၂၀၂၁ ခုနစ် စက်တင်ဘာလက မီလန်နိုင်ငံမှာ ပြုလုပ်တဲ့ ရာသီဥတုအရေးအတွက် လူငယ်များကွန့်ဖရန့် (Youth4Climate Conference) မှာ မိန့်ခွန်းစကားပြောဖို့ ဂရီသာသွန်းဘတ် စင်ပေါ်မှာရှိနေခဲ့ပါတယ်။ သူမရဲ့ ဘေးမှာထိုင်နေတာကတော့ နှာခေါင်းစည်းတပ်ထားတဲ့ မြို့တော်ဝန် ဂျူစပေ့ဆာလာ ဖြစ်ပါတယ်။ သွန်းဘတ်ဟာ အရပ်၅ပေမျှရှိတာကြောင့် သူမရပ်နေပုံဟာ စကားပြောစင်နောက်မှာ မြင်ရရုံလေးသာ ရှိပါတယ်။ သူမက တပ်ထားတဲ့နှာခေါင်းစည်းကိုဖြုတ်ပြီး စင်အောက်ကလူထုကို ပြုံးပြနေပါတယ်။
“ကမ္ဘာ့ရာသီဥတုပြောင်းလာခြင်းဆိုတာ တဖက်ကကြည့်ရင် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တခြားတဖက်ကကြည့်ရင်တော့ ကျွန်မတို့အတွက် ပိုပြီး ကျန်းမာတဲ့ စိမ်းလန်းတဲ့ သန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။” လို့ သူမက မိန့်ခွန်းကို စတင်လိုက်ပါတယ်။ “ဂေဟစနစ်ထိန်းသိမ်းခြင်းနဲ့ ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကျွန်မတို့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ရပါမယ်။ အပြောနဲ့တင်မဟုတ်ဘဲ ကျွန်မတို့အားလုံး အတူတကွဆောင်ရွက်ကြမယ်ဆိုရင် ကျွန်မတို့အောင်မြင်နိုင်မယ်ဆိုတာ အသေအချာပါပဲ။”
“ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းလို့ ပြောလိုက်ရင် ရှင်တို့ ဘယ်အကြောင်းအရာကို တွေးမိပါသလဲ။” လို့ သူမဆက်ပြောပါတယ်။ “ကျွန်မကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ဆိုင်တဲ့ စီးပွါးရေးကိစ္စ၊ အစိမ်းရောင်လုပ်ငန်းတွေအကြောင်း တွေးမိပါတယ်။” လို့ ပြောလိုက်ချိန်မှာ လူအုပ်စုကြီးဆီက လက်ခုပ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
“ကျွန်မတို့တွေ ကာဗွန်လျော့ချခြင်း စီးပွါးရေးလုပ်ငန်းတွေကို ဖော်ဆောင်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ အပြောင်းအလဲတွေကို ရှာဖွေရပါမယ်။ ဒုတိယကမ္ဘာဆိုတဲ့ Planet B ဆိုတာ မရှိဘူး၊ တခြားကမ္ဘာ ဘလာ ဘလာ ဘလာ၊ ဘလာ ဘလာ ဘလာ” ထိုအချိန်မှာ မြို့တော်ဝင် ဆာလာ အပါအဝင် နားထောင်နေတဲ့ လူအုပ်ကြီးဟာ ဒါဟာ အကြောင်းအရာတစ်ခုကို သွန်းဘတ် လှောင်ပြောင်နေတယ်ဆိုတာ သဘောပေါက်လာပြီး လက်ခုပ်သံတွေ တဖြည်းဖြည်းတိတ်သွားပါတယ်။
သွန်းဘတ် စကားထပ်ဆက်ပါတယ်။ “ပိုပြီး ကောင်းမွန်အောင် ပြန်လည်တည်ဆောက်ကြမယ် ဘလာ ဘလာ ဘလာ”
“အစိမ်းရောင်စီးပွါးရေး ဘလာ ဘလာ ဘလာ”
“၂၀၅၀ အမှီ ဦးတည်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ သုညအမှတ် ဘလာ ဘလာ ဘလာ”
“ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှူ ထိန်းချုပ်ခြင်း ဘလာ ဘလာ ဘလာ”
“တနည်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှု သုညအမှတ် ဘလာ ဘလာ ဘလာ”
“ဒီစကားတွေက ကမ္ဘာ့ခေါင်းဆောင်ဆိုတဲ့ လူတွေဆီက ကျွန်မတို့ အမြဲကြားနေရတဲ့ စကားလုံးတွေပါ။ စကားလုံးသပ်သပ်သာဖြစ်ပြီး အခုချိန်ထိ အကောင်အထည်ဖော်မှုမရှိတဲ့ အရာတွေပါ။ ဟုတ်ပါတယ်၊ ကျွန်မတို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လိုတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အခု နှစ်ပေါင်း ၃၀ နီးပါး ကြာလာခဲ့တာ ဘလာ ဘလာ ဘလာ။ ဘယ်မှာလဲ အကောင်အထည်ဖော်နိုင်မှု။”
၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေဟာ ရီယိုဒီဂျနေရိုးမြို့ မှာ ပြုလုပ်တဲ့ ကမ္ဘာမြေအတွက် ထိပ်သီးအစည်းအဝေး (Earth Summit) ဆိုတဲ့ စုဝေးပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။ တက်ရောက်လာတဲ့သူတိုင်းဟာ ကမ္ဘာမြေအတွက် ပြောင်းလဲမှုအသစ်တစ်ရပ် လိုအပ်နေတယ်ဆိုတာကို သဘောတူလက်ခံကြပါတယ်။ ထိုအချိန်က သဘာဝဘေးအန္တရာယ် ဖြစ်ရပ်ဆိုးတွေကို ကျော်လွှားဖို့ နှစ်စဉ်ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၂၂ဘီလီယံကို သုညအမှတ်နီးပါးရောက်အောင် လျော့ချဖို့ လိုအပ်နေခဲ့ပါတယ်။ ဒီလိုလျော့ချနိုင်ဖို့ ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတာ ဘယ်သူမှ သေချာမသိခဲ့ကြပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုအရေးဆိုင်ရာဆောင်ရွက်မှု သဘောတူညီချက် ဆိုတဲ့ UNFCCC မှာ ဒီအန္တရာယ်ရှိတယ်ဆိုတဲ့ ကမ္ဘာကြီးပူနွေးလာမှု ကို ဖြေရှင်းကြဖို့ အမေရိကန်သမ္မတ ဂျော့ဟားဘတ်ဝါကာဘုရှ် က ဝမ်းမြောက်ဝမ်းသာပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“တချို့တွေက ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကြီးကြီးမားမားတွေကို ကြောက်ရွံ့ကြပြီး စိုးရိမ်ကြီးကြပါတယ်။ ဒီလို အဆိုးဘက်တွေးတောမှုတွေဟာ မမှန်ကန်ပါဘူး၊ မတွေးအပ်ဘူးလို့လည်း ကျွန်တော်ကတော့ လက်ခံထားပါတယ်။” လို့ ဘုရှ်က ပြောပါတယ်။
ကမ္ဘာမြေအတွက် ထိပ်သီးအစည်းအဝေး စုဝေးမှုအပြီး ၅နှစ်ကြာမှာ ပါတီများတွေ့ဆုံပွဲ (Conference of Parties) ဆိုတဲ့ COP ကို နောက်ဆက်တွဲ စုဝေးပွဲအဖြစ် ၁၉၉၇ ခုနစ် ကျိုတိုမြို့မှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ နှစ်စဉ်ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ ၂၄ ဘီလီယံတန်ထိ တိုးမြင့်လာနေပါတယ်။ ထိုတွေ့ဆုံမှုအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကြပြီး ကမ္ဘာ့ရာသီဥတုအရေးအတွက် တစ်ခုခုပြီးမြောက်အောင် လုပ်ဆောင်ဖို့ သဘောတူညီချက်တွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ကျိုတိုလုပ်ငန်းစဉ် (Kyoto Protocol) အမည်ရှိတဲ့ လုပ်ဆောင်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုအရေးဆိုင်ရာဆောင်ရွက်မှု သဘောတူညီချက် (UNFCCC) မှာ ထပ်တိုးဆောင်ရွက်ချက်အဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံအသီးသီးရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ချမယ့်ပမာဏအတိအကျကို သတ်မှတ်ရင်း ပြည့်မှီအောင် ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ထိုအချိန်မှာ အမေရိကန်ဒုသမ္မတ အယ်ဂိုရီက “ကျွန်တော်တို့ အားလုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်” လို့ ပွဲတက်ရောက်သူတွေကို ပြောကြားခဲ့ပါတယ်။
ကျိုတိုတွေ့ဆုံပွဲအပြီးမှာ ကမ္ဘာ့ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏ ဟာ ပိုလို့တောင် မြင့်တက်လာခဲ့ပြီး ၂၀၀၉ ခုနစ်မှာ နှစ်စဥ်တန်ချိန် ၃၂ ဘီလီယံထိတောင် တိုးလာခဲ့ပါတယ်။ ၂၀၀၉ ခုနစ် ဒီဇင်ဘာလမှာပဲ သမ္မတ ဘားရက်အိုမားဘားဟာ ကမ္ဘာ့ရာသီဥတုအရေးဆိုင်ရာ ပါတီများတွေ့ဆုံပွဲ ၁၅ကြိမ်မြောက် (COP15) ကို တက်ရောက်ဖို့ ကိုပီဟေဂန်မြို့ကို သွားရောက်ခဲ့ပြီး “ကျွန်တော်တို့ ဒီရာသီဥတုအရေးကို အတူတကွဖြေရှင်းနိုင်ဖို့ ပြတ်ပြတ်သားသားနဲ့ တစိုက်မက်မက် ဆောင်ရွက်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဆိုပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သို့သော်လည်း ၂၀၁၅ ခုနစ်မှာတော့ ကမ္ဘာ့ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏ ဟာ နှစ်စဉ် ၃၅ ဘီလီယံတန်ချိန်ထိ တိုးမြင့်လာနေခဲ့ပါတယ်။ ထိုနှစ်မှာပဲ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုအရေးဆိုင်ရာ ပါတီများတွေ့ဆုံပွဲ ၂၁ကြိမ်မြောက် (COP21) မှာတော့ ဒီအရေးကိစ္စကို သေသေချာချာနဲ့ အမှန်အကန် ဆောင်ရွက်ကြတော့မယ်လို့ အပြင်းအထန် ဆုံးဖြတ်ခဲ့ကြပါတယ်။ “ဒီနေရာမှာ ချမှတ်တဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လူတွေရဲ့အသက်တွေ အနာဂတ်ဖြစ်ရပ်တွေကို များစွာ သက်ရောက်မှု ရှိနေပါတယ်။” လို့ ကမ္ဘာ့ကုလသမဂ္ဂ အတွေးရေးမှု ဘတ်ကီမွန်း က ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာ့ဓာတ်ငွေ့ပမာဏ ဟာ မြင့်တက်လာနေဆဲပဲ ဖြစ်ခဲ့ပါတယ်။ သမိုင်းမှာ နှစ်ပေါင်း၃၀၀၀ ကြာမြင့်မှ ရောက်လာနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ကမ္ဘာပေါ်က လူတွေဟာ နှစ်ပေါင်း ၃၀ အတွင်းမှာပဲ ထုတ်လွှတ်ခဲ့ကြပါတယ်။
အဲ့လိုမျိုး ‘ဘလာ ဘလာ ဘလာ’ ဆိုတဲ့ အပြောကတိကဝတ်တွေသာရှိပြီး လက်တွေ့လုပ်ဆောင်မှုမရှိခဲ့တဲ့ ကာလတွေအတွင်းမှာပဲ ကမ္ဘာ့ရာသီဥတုအရေးဟာ အနာဂတ်မှာကြုံရမယ့်ပြဿနာမဟုတ်တော့ဘဲ ယခုမျက်မှောက်မှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်ကြီး ဖြစ်လာနေပါပြီ။ ရီယိုဒီဂျနေရိုးမြို့ မှာ ပြုလုပ်ခဲ့တဲ့ စုဝေးပွဲ ကာလမှာပဲ အာတိတ်ရေခဲပြင်တွေဟာ ၅ပုံ၂ပုံ အရည်ပျော်ကျနေခဲ့တာပဲ ဖြစ်ပါတယ်။ ဂရင်းလန်းနိုင်ငံက ရေခဲပြင်တွေဟာလည်း ၄မီလီယံမက်ထရစ်တန်လောက် အရေပျော်ကြနေပြီး ရေခဲတောင်တွေဟာလည်း ၆မီလီယံတန်လောက် ဆုံးရှုံးနေခဲ့ပြီး ဖြစ်ပါတယ်။ အပူလှိုင်းတွေက ပိုပြီးအပူချိန်တိုးလာတယ်။ မိုးခေါင်မှုတွေ ပိုပြီးဆိုးဝါးလာတယ်။ မုန်တိုင်းတွေ ပိုပြီး ပြင်းထန်လာပါတယ်။ ကမ္ဘာ့နေရာအချို့မှာဆို တောမီးထလောင်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေပါတယ်။
ဒီဖြစ်စဉ်တွေကနေ အနှစ်ချုပ် သုံးသပ်ကြည့်မယ်ဆိုရင်တော့ မြေကမ္ဘာဟာ အန္တရာယ်ရှိတယ်လို့ ခြိမ်းခြောက်နေတဲ့ ပူနွေးလာမှုကို ရပ်တန့်ဖို့ မဖြစ်လာနိုင်သေးပါဘူးဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေကတော့ ရာသီဥတုအရေးဆိုင်ရာပါတီများ တွေ့ဆုံပွဲတွေမှာ နှစ်စဉ်တွေ့ဆုံနေကြပြီး ‘ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ သုညအမှတ်’ ‘ကာဗွန်ထုတ်လွှတ်မှုလျော့ချတဲ့စီးပွါးရေး’ စတဲ့ အကြောင်းအရာတွေကို ဟိတ်ကြီးဟန်ကြီး ပြောဆိုဆွေးနွေးနေကြဆဲပဲ ဖြစ်ပါတယ်။ ဆိုတော့ ထိုအရေးကိစ္စ ပြောင်းလဲလာမှုမရှိခြင်းနဲ့အတူ တခြား ကြီးကြီးမားမားပြောင်းလဲလာမှုတွေကို ရင်ဆိုင်လာရတော့မှာပဲ ဖြစ်ပါတယ်။ ကောက်ပဲသီးနှံတွေ ပမာဏအတော်အတန် ဆုံးရှုံးလာရတော့ပါမယ်။ အရည်ပျော်ကျနေပြီဖြစ်တဲ့ ဂရင်းလန်းက ရေခဲပြင်တွေ အလျင်အမြန်နဲ့ ထပ်မံဆုံးရှုံးလာရပါတော့မယ်။ အချို့နေရာတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေပြီး အချို့နေရာတွေမှာတော့ သဲကန္တာရဖြစ်ထွန်းမှုတွေ စတင်လာနေပါပြီ။ ကမ္ဘာရဲ့ဒေသအတော်များများဟာ သက်ရှိတွေနေထိုင်လို့မရတော့တဲ့ နေရာတွေ ဖြစ်လာပါတော့မယ်။
ဒါပေမယ့် ရာသီဥတုအရေးအတွက်လူငယ်များကွန့်ဖရန့် မှာတော့ သွန်းဘတ်က အဆိုပါအနှစ်ချုပ်မျိုး မပြောခဲ့ပါဘူး။ မီလန်မှာရှိတဲ့ လူထုကို သူမ ပြောခဲ့တာက “ကမ္ဘာ့ရာသီဥတုအရေးအတွက် ကျွန်မတို့တွေက လက်ရှိ လမ်းမှားပေါ်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လျှောက်လှမ်းနေကြတာပါ။ ဒါပေမယ့် ကျွန်မတို့အားလုံး လမ်းမှန်ဘက်ကို ပြန်လှည့်ဖို့ သေချာပေါက် ဖြစ်နိုင်ပါသေးတယ်။”
“ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ‘ဆောင်ရွက်နိုင်တယ် အကောင်အထည်ဖော်နိုင်တယ်’ ဆိုတဲ့ ကတိကဝတ်တွေလိုမျိုး မဟုတ်ပါဘူး။ သူတို့က တကယ်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေ မဟုတ်လို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့တွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတို့လုပ်နိုင်တယ်လို့ သန္နိဋ္ဌာန်ချမှုဟာ ကျွန်မတို့ တကယ်လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။”
သွန်းဘတ်ဟာ ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေရဲ့ အပြောသာရှိပြီး လက်တွေ့အကောင်အထည်ဖော်မှုမရှိတဲ့ ရာသီဥတုအရေးဆိုင်ရာ ကတိပေးပြောစကားတွေကို “ဘလာ ဘလာ ဘလာ” ဆိုပြီး လှောင်ပြောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဘာသာပြန် - ရွှေသင်း
Climate Change from A to Z (Elizabeth Kolbert)