သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတွေဟာ ဒေသတွင်းချိတ်ဆက်လုပ်ကိုင်မှု အကျိုးများပုံကို ထောက်ပြခဲ့ကြပါတယ်၊ ဒါဟာ အခြေခံကျပြီး ရိုးရှင်းတဲ့နည်းလမ်းဖြစ်သလို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အပျက်အစီးအဆုံးအရှုံးနည်းစေပါတယ်။ ယခုလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ကပ်ဘေးတွေကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိဖြေရှင်းနိုင်တဲ့နည်းလမ်းက ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လက်လှမ်းမှီသလောက်စိုက်ပျိုးပြီး ဝေငှစားသုံးခြင်းပဲ၊ ဝယ်မရတော့ စိုက်စားတယ်ဆိုတဲ့သဘောပေါ့။ ဆိုလိုချင်တာက ထမင်းတနပ်စာအတွက် လူတွေဟာ မူဝါဒတွေ တနိုင်ငံလုံးဆိုင်ရာစီမံကိန်းတွေကို မစောင့်နေနိုင်ဘူးလို့ပြောချင်တာ၊ အဲ့တော့ ကိုယ်ပိုင်မြေမှာစိုက်စားပျိုးစား၊ ရှားပါးသူတွေနဲ့အတူ ဝေမျှစားသောက်ကြတော့ အရင်ကမရရှိခဲ့တဲ့ အစားအသောက်ဘေးကင်းစိတ်ချမှုတွေ၊ လူတွေအချင်းချင်းချိတ်ဆက်မှုတွေရလာတယ်။ ဒီနည်းလမ်းတွေဟာ လူ့အဖွဲ့အစည်းကို ရေရှည်ခိုင်မာစေတဲ့လမ်းစဥ်တွေဖြစ်လို့ အကျပ်အတည်းကြားမှာတောင် လူတွေကို ကြံ့ကြံ့ခံနိုင်စေတယ်။
တခါတော့ ဖွံ့ဖြိုးရေးနယ်ပယ်ကမိတ်ဆွေတယောက်နဲ့ စကားဆက်စပ်မိရင်း၊ "ဒီအာဏာသိမ်းမှုဖြစ်စဥ်မှာ ကောင်းကွက်ဘက်ကကြည့်ရင် လူ့အဖွဲ့အစည်းအတွင်းချိတ်ဆက်မှုအားကောင်းလာပြီး ကိုယ့်ဒေသပတ်ဝန်းကျင်ကို အာရုံပိုစိုက်လာနိုင်တယ်နော်" လို့ပြောမိတယ်၊ အဲ့ချိန်မှာသူထပြောတာက "ဒါဟာ စစ်ကောင်စီက ပြောတဲ့လမ်းစဥ်ဖြစ်မနေဘူးလား၊ ပြင်ပထုတ်ကုန်သွင်းကုန်တွေ အားနည်းလာမှာမို့ ကိုယ့်ဘာသာ ဆီအုန်းစိုက် စပါးစိုက်ပြီး ဖူလုံအောင်လုပ်ကြလို့ပြောသလိုပေါ့" လို့ဆိုတယ်။ ဒီနည်းလမ်းတွေဟာ နိုင်ငံတခုရဲ့ စီးပွားရေးတိုးတက်မှုရှုထောင့်ကကြည့်ရင် တော်ရုံလက်ခံနိုင်တဲ့အချက်တွေမဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကလည်း နိုင်ငံကိုစီမံအုပ်ချုပ်ချင်တဲ့သူအနေနဲ့ ထိုစကားပြောခြင်းဟာ ယခုလက်ရှိနိုင်ငံတကာကျင့်သုံးနေတဲ့ စီးပွားရေးတိုးတက်မှုအညွှန်းကိန်းတွေကို လျစ်လျူရှုပြီး ဉာဏ်အတိမ်နဲ့ ပြောချင်တာပြောလိုက်တဲ့ လက်လွတ်စပယ်စကားလို့ပဲ ယူဆမိပါတယ်။ စားနပ်ရိက္ခာဖူလုံရေးနည်းနာ၊ အစားအစာလုံခြုံစိတ်ချ၊ နိုင်ငံတွင်းစိုက်ပျိုးသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ အရည်အချင်းတွေတိုးတက်လာရေး၊ ပြည်တွင်းထုတ်ကုန်အားကောင်းလာရေး စတဲ့ အပေါင်းလက္ခဏာဆောင်တဲ့အရေးတွေကိုရှေးရှုပြီးပြောတဲ့စကားမဟုတ်တာတော့ သေချာပါတယ်။ ဒီတော့ အထက်ပါလမ်းစဥ်ဟာ ယခုအများလက်ကိုင်ထားကြတဲ့ စီးပွားရေးတိုးတက်မှုဘက်ကကြည့်မယ်ဆို နှာခေါင်းရှုတ်နိုင်စရာရှိပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ ထိုအညွှန်းကိန်းတွေသည် ရေရှည်မတည်တံ့၊ အနုတ်ဘက်ဆောင်တာဖြစ်ကြောင်း ပြောပြညွှန်ပြခဲ့ပါတယ်။
ခေတ်ရှေ့ပြေးတဲ့နည်းပညာနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ သဘောထားကို မကန့်ကွက်လိုပါ။ အချိန်အလုံအလောက်မရှိတော့တာရယ်၊ ပြန်လည်ပြုပြင်ရမယ့် အရေအတွက်ပမာဏများတာရယ်ကြောင့် နည်းပညာသည်လည်း အဖြေတခုဖြစ်မယ်ဆိုတာ လက်ခံပါတယ်၊ ဒီနည်းလမ်းတွေသည်သာ အနာဂတ်မှာ ပိုမိုအားကောင်းလာမယ်လို့လည်းယုံကြည်ပါတယ်။ အပျက်အဆီးကိုဖာတေးရတာဟာ မဖျက်ဆီးအောင်လုပ််ရမယ်ဆိုတဲ့အချက်ထက် ပိုလွယ်ကူပါတယ်၊ ပိုမြန်ဆန်ပါတယ်။ ဆရာမတယောက်ဆွေးနွေးပေးသလို "နည်းပညာထက်ကျော်လွန်တဲ့အရာတွေကိုလည်း စဥ်းစားဖို့လိုတယ်" လို့ပြောတဲ့အချိန်မှာ ကျွန်မတို့ဟာ နည်းပညာနဲ့တကွ ရေရှည်ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဉာဥ်နဲ့ ရှေ့ဆက်ရပါမယ်။ ယခုအစားအသောက်ဖူလုံရေးကိစ္စစဥ်းစားမိတော့ မိမိတို့ဝမ်းစာအတွက် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များတဲ့ မြေနေရာပတ်ဝန်းကျင်မှာနေထိုင်သူတွေဟာ မြို့ပြနေထိုင်သူတွေထက်ပိုပြီးခံသာတာကို တွေ့ရပါတယ်။ ဒေသတွင်းမှာ စပါးစိုက်တဲ့တောင်သူတွေ၊ တနိုင်တပိုင်စိုက်ပျိုးမွေးမြူနိုင်တဲ့သူတွေဟာ ကုန်ထုတ်စက်ရုံပိုင်ရှင်တွေထက် ပိုပြီးအရေးပါလာပါတယ်။
ဆိုလိုချင်တာက ခေတ်နောက်ပိုင်းဆွဲတယ်လို့ယူဆကြတဲ့နည်းလမ်းတချို့ရဲ့ အနစ်သာရတွေဖြစ်တဲ့ အစားအသောက်ထုတ်လုပ်မှုတွေမှာ ကိုယ်ပိုင်ဖူလုံမှုကိုဦးစားပေးတတ်တာ၊ ကိုယ့်အနီးအနားအသိုင်းအဝိုင်းကိုမျှဝေတတ်တာ၊ အရေအတွက်ထက် အရည်အသွေးကို ပိုရှေးရှုလာတာ၊ အပျက်အစီးတွေရဲ့သဘောကိုနားလည်လာတာပါပဲ။ ဒီအချက်တွေဟာ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ပိုဖန်တီးပေးနိုင်ပြီး အကျပ်အတည်းတွေကြားမှာတောင် ကြံ့ကြံ့ခံနိုင်စေတဲ့ ရေရှည်တည်တံ့စေမှုပါ။ ခေတ်နောက်ပြန်ဆွဲနေတာမဟုတ်ပါဘူး၊ ရေရှည်အတွက် အပြုသဘောပိုဆောင်တဲ့နည်းလမ်းတွေကို ထောက်ပြချင်ကြရုံပါ။