Friday, January 17, 2025

"A" for Climate Change: Arrhenius

အာဟီးနီးယပ်

ဆမ်းန်သဲ့ အာဟီးနီးယပ် ဟာ ပင်ကိုယ်အားဖြင့် အကောင်းမြင်စိတ်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူက သိပ္ပံပညာဟာ လူတိုင်း လက်လှမ်းမှီနိုင်သော လက်လှမ်းမှီသင့်သော ပညာရပ်တစ်ခုဖြစ်သင့်တယ်လို့ ယူဆသူပါ။ ၁၈၉၁ ခုနစ် စကော့ဟုမ်းမှာရှိတဲ့ ဟိုစကိုလာ လက်တွေ့သင်ကြားရေး တက္ကသိုလ်မှာ ဆရာအလုပ် စတင် လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်း (Stockholm Physics Society) ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး စနေနေ့ညနေတိုင်း အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးစကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဝင်ကြေးအနေနဲ့ ဆွီဒင်ပိုက်ဆံ တစ်ကျပ်သာပေးရတာကြောင့် မည်သူမဆို ပါဝင်နိုင်ဖို့ လက်လှမ်းမှီခဲ့ပါတယ်။ အဖွဲ့ရဲ့ အစောပိုင်းအဖွဲ့ဝင်တွေထဲမှာ ရွယ်တူတွေကြား အလွန်တော်ပြီးလှတယ်လို့ ရေပန်းစားနေတဲ့ ဟိုစကိုလာတက္ကသိုလ်ရဲ့ ဓာတုဗေဒကျောင်းသူ ဆိုဖီ နဲ့ တွေ့ဆုံခဲ့ပြီး သူ့မအတွက် ကဗျာတွေရေးဖွဲ့ ချစ်ရေးဆိုခဲ့ရင်း မကြာမှီပဲ လက်ထပ်ဖြစ်ခဲ့ကြတယ်။

စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်း တွေ့ဆုံဆွေးနွေးမှုတွေမှာ အာဟီးနီးယပ်ကိုယ်တိုင် အတန်းထဲ သင်ကြားပို့ချတဲ့ နောက်ဆုံးပေါ် သိပ္ပံဖွံ့ဖြိုးမှုဆိုင်ရာသင်ခန်းစာတွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးမှုအရှိန်ကောင်းလွန်းတာကြောင့် အချိန်တော်တော်များများဟာ ညဉ့်နက်သည်အထိ ကြာခဲ့ကြတယ်။ အကြောင်းအရာတွေလည်း ကျယ်ပြန့်ပြီး လေယာဉ်ဆောက်ခြင်းနဲ့ ပျံသန်းခြင်းသိပ္ပံပညာ အပါအဝင် မီးတောင်များအကြောင်းလေ့လာမှုတွေလည်း ပါဝင်ခဲ့တယ်။ ထိုအဖွဲ့အစည်းအတွင်း အစောပိုင်း အဖွဲ့ဝင်တဦးဖြစ်သူ ဆယ်လွန်မွန်ဩဂတ်စ်အမ်ဒရီး ရဲ့ မြောက်ဝင်ရိုးစွန်းဆီကို ပျံသန်းနိုင်ရန် မိုးပျံပူပေါင်းတည်ဆောက်မှုကိုလည်း အချိန်တော်တော်များများ ပူပေါင်းဆောင်ရွက်ခဲ့ကြတယ်။ (ဒါပေမယ့် ထိုအချိန်က မိုးပျံပူးပေါင်းရဲ့ အရည်အသွေးလိုအပ်ချက်တွေကြောင့် အမ်ဒရီးနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ဟာ လမ်းခရီးမှာပဲ သေဆုံးခဲ့ရတယ်။)

ဒါကြောင့် စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်းရဲ့ အဓိကစိတ်ဝင်စားတဲ့အကြောင်းအရာဟာ ရေခဲခေတ် (Ice Age) ရဲ့ မူလအစအကြောင်းဖြစ်လာတယ်။ ဆွီဒင်နိုင်ငံတဝန်းဟာလည်း ရေခဲပြင်ကျယ်ကြီး ဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေတွေကို ရေခဲတွေ ရွေ့လျားမှုကြောင့် ဖြစ်လာတဲ့ အစင်းကြောင်းပါတဲ့ကျောက်တုံးတွေ၊ လှိုင်းတွန့်ပုံစံ ကျောက်စရစ်ခဲတွေ နဲ့ တချိန်က ရေခဲဖုံးလွှမ်းခဲ့တဲ့ ကြီးမားတဲ့ရေခဲတောင်ကျောက်တုံးတွေ ရှိလို့ပါပဲ။ ဒါဆို ဘာကြောင့် ရေခဲတွေတဖြည်းဖြည်း အရည်ပျော်ပြီး ပျောက်ဆုံးသွားရတာပါလဲ။ ဘယ်အကြောင်းအရာတွေက ရေခဲတွေကို အရည်ပျော်စေပြီး မြစ်ချောင်းတွေစီးဆင်းလာခြင်းနဲ့ သစ်တောတွေဖြစ်လာစေတာပါလဲ။ ၁၈၉၃ ခုနစ်မှာ စကော့ဟုမ်းသိပ္ပံအဖွဲ့အစည်းဟာ ရေခဲခေတ်အကြောင်းကို ကမ္ဘာပတ်လမ်းစောင်းနေမှု စတဲ့ သီအိုရီမျိုးစုံနဲ့ ဆက်စပ်ပြီး ဆွေးနွေးအဖြေရှာကြပါတယ်။ နောက်တနှစ်မှာတော့ အာဟီးနီးယပ် ဟာ ထူးခြားကောင်းမွန်တဲ့ အတွေးတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အကြောင်းပဲ ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဟာ အပူစုပ်ယူနိုင်တဲ့ အာနိသင်ရှိကြောင်း အာဟီးနီးယပ် သိရှိခဲ့ပြီးသားပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေထုထဲရွေ့လျားနေတဲ့အခါ မြင်ရနိုင်စွမ်းရှိပြီး ကမ္ဘာကနေ ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေကိုလည်း ဖမ်းစုပ်နိုင်စွမ်းရှိတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါဆိုရင် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တွက်ချက်ကြည့်ခြင်းအားဖြင့် ရေခဲတွေအရည်ပျော်သွားခြင်းအကြောင်းအရာကို ရှင်းလင်းနိုင်မလားဆိုတာ အာဟီးနီးယပ် စဉ်းစားလာပါတော့တယ်။

ဒီတွက်ချက်မှုမှာ နက်နဲတဲ့ သင်္ချာသဘောတွေ ပါနေတာကြောင့် ကွန်ပျူတာမပြောနဲ့ ဂဏန်းပေါင်းစက်တောင်မရှိတဲ့ အဲ့အချိန်ကာလ မှာ အာဟီးနီးယပ်အတွက် အတော်ခက်ခဲတဲ့ ရုန်းကန်မှုဖြစ်ခဲ့ပါတယ်။ အရေးကြီးအချက်အလက်တွေဖြစ်တဲ့ လှိုင်းတွန့်တွေရဲ့အကွာအဝေး နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ စုပ်ယူနိုင်စွမ်းပမာဏတွေကို သိရှိဖို့ သူ လက်လှမ်းမမှီနိုင်ခဲ့ပါဘူး။ ထိုအချိန်တုန်းက ရာသီဥတုအကြောင်းဆိုတာကလည်း အတော်လေး ရှုပ်ထွေးပြီး ကွင်းဆက်မပြတ်နိုင်တဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

ထိုအကြောင်းအရာအပေါ် တစိုက်မတ်မတ် အားထုတ်ခဲ့ရင်း နောက်ပိုင်းမှာ အာဟီးနီးယပ် ဟာ တခြားဆက်စပ်ရှာဖွေမှုတစ်ခုနဲ့အတူ နိုဗယ်ဆုရခဲ့ပါတယ်။ ၁၈၉၄ ခုနစ် ခရစ်စမတ်ကာလမှာ သူဟာ ကမ္ဘာ့ပထမဆုံး ရာသီဥတုခန့်မှန်းနိုင်တဲ့ Climate Model ကို တီထွင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတဝန်း အပူချိန်အချက်အလက်တွေကို စုဆောင်းတယ်၊ တိုင်းတာဖို့စက်ကိရိယာတွေကို တပ်ဆင်ပြုလုပ်တယ်။ (ထိုစက်ကိရိယာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်က အနီအောက်ရောင်ခြည်လှိုင်းရွေ့လျားမှုဖြင့် လရဲ့ အပူချိန်ကိုတိုင်းတာတဲ့ Bolometer လို့ခေါ်တဲ့ ကိရိယာကို တီထွင်ခဲ့သူ အမေရိကန် နက္ခတ္တဗေဒပညာရှင် ဆယ်မြူရယ် ပရပွန့် လိုင်းလေ အသုံးပြုခဲ့တဲ့ စက်ကိရိယာတွေပဲ ဖြစ်ပါတယ်။) အာဟီးနီးယပ် ဟာ အများအားဖြင့် တနေ့ကို ၁၄နာရီအချိန်ယူပြီး တွက်ချက်မှုပေါင်း ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖြစ်လာတာတောင်မှ သူဟာ ဒီတွက်ချက်မှုအပေါ်မှာပဲ မပျက်မကွက် အာရုံစိုက်ခဲ့ပါတယ်။ ၁၈၉၅ စက်တင်ဘာလမှာ သူ့အမျိုးသမီး ဆိုဖီရုဘတ် အိမ်က ထွက်သွားခဲ့ပြီး နိုဝင်ဘာလမှာပဲ အာဟီးနီးယပ်ရဲ့အဝေးတစ်နေရာမှာ သူတို့သားလေးကို မွေးဖွားခဲ့ပြီးနောက် အဆုံးတိုင် လမ်းခွဲခဲ့ကြပါတယ်။ လများမကြာခင်မှာပဲ အာဟီးနီးယပ် ရဲ့ အလုပ်တွေလည်း ပြီးဆုံးခဲ့ပါတယ်။

“တကယ်လို့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အရာတွေကိုသာ ပြင်းပြင်းထန်ထန် စိတ်ဝင်စားမှုမရှိခဲ့ရင် ဒီလောက်ခက်ခဲနက်နဲတဲ့ တွက်ချက်မှုတွေကို ကျွန်တော် ပြုလုပ်နိုင်ခဲ့မှာမဟုတ်ဘူး။” လို့ အာဟီးနီးယပ်က ရေးသားခဲ့ပါတယ်။

ရေခဲခေတ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ မူလအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိကို ဖော်ထုတ်အဖြေရှာနိုင်ခဲ့ကြောင်း သူ က ယုံကြည်ခဲ့ပါတယ်။ ရေခဲခေတ်အကြောင်းနဲ့ ကမ္ဘာပတ်လမ်းယိမ်းယိုင်လှုပ်ရှားမှု၊ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ပြောင်းလဲမှုတို့ကြားဖြစ်ပေါ်လာတဲ့ တွန်းအားတွေအကြောင်း ဆက်စပ်တွေးခေါ်ခဲ့မှုမှာလည်း အာဟီးနီးယပ် ဟာ တစိတ်တပိုင်းမှန်ကန်ခဲ့ပါတယ်။

သူ့ရဲ့ ရာသီဥတုခန့်မှန်းနိုင်ခြင်း Climate Model ဟာ နောက်တနည်းအားဖြင့် ထပ်ပြီးအသုံးဝင်ခဲ့ပြန်ပါတယ်။ ဥရောပနဲ့ မြောက်အမေရိက တလျှောက် မီးပြင်းဖိုတွေအတွက် အသုံးပြုတဲ့ ကျောက်မီးသွေးတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားထွက်လာစေတဲ့ အကြောင်းအရာ ဖြစ်နေခဲ့တယ်။ ကမ္ဘာကို လွှမ်းခြုံထားတဲ့ လေထုစောင်ကြီး ပိုပြီးထူလာရင် ကမ္ဘာကြီး ပိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲလာမယ်ဆိုတဲ့ အာဟီးနီးယပ် ရဲ့ ကျိုးကြောင်းဆက်စပ်မှု ဖြစ်ပါတယ်။ ကမ္ဘာ့လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၂ဆတက်လာရင် ကမ္ဘာ့အပူချိန် ၃ ကနေ ၄ ဒီဂရီဆဲလ်စီယပ်ကြား တိုးလာမယ်လို့ သူက တွက်ချက်ပြခဲ့ပါတယ်။ နောက်ပိုင်း Quadrillion Calculation လို့ခေါ်တဲ့ တစ်ထောင်ထွီလီယမ် (သုည၁၅လုံး) ထိ တွက်ချက်လာနိုင်မှုမှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၂ဆတက်လာရင် ကမ္ဘာ့အပူချိန် ၂.၅ ကနေ ၄ ဒီဂရီဆဲလ်စီယပ် ထိ တိုးလာနိုင်ကြောင်း အတိအကျဖော်ပြလာနိုင်ပါတယ်။ ဒါကြောင့် အာဟီးနီးယပ် ရဲ့ ဘောပင်နဲ့စာရွက်သာ အသုံးပြုပြီး တွက်ချက်နိုင်ခဲ့မှုဟာ အင်မတန်ထူးခြားသော လုပ်ဆောင်နိုင်မှုဖြစ်ကြောင်း နှောင်းလူတို့ အံ့ဩသွားရပါတယ်။

“အနာဂတ်ဟာ အရမ်းသာယာကြည်နူးဖွယ် ကောင်းလာမယ်” လို့ အာဟီးနီးယပ် ပြောခဲ့ပါ တယ်။ ဘာလို့လဲဆိုတော့ “နောင်လာနောင်သားတွေဟာ နွေးထွေးတဲ့နေရောင်ခြည်ရဲ့ ကောင်းကင်အောက်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတော့မှာ ဖြစ်လို့ပါ” တဲ့။ ဒါပေမယ့် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ၂ဆ မြင့်တက်လာမှုဟာ နောင်နှစ်ပေါင်း ၃၀၀၀ လောက်မှ ဖြစ်လာမယ့်ဖြစ်ရပ်လို့လည်း သူက ခန့်မှန်းခဲ့ပါတယ်။

ယနေ့အချိန်ကာလမှာတော့ အာဟီးနီးယပ် ရဲ့ နေရောင်နွေးနွေးမျှော်လင့်ချက်ဟာ ရယ်စရာပြက်လုံးတစ်ခုတော့ ဖြစ်နေပါတယ်။ လေထုထဲကာဗွန်ဒိုင်အောက်ဆိုဒ် ၂ဆ မြင့်တက်လာခြင်းဟာ ၁၀စုနှစ်တစ်ခုစီအတွင်း ဖြစ်ပွါးလာနေပြီး ရာသီဥတုကပ်ဘေးကြီး ဖြစ်လာနေတဲ့အထိပါပဲ။ ကျွန်တော်တို့လူတွေကြားထဲလည်း မတူညီတဲ့ လက်ခံမှုတွေ ရှိနေပါသလား။ အခုချိန်မှာ ကျွန်တော်တို့အားလုံး သဘာဝတရားထဲက အရာတွေ တဖြည်းဖြည်းပျက်စီးယိုယွင်းလာမှုကို ထိုင်ကြည့်နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း မယုံကြည်နိုင်ကြသေးဘူး မဟုတ်ပါလား။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

(18 Jan 2025)

“F” for Climate Change: Flight

ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...