ဆိုးတွေ၊ အထူးသဖြင့် ကမ္ဘာရာ့သီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေဟာ ကျွန်တော်တို့ရဲ့ အလွန်အကျွံထုတ်ယူသုံးစွဲမှု/စားသုံးမှု ရဲ့အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ အကန့်အသတ်သာရှိတဲ့သဘာဝသယံဇာတတွေဟာ လူသားတွေရဲ့လိုတာထက်ပိုမိုသုံးစွဲမှု၊ အချိန်မှီပြန်လည် မဖြည့်တင်းပေးနိုင်မှုတို့ကြောင့် ဂေဟစနစ်ဟာ ယိုယွင်းပျက်ဆီးလာရပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်း (Climate Change) ကိစ္စရပ်အပေါ် ဖွံ့ဖြိုးပြီးကမ္ဘာ့ထိပ်သီးနိုင်ငံတွေ ကတိကဝတ်ပြုထားတဲ့ Paris Agreement အထမြောက်မှုမှာလည်း မှေးမှိန်လျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ GDP (Gross Domestic Products) တိုးတက်မှုနှုန်းကို ထိခိုက်စေနိုင်တဲ့ကိစ္စရပ်တွေကို ဖော်ဆောင်ဖို့ဆိုတာ စွန့်စားမှုတခုလို့ မြင်နေကြပုံပါ။ ဒါကြောင့် စစ်ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့နိုင်ငံတွေရဲ့ ပြဿနာတွေကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေထံ Veto Power ပေးအပ်ထားတဲ့ UN လိုအဖွဲ့အစည်းကြီးတောင် ထိထိရောက်ရောက်ပါဝင်ဖြေရှင်းနိုင်ဖို့ အခက်တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာငွေရေးကြေးရေး အင်စတီကျူးရှင်းတွေဟာ ဆင်းရဲတဲ့နိုင်ငံငယ်လေးတွေရဲ့ လူမှုဖူလုံရေး ပေါ်လစီတွေကို ဖြတ်တောက်ပစ်ဖို့ စီးပွားရေးအရအကျပ်ကိုင်ကြပါတယ်။ ဒါကြောင့် စီးပွားရေးအားပြိုင်တွေကို တွန်းအားပေးတဲ့ စားသုံးမှုဝါဒ/ စျေးရောင်းရရေးဝါဒ (Consumerism) ကို မထိန်းချုပ်နိုင်သရွေ့ တခြားလူ့အဖွဲ့အစည်းကိစ္စရပ်များအပ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း မျှော်လင့်ထားတဲ့ပန်းတိုင်ကို ရောက်ဖို့အလှမ်းဝေးအုံးမှာပါ။ စားသုံးမှုဝါဒ/ စျေးရောင်းရရေးဝါဒ (Consumerism) မှာ ကျွန်တော်တို့ဟာ ကုန်စည်ပစ္စည်းတွေနောက်ကိုလိုက်ဖို့ အသောမသတ်နိုင်အောင်ဖြစ်ကြရပါတယ်။ ကြော်ငြာတွေရဲ့အားကောင်းမှု၊ ဆွဲဆောင်မှုတွေဟာ လူတွေရဲ့လောဘကိုဆွပေးပီး လောဘသားတွေဖြစ်အောင် ဖန်တီးလိုက်ကြတာပါ။ " လူစင်စစ်ကနေကြွက်ပြေးပွဲကြီး (Rat Race) ထဲက ကြွက်တွေဖြစ်ကုန်တယ်။ ကြွက်ပြေးပွဲကြီးမှာ နိုင်တယ်ဆိုလဲ ကြွက်ကတော့ကြွက်ပါပဲ။ ကြွက်ပြေးပွဲဆိုသည် သူ့ထက်ငါသာအောင် ငွေရှာဖို့အရေးမှာ ပြိုင်နေကြတာကို ဆိုလိုပါတယ်။" ယခု ကျွန်တော်တို့နိုင်ငံရဲ့ဒီကာလမှာလည်း တော်လှန်ရေးမြန်မြန်ခရီးရောက်နိုင်ဖို့အတွက်လိုအပ်တဲ့နေရာထက် တခြားမလိုအပ်တဲ့နေရာတွေမှာ သုံးစွဲမှု/စားသုံးမှုတွေများနေတာတွေဟာ မျက်မြင်ဖြစ်ရပ်တွေပါပဲ။ Facebook Live Sale တွေ ကြော်ငြာတွေကလည်း တဟုန်ထိုးအားကောင်းနေဆဲပါပဲ။ ဒီဆွဲဆောင်မှုတွေဟာ ငြင်းဆန်ရခက်တာ မှန်ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့ ကြိုးစားရပါမယ်။ "လျော့ချပြီး နေရမယ်လို့ မတောင်းဆိုပါ။ စျေးရောင်းလိုသူတို့နောက် ကောက်ကောက်ပါအောင်မလိုက်ဘဲ သင့်သလောက်သာနေခြင်း (ဝါ) စားသုံးသူစရိုက် မဟုတ်သောနေခြင်းသည် စိတ်(အစ္ဇျတ္တ)ကို ပြောင်းလဲသောနေနည်းဖြစ်သည်။ ရိုးရိုးလေးနေခြင်းသည် သတိထား၍နေခြင်း၊ ကိုယ့်ကိုယ်ကိုသိနေခြင်း (မိမိဟာ ပတ်ဝန်းကျင်နဲ့၊ မြေကြီးနဲ့၊ လူတွေနဲ့တဆက်တည်းသာဖြစ်ခြင်းကို သတိရှိခြင်း) ကိုဖြစ်စေသော နေနည်းဖြစ်ပါတယ်။" ထို့ကြောင့် ခြိုးခြံချွေတာမှုမှသည် စုဆောင်းခြင်း အလေ့အထရှိလာပြီး ဝေမျှခြင်းလမ်းစဥ်/ "အပြန်အလှန်အမှီသဟဲပြုခြင်း" သို့ ကူးပြောင်းဖို့လွယ်ကူစေနိုင်ပါတယ်။ တကယ်တော့ ဒီကိစ္စရပ်တွေဟာ လူ့အဆောက်အအုံစနစ်တွေ အင်စတီကျူးရှင်းတွေပြောင်းလဲမှုဖြစ်ပေါ်မှ ပိုမိုမြန်ဆန်ထိရောက်နိုင်မယ်လို့ ပြောလို့ရပေမယ့် အခုထိတော့ လူမှုရေးပြောင်းလဲဖို့ စနစ်ကိုခွဲခြားစိတ်ဖြာစိစစ်မှု၊ ဗျူဟာနဲ့ အစုအပေါင်းနဲ့လုပ်ဆောင်မှုမှာ အာရုံစိုက်မှုအားနည်းနေဆဲပါ။ အတွင်းစိတ် (အစ္ဇျတ္တ)နဲ့ တဦးချင်းကိုပဲ ပိုပြီးအာရုံစိုက်ကြဆဲပါ။ ဒါပေတဲ့ လူ့အဖွဲ့အစည်းရဲ့ပြောင်းလဲမှုဟာလည်း တဦးချင်းဆီရဲ့ကြိုးစားအားထုတ်မှုကနေဖြစ်လာခြင်းဆိုတာကို သတိချပ်ရပါမယ်။
"အပြန်အလှန်အမှီသဟဲပြုခြင်း" ကဏ္ဍရပ်မှာ ဂေဟစနစ်အတွင်း ကမ္ဘာမြေပေါ်မှသက်ရှိအားလုံးဟာ ဟန်ချက်ညီစွာ အမှီသဟဲပြုနေထိုင်ကြရပါတယ်။ တောတောင်ရေမြေသားရဲတိရစ္ဆာန်တွေရှင်သန်ဖြစ်ပေါ်နေခြင်းဟာ သဘာဝတရားရဲ့ ဟန်ချက်ညီမှုအပေါ်မှာ မူတည်နေတာပါ။ ယခုကျွန်တော်တို့ကြုံတွေ့လာရတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အမှီသဟဲပြုအားနည်းခြင်းကြောင့် ဟန်ချက်ညီမှုဖျက်ဆီးသွားတဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ထိုသဘောတရားကို ရူပဗေဒပညာရှင် အိုင်းစတိုင်းနဲ့ ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားတို့က လောကကား အညမည (အပြန်အလှန်မှီခိုနေခြင်း) သာဖြစ်တယ်လို့ ဟောပြထားပါတယ်။ အိုင်းစတိုင်းက "နေ့တိုင်းနေ့တိုင်းအကြိမ်များစွာ ကျွန်တော့်ကိုကျွန်တော် သတိပေးသည်။ ကျွန်တော်၏ အဇ္စျတ္တနှင့် ဗဟိဒ္ဓ အတွင်းအပဘဝကား အခြားသူတစ်ပါးအသက်ရှင်နေသူ၊ သေပြီးသူများအပေါ်တွင် အခြေခံနေကြောင်း၊ ကျွန်တော့်အနေနှင့် ရယူခဲ့သည့်အလျောက် အညီအမျှ ပြန်လည်ပေးဆပ်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း။" နှင့် ဒလိုင်းလားမား၏ မိန့်ခွန်းတခုပါ "ကျုပ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုနေကြတာပါ။ တသီးတသန့်နေလို့ မဖြစ်နိုင်တော့ပါ။ ကိုယ့်အသိုက်အဝန်းပြင်ပမှာ ဖြစ်ပျက်နေတာတွေကို လျစ်လျူရှု၍ မရတော့ပါ။ အခက်အခဲတွေ တွေ့တဲ့အခါ တယောက်ကိုတယောက် အကူအညီပေးရမှာပါ။ ကံအကြောင်း ကောင်းတဲ့အခါလည်း တယောက်ကိုတယောက် ဝေမျှရမှာပါ။" ဆိုတဲ့ ကျိုးကြောင်းဆင်ခြင်ခြင်း (rational) နဲ့ ယုံကြည်မှုအခြေခံခြင်း (Spiritual) ကြား သိပ္ပံလမ်းကြောင်းနဲ့ ဘာသာတရားလမ်းကြောင်းရဲ့ ဆုံချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီကဏ္ဍရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ယခုအခြေအနေအတွက် များစွာအရေးပါတဲ့ကိစ္စရပ်လည်းဖြစ်ပါတယ်။ အတွင်းအစ္ဇျတ္တငြိမ်းချမ်းမှုမှသည် လူ့အဖွဲ့အစည်းကောင်းမွန်မှုရေးဆီသို့ ထောက်ပြပေးခဲ့တဲ့ ဇင်ဘုန်းကြီး "သစ်နတ်ဟန်းဟောတဲ့ ကိုယ်ကျင့်တရားများ (the percets of community of Interbeing) မှာလဲ ဆဌမသီလက - လူသန်းပေါင်းများစွာ ငတ်မွတ်နေချိန်မှာ ဥစ္စာဓန မစုဆောင်းပါနဲ့၊ ဘဝရည်မှန်းချက်ကို ကျော်စောမှု၊ အမြတ်အစွန်း၊ ဓနဥစ္စာနဲ့ အပျော်အပါးအတွက်လို့ မရည်မှန်းနဲ့။ ရိုးရိုးနေ၊ အချိန်၊ စွမ်းအားနဲ့ ရုပ်ဝတ္ထုတွေကို လိုအပ်နေသူတွေအား ဝေမျှ" ဆိုတဲ့ နည်းနာအတိုင်း ဒီကာလမှာ ကျွန်တော်တို့နိုင်ငံအတွက် ဝေမျှခြင်း/ "အပြန်အလှန်အမှီသဟဲပြုခြင်း" ဟာ အမှန်တကယ်လိုအပ်နေတဲ့အရာပါ။ တိုင်းပြည်အနာဂတ်အတွက် နေရာဒေသအသီးသီးမှာ ကိုယ်ပိုင်ခံယူချက်တွေနဲ့ အခက်အခဲတွေကြားက ရုန်းကန်ကြိုးစားနေတဲ့သူတွေ၊ စစ်အာဏာရှင်တွေကြောင့် အိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ အများအပြားဆိုတာ လက်ခံသိရှိပြီးသားဖြစ်ပါတယ်။ ထိုသူတွေနဲ့အတူ အကောင်းအဆိုးတွေရင်ဆိုင်နိုင်ရန် နဲ့ လိုအပ်တဲ့အကူအညီတွေကို မျှဝေပေးနိုင်ရန် ကျွန်တော်တို့တယောက်ချည်းစီတိုင်းဟာအမြဲအဆင်သင့်ရှိနေသင့်ပါတယ်။
"တော်လှန်ရေးဘယ်တော့ပြီးမလဲ? ခင်ဗျားပါရင် မြန်မြန်ပြီးမယ်" လို့ နွေဦးတော်လှန်ရေးရဲ့ လူထုလှုပ်ရှားမှုခေါင်းဆောင် ကိုတေဇာဆန်းပြောတဲ့စကားဟာလည်း လက်ခံမှတ်သားစရာများပါတယ်။ သဘာဝပတ်ဝန်းကျင်အရေးမှာလဲ ဆရာကိုတာက "လူတိုင်းအားလုံးတာဝန်ရှိကြတယ်လို့ မြင်ကြရင်တော့ ကိစ္စပြီးပါတယ်။ အားလုံး တာဝန်ရှိတယ်လို့ မြင်ကြပြီဆိုရင်တော့ ဒါတကယ့်အားပါ၊ တကယ့်ပျော်စရာပါ။ တာဝန်ရှိနေတယ်လို့ အမှန်တကယ် ယူဆမှသာ ကျုပ်တို့နဲ့ ပတ်ဝန်းကျင် ကျုပ်တို့နဲ့ အိမ်နီးနားချင်း၊ ဆက်ဆံရေးဟာ ဟိုဘက်သည်ဘက် ချိန်ခွင်လျှာလို မျှတမှာပေါ့။" လို့ တဦးချည်းဆီရဲ့အရေးပါပုံကို ပြောပြထားပါတယ်။
အထက်မှာပြောခဲ့တဲ့အတိုင်း စိတ်(အစ္ဇျတ္တ) ပြောင်းလဲမှုဟာ အမှန်တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် တဦးချင်းစတင်လိုက်တဲ့ပြောင်းလဲမှုဟာ စနစ်တခုလုံးပြောင်းလဲခြင်းဆီကို လမ်းဖွင့်ပေးနိုင်ပါတယ်။ လူထုကိုယ်စားပြုတာဝန်ယူထားတဲ့ ခေါင်းဆောင်ပိုင်းတွေကလဲ ပိုမိုအားစိုက်ဖို့လိုသလို ပြည်သူတဦးချင်းဆီကလည်း ဤသဘောတရားတွေကို လက်ခံကျင့်သုံးဖို့လိုပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ ကျွန်တော်တို့တယောက်ချင်းဆီတိုင်းရဲ့ "ခြိုးခြံချွေတာြခင်း" နဲ့ "အပြန်အလှန်အမှီသဟဲပြုခြင်း" တွေဟာ ခေတ်ကာလရဲ့စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် လုပ်ရပ်တွေလို့ သုံးသပ်မိပါတယ်။ ကမ္ဘာပျောက်တော့မယ်လို့ ပြောဆိုနေကြချိန်မှာ နိုင်ငံပျောက်နေတဲ့ကျွန်တော်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလဲ အဆိုပါနည်းလမ်းများအတိုင်း ရင်ဆိုင်ဖြေရှင်းကြရအောင်ပါ။
ကိုးကား။
သုစရိတစက်ဝန်း - ကိုတာ။
ဗုဒ္ဓအဆုံးအမကို ယနေ့ခေတ်ကာလ လူ့နေစဥ်ဘဝထဲသို့ သယ်ဆောင်ကျင့်သုံးခြင်းတရား (Engaged Buddhism) - ကိုတာ။
Subscribe to:
Posts (Atom)
“F” for Climate Change: Flight
ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...

-
Life is full of splendid moments. In a moment of tears, I thought I wouldn’t move from my room, filled with loneliness, hopelessness, exh...
-
SENS 2025 သင်တန်းရဲ့ လေ့လာရေးခရီးစဥ်တစ်ခုမှာ ဘုန်းတော်ကြီး ပရာပိုက်စာ နှင့် ကျွန်မတို့ နိုင်ငံအနှံ့မှလူငယ်များ ဆုံခွင့်ရခဲ့ပြီး လူငယ်များ၏မ...
-
အရင်းရှင်စီးပွါးရေးစနစ် ယခုလို ဆိုးဝါးလာတဲ့အခြေအနေတွေနဲ့ တိုးပြီးရင်ဆိုင်လာရတာတောင် ကမ္ဘာ့ရာသီဥတုအရေး ဖြေရှင်းဖို့အတွက် ဘာကြောင့် လုပ်ဆေ...