Friday, September 9, 2022

နိဗ္ဗာန်ရောက်ကြောင်းတရား

ယခုဖော်ပြမည့် အင်တာဗျုးမှာဆို Yuval ကို မေးမြန်းသူက ဘယ်တော့မှမပျော်သောလူကြီးမင်း (Mr. Never Happy) လို့ နာမည်ပေးလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နဲ့ လူမှုအဖွဲ့အစည်းရဲ့ ဆင့်ကဲဖြစ်ပေါ်လာမှု (Evolution) ကို ဆိုးကျိုးဘက်ကနေ ထောက်ပြတာကြောင့် ဖြစ်ပါတယ်။ ယခုလိုမျိုး ကိန်းဂဏန်း အရေအတွက်တွေသာ တိုးပွားလာမှု (Growth) နဲ့ အရည်အသွေးဖွံ့ဖြိုးတိုးတက်လာမှု (Development) ကွဲပြားပုံကို ထောက်ပြတဲ့သူတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာကို မလိုလားတဲ့သူတွေလို့ စွပ်စွဲခံရပြီး လူ့အဖွဲ့အစည်းရဲ့အပြင်ဘက်ကို ထုတ်ပယ်ခံရပါတယ်။

ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နောက်ပိုင်းမှာ စက်မှုတော်လှန်ရေး (Industrial Revolution) ပြီးတော့ ကမ္ဘာခြုံစနစ် (Globalization) တဆက်တည်း ဖြစ်ပေါ်လာပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ တဟုန်တိုးဖြစ်လာပြီး လူတွေလည်း ဇိမ်ခံပစ္စည်းတွေ (Leisure facilities) နဲ့ အတော်များများ နေနိုင်လာကြပါတယ်။ နေနိုင်မှု၊ နေချင်မှုနောက်မှာလည်း ပိုက်ဆံနောက် အမောတကောလိုက်ရပါတော့တယ်။ ရုပ်ဝတ္ထုတွေတိုးပွားလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေကတော့ တဖြည်းဖြည်းယုတ်လျော့လာပါတယ်။ ပျော်ရွှင်မှုဆိုတာ ဥစ္စာငွေကြေးပေါ်မှာပဲ မှီတည်လာပါတော့တယ်။

ယခုအင်တာဗျုးမှာလည်း အစားအသောက်ဖူလုံရေးအတွက် ကြက် ၊ဝက်၊ နွား မွေးမြူရေးလုပ်ငန်းတွေ တဟုန်ထိုးတိုးတက်လာတာဟာ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတွေထဲမှာ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုဆိုတဲ့အချက်ကို Yuval က ပြန်လည်ချေပချက်ဖြစ်ပါတယ်။ ကြက်၊ ဝက်၊ နွား အကောင်ရေတိုးပွားလာဖို့ လူတွေဟာ သက်ရှိတို့ရင်ဆိုင်ရတဲ့ အရက်စက်ဆုံးနည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မွေးကင်းစအကောင်ပေါက်လေးတွေကို မွေးပြီးချင်း မိခင်နဲ့ခွဲထားတယ်။ တစ်ကိုယ်စာပဲလှုပ်ရှားလို့ရတဲ့ လှောင်အိမ်ကျဥ်းကျဥ်းလေးတွေထဲမှာထားတယ်။ ကိုယ်ဝန်ဆောင်ကာလမြန်ဖို့ နည်းပညာတွေနဲ့ သားဖောက်တယ်။ နွားနို့တွေကို နွားကောင်ပေါက်ငယ်တွေ လုံးဝမသောက်ရဘဲ လူတွေအတွက်လုံလောက်ဖို့ စက်တွေနဲ့ညစ်တယ်။ ဝက်တွေကို နှုတ်သီးဖဲ့ထားတယ်။ ဒါတွေဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်တွေပဲဖြစ်တယ်။

ဒီလိုဆိုတော့ ဘာလိုနည်းတွေနဲ့ ထုတ်လုပ်စားသောက်ကြမလဲ မေးစရာရှိလာပါတယ်။ ပိုလျှံတဲ့နေရာတွေမှာ သွန်ပစ်နေရပြီး၊ ငတ်ပြတ်တဲ့နေရာမှာတွေကျ ကုန်းကောက်စရာတောင်မရှိကြပါဘူး။ လူတွေက အတွေးအခေါ်ပိုင်းရာ (Head) ကို ဦးစားပေးလာတာနဲ့အမျှ ခံစားမှုပိုင်းဆိုင်ရာ (Heart) အပိုင်းမှာ ယုတ်လျော့လာတာကို Yuval က ထောက်ပြထားတာပါ။ ဖွံ့ဖြိုးမှုဆိုတာကို ဂဏန်းနဲ့တွေပဲ မကြည့်ဖို့နဲ့၊ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်မှုနဲ့လည်း တိုင်းတာသင့်တယ်လို့ ဆိုလိုတာပါ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း နည်းပညာအသစ်တွေနဲ့ လူမှုအဆောက်အအုံတွေ၊ ဥပမာ-နေစွမ်းအင် အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်ခြင်း (Solar Energy) ကို အဆင့်မြှင့်တင်ဖို့ ကမ္ဘာ့စီးပွား‌ရေးအညွှန်းကိန်းရဲ့ ၂ရာခိုင်နှုန်းလောက်ကိုသာ ရင်းနှီးမြှုပ်နှံပြီး ဖြေရှင်းနိုင်ကြောင်းကိုလည်း Yuval က The Actual Cost of Preventing Climate Breakdown TED video မှာ ရှင်းပြထားပါတယ်။ လူတွေရဲ့ လုပ်ရပ် (Behavior) နဲ့ အတွေးအခေါ် (Thinking) တွေပြောင်းနိုင်ဖို့ကို နိုင်ငံရေးသမားတွေ (Politicians) မှာ တာဝန်ရှိတယ်ဆိုတာလည်း ပြောပြထားတယ်။ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေက လွဲချော်နေမှတော့ နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲ ပုံ‌ဖော်မှုတွေလည်း လွဲမှားလာကြောင်း ထောက်ပြထားတာပါ။ သူပြောဆိုချက်က ရှင်းပါတယ်။ “နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း ပြောင်းလဲပုံဖော်မှုမှာ အံ့ဩဖွယ်ရာဖြစ်ရပ်တွေ မလိုပါဘူး။ စနစ်တကျနဲ့ ဇွဲရှိရှိ စည်းရုံးမှုသာ လိုအပ်ပါတယ်။" (It doesn't require miracle. It just require determined organization.)

The Economist Journal ရဲ့ The pandemic is plunging millions back into extreme poverty. ဆောင်းပါးမှာလည်း “ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အထောက်အကူပြုဖို့အတွက် နိုင်ငံတကာ ကြွေးမြီပြန်ဆပ်ရမယ့် ကိစ္စရပ်တွေကို ရပ်ဆိုင်းပေးထားကြပါတယ်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အယူအဆအရ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း တစ်နေ့ကို အနည်းဆုံး ၁.၉၀ ဒေါ်လာထက် ပိုရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေဆီက ရရှိတဲ့ ငွေကြေးတွေဟာ အဲဒီပမာဏထက် နှစ်ဆလောက်တောင် ပိုပြီး လွှမ်းခြုံပေးနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဆိုလိုတာက ယခုလက်ရှိရင်ဆိုင်နေရတဲ့ ကြီးကြီးမားမားပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ အရင်းအမြစ်တွေကရှိနှင့်ပြီးသားပါ။ အထူးသဖြင့် ထိပ်သီးပိုင်းခေါင်းဆောင်တွေရဲ့ ခံယူချက်နဲ့ စဥ်းစားတွေးခေါ်ပုံ စတဲ့ အစ္ဇျတ္တပိုင်းဆိုင်ရာပြုပြင်မှုကို ထောက်ပြထားတဲ့ Professor Yuval Noah Harari ရဲ့ The Pillars of Civilization စာအုပ်ထဲက အင်တာဗျူးအကြောင်းအရာကို နိဗ္ဗာန်ရောက်ကြောင်းတရားလို့ပဲ တင်စားလိုက်ပါတယ်။

မေးမြန်းသူ (Interviewer): ကျွန်တော်တို့ လက်ခံရမှာတစ်ခုက တခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကို ကြည့်ပြီး မပျော်ရွှင်နိုင်တဲ့သူတွေ အမြဲရှိနေတာပါပဲ။ အခုဆိုရင် အမြဲတမ်း နိမိတ်မကောင်းတာတွေပဲ ဟောကိန်းထုတ်လေ့ရှိတဲ့ (Cassandras) ထဲက နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စကားပြောခွင့်ပေးချင်ပါတယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ သဘာဝကျကျပါပဲ။ ယခု ကျွန်မ တွေ့ဆုံမေးမြန်းမည့်သူကတော့ “ဘယ်တော့မှ မပျော်ရွှင်နိုင်သူ” လို့ တင်စားရမယ့် ပုဂ္ဂိုလ် Professor Yuval Noah Harari ပဲ ဖြစ်ပါတယ်။ မင်္ဂလာပါ ပါမောက္ခ...

Yuval: အင်... မင်္ဂလာပါ။

Inter: ပါမောက္ခ Harari ရှင့်။ ကြက်တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုကို ဘာလို့ ဂုဏ်မပြုချင်ရတာပါလဲ?

Yuval: ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အောင်မြင်မှုကို တိုင်းတာတဲ့ပုံစံက အဓိပ္ပာယ်မရှိလို့ပါ။ ခင်ဗျားတို့က DNA ပွားနိုင်တဲ့ အရေအတွက်ပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်နေကြတာ၊ သက်ရှိတစ်ဦးချင်းစီရဲ့ ဆင်းရဲဒုက္ခ ဒါမှမဟုတ် ပျော်ရွှင်မှုကို ထည့်မတွက်ကြဘူး။ ဒီသနားစရာ သတ္တဝါလေးတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သမျှ သက်ရှိတွေထဲမှာ အဆိုးရွားဆုံး ဒုက္ခရောက်နေကြတဲ့သူတွေပဲ။ ကျွန်တော့်အမြင်အရတော့ ဒါကို အောင်မြင်မှုဇာတ်လမ်းလို့ မမြင်နိုင်ပါဘူးခင်ဗျ။

Inter: လူကြီးမင်းက ကောင်းတဲ့ဘက်ခြမ်းကို ကြည့်ဖို့ ငြင်းပယ်နေတာ မဟုတ်လားရှင့်။

Yuval: လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီသနားစရာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သက်တမ်းကိုပဲ ကြည့်လိုက်ပါ။ ကြက်တွေကိုဆိုရင် အသက် ၈ ပတ်တောင်မပြည့်ခင် သတ်ပစ်ကြတာ များတယ်။ နွားကလေးတွေကိုလည်း ၁ နှစ်၊ ၂ နှစ်ဆိုရင် အသားပေါ်ကြပြီ။ တကယ်တော့ တောထဲမှာဆိုရင် ကြက်တစ်ကောင်ရဲ့ သက်တမ်းက ၁၀ နှစ်၊ နွားတစ်ကောင်က ၂၅ နှစ်လောက်အထိ နေရမှာပါ။

Inter: ၈ ပတ်လောက် ရှင်သန်ရတာလည်း မဆိုးဘူး မဟုတ်လားရှင့်? စီးပွားရေးအမြင်အရဆိုရင် ဒါက သူတို့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။ ၂ လလောက်နဲ့ အလေးချိန် အများဆုံး ရနေပြီပဲဟာ။ ဘာလို့ ကြက်ဖတစ်ကောင်ကို ၁၀ နှစ်လုံးလုံး အစာကျွေးထားရမှာလဲ? ဒါက ရယ်စရာကြီးပဲလေ။ ရှယ်ယာရှင်တွေလည်း ဒါကို ကြိုက်မှာမဟုတ်ဘူး။

Yuval: နားထောင်ပါဦးခင်ဗျ။ တိရစ္ဆာန်တွေကို အိမ်မွေးဖြစ်အောင် လုပ်တာဟာ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ အခြေခံထားတာပါ။ ရာစုနှစ်တွေ ကြာလာလေလေ ပိုပြီးတော့တောင် ရက်စက်လာလေလေပါပဲ။ ရှေးခေတ် စိုက်ပျိုးရေးခြံတွေမှာ အခြေအနေဆိုးခဲ့သလောက် အခုခေတ်မှာ ပိုပြီးတော့တောင် ဆိုးနေပါပြီ။ အလွန်ခေတ်မီတဲ့ စက်မှုလုပ်ငန်း နေရာအချို့မှာဆိုရင် နွားကလေးတွေကို မွေးပြီးတာနဲ့ မိခင်ဆီကနေ ချက်ချင်း ခွဲထုတ်ပစ်လိုက်တယ်။ ပြီးရင် နွားတစ်ကောင်ချင်းစီကို သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားထက် မသိမသာလေး ပိုကြီးတဲ့ လှောင်အိမ်သေးသေးလေးတွေထဲ ထည့်ပိတ်ထားလိုက်တယ်။ နွားကလေးက သူ့ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ နေရတာ။ အဲဒီလှောင်အိမ်ထဲကနေ ဘယ်တော့မှ ထွက်ခွင့်မရဘူး။ တခြားနွားကလေးတွေနဲ့ ဆော့ကစားတာမျိုး၊ ခုန်ပေါက်ပြေးလွှားတာမျိုးလည်း ဘယ်တော့မှ ခွင့်ပြုခြင်းမခံရဘူး။

Inter: ဒါပေါ့ရှင့်၊ တကယ်လို့ သူတို့ ပြေးလွှားဆော့ကစားရင် ကြွက်သားတွေ တောင့်တင်းသွားမှာပေါ့။ အဲဒီအခါကျရင် စားသုံးသူတွေက သူတို့စားတဲ့ အမဲသား (Steak) က မနူးညံ့ဘူးဆိုပြီး ညည်းကြလိမ့်မယ်လေ။

Yuval: အဲဒီနွားကလေးအတွက် လမ်းလျှောက်ဖို့၊ ကြွက်သားတွေ ဆန့်ထုတ်ဖို့နဲ့ တခြားနွားတွေနဲ့ အတူရှိဖို့ ရတဲ့ တစ်ခုတည်းသော အခွင့်အရေးက သားသတ်ရုံကို သွားတဲ့ လမ်းမှာပဲရှိတယ်။

Inter: ဒါပေမဲ့ ပါမောက္ခရှင့်၊ ဆင့်ကဲဖြစ်စဉ် (Evolutionary) အမြင်အရဆိုရင် နွားတွေဟာ အောင်မြင်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲလေ။ ကျွန်တော်တို့ရဲ့ “DNA အများဆုံး ပွားနိုင်တဲ့ တိရစ္ဆာန်” ပြိုင်ပွဲမှာဆိုရင် နွား၊ ဝက်နဲ့ ကြက်တွေက အမြဲတမ်း ဆုတံဆိပ် စင်မြင့်ပေါ်မှာ ရှိနေတာပဲ မဟုတ်လား။

Yuval: ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဒုက္ခခံစားရတဲ့ တိရစ္ဆာန်ပြိုင်ပွဲသာ ရှိမယ်ဆိုရင်လည်း နွား၊ ဝက်နဲ့ ကြက်တွေကပဲ ဆုတံဆိပ်အားလုံးကို သိမ်းကျုံးယူသွားပါလိမ့်မယ်။

ရွှေသင်း

References

Sapiens: A Graphic History, Volume 2: The Pillars of Civilization by Yuval Noah Harari (Page 55)

Yuval Noah Harari: The Actual Cost of Preventing Climate Breakdown | TED

The Economist - The pandemic is plunging millions back into extreme poverty

“X” for Climate Change: Xenophobia

နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့ခြင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တရားမျှတမှုမရှိသော ဆိုးကျိုးများထဲမှ တစ်ခုမှာ ရာသ...