ထပ်ပြီး ဆက်ပြောရအောင်ပါ။ ဒီတစ်ခါတော့ ခံစားချက်အတိုင်း ပြောမှာဖြစ်ပါတယ်။
BIWF2 ဆိုတာ ရုတ်ကျွန်းနဲ့ ၁၅မိုင်လောက်ဝေးတဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ထိုးထွက်နေတဲ့ လေရဟတ်တိုင် ရဲ့ အမည်ဖြစ်ပါတယ်။ ထိုလေရဟတ်တိုင်က အမြင့်ပေ ၆၀၀ ရှိပြီး ဝါရှင်တန်ကျောက်တိုင်ထက်တောင် ပိုမြင့်ပါတယ်။ လေရဟတ်တိုင်ရဲ့ အသွားတစ်ခုချည်းဆိုရင်ပဲ ပေ၂၀၀ကျော်လောက် ရှည်ပါတယ်။ ကျွန်မ အဲ့ဒီ လေရဟတ်တိုင်တွေရှိတဲ့ နေရာကိုပဲ သီးသန့်ရောက်တဲ့ လှေတစ်စင်းပေါ်မှာ ရှိနေပါတယ်။ လှေမောင်းတဲ့သူက ပဲ့ကို သေချာထိန်းပြီး လေရဟတ်တိုင်တွေကို မတည်ထားတဲ့ အလွန်မာကျောတဲ့ အောက်ခြေခုံ သတ္တုစဥ်ကြီး အနီးကိုရောက်အောင် လှေကို မောင်းနှင်ပါတယ်။ အလွန်ကြီးမားတဲ့ လေရဟတ်ရဲ့အသွားတွေက ကျွန်မတို့လှေရဲ့ အပေါ်ဘက်တည့်တည့်မှာပဲ စည်းချက်ကျကျ လည်ပတ်နေပါတယ်။ ထိုအသွားတွေရဲ့ အလွန်ကျယ်လောင်ပြီး မြန်ဆန်တဲ့ လေတိုးဝင်တဲ့အသံတွေဟာ ကျွန်မအတွက်တော့ တကယ့်ကို အဆန်းတကြယ်ပါပဲ။ ဤအတွေ့အကြုံက စိတ်လှုပ်ရှားစရာလည်းကောင်းသလို အနည်းငယ်လည်း ထိတ်လန့်ကြောက်ရွံမှု ဖြစ်စေပါတယ်။ ထိုလည်နေတဲ့ လေရဟတ်တိုင်ရဲ့ ကြီးမားတဲ့အသွားတွေက လှေရဲ့အနီး အောက်ဘက်ကို ရွေ့လာပြီဆိုရင် လှေပေါ်ကလူတွေက ပင်လယ်ငှက်ကြီးတစ်ကောင် ကုန်းပတ်ပေါ်မှာ လာနားတော့မလိုမျိုး ရင်တုန်ထိတ်လန့်စွာနဲ့ အော်ဟစ်ကြပါတယ်။
BIWF2 ရဲ့ ပင်လယ်ပြင်အကွာအဝေးမိုင် (nautical mile) တဝက်လောက်မှာ အလားတူ လေရဟတ်တိုင်တစ်တိုင်ရှိပြီးတော့ တောင်ဘက်မှာတော့ နောက်ထပ် လေရဟတ်၃တိုင် ရှိပါတယ်။ ထိုလေရဟတ်တိုင်တွေ အကုန်လုံးကို Block Island Wind Farm လို့အမည်ရတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ပင်လယ်ပြင် လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကြီးမှထုတ်တဲ့ တာဘိုင်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထပ်မံပြီး မက်ဆာချူးဆက် ကနေ မြောက်ဘက် ကယ်ရိုလိုင်းနား အထိ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် တစ်ဒါဇင်ထက်ကျော်တဲ့ လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေ ပြုလုပ်ဖို့လည်း အစီအစဥ် ချထားပါတယ်။ ထိုစီမံကိန်းမှာ အသုံးပြုမယ့် တာဘိုင်တွေနဲ့ ယှဥ်လိုက်ရင် BIWF2 က အလွန်သေးပြီး အားနည်းသယောင်တောင် ရှိသွားပါတယ်။
ကျွန်မ BIWF2 ရဲ့ လေရဟတ်အသွားတွေကို ငေးကြည့်နေရင်း အနာဂတ်ကို ရူမြင်နေရသလိုမျိုး မျှော်လင့်ချက်ခွန်အားတွေနဲ့ ပြည့်နေတဲ့ နောင်တချိန်ကာလကို မြင်ယောင်လာပါတယ်။ BIWF2 ဆိုတဲ့ ဒီလေရဟတ်တိုင်ကြီးဟာ လူတွေရဲ့ စိတ်ထဲအတွေးထဲက ကြီးကျယ်ထူးခြားတဲ့ အရာမှန်သမျှဟာ လက်တွေ့ အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ ပြယုဥ်တစ်ခုလိုပါပဲ။
၁၉၉၂ ခုနစ် မြေကမ္ဘာထိပ်သီးအစည်းအဝေး (Earth Summit) ကျင်းပတဲ့နှစ်မှာ ကမ္ဘာပေါ်မှာ ဗန်ဒဘီ (Vindeby) လို့ခေါ်တဲ့ လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုတည်းသာ ရှိပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ လော့လန်းကျွန်းပေါ်မှာ တည်ရှိပြီး တာဘိုင်၁၁ခုတည်းနဲ့ တည်ဆောက်ထားတာကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ပမာဏက လက်ရှိ BIWF2 နဲ့ယှဥ်ရင် အလွန်နည်းပါတယ်။ ယနေ့မှာတော့ ကမ်းလွန်ပင်လယ်ဒေသတွေမှာ လေရဟတ်တိုင်ကွင်းပြင်တွေရှိလာပြီး အများစုကတော့ ဥရောပ နဲ့ တရုတ် ရေပိုင်နက်တွေမှာ ရှိပါတယ်။ ဟွန်းစီး၂ (Hornsea 2) လို့ခေါ်တဲ့ အကြီးဆုံး လေရဟတ်တိုင်ကွင်းပြင်ကတော့ အင်္ဂလန်ကမ်းရိုးတန်း မြောက်ပင်လယ်ဘက်မှာ တည်ရှိပါတယ်။ တာဘိုင်အလုံးရေ ၁၆၅ လုံးနဲ့ ဖွဲ့စည်းထားပြီး လေရဟတ်တိုင်တွေ တစ်ပတ်လည်လိုက်ရင်ပဲ အိမ်တစ်အိမ်စာကို လျှပ်စစ်မီး တနေ့တာပမာဏ ပေးနိုင်တဲ့အထိ ထုထည်ကြီးမားပါတယ်။ Block Island Wind Farm နဲ့ ဟွန်းစီး၂ (Hornsea 2) ကို အရင်ကတော့ DONG လို့အမည်ရပြီး အခုနောက်ပိုင်း အောစတက် (Orseted) လို့အမည်ပြောင်းလိုက်တဲ့ ဒိန်းမတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး တစ်ခုတည်းက ပိုင်ဆိုင်ပါတယ်။ ဒီကုမ္ပဏီက အမှန်တော့ ၂၀၁၇ ခုနစ်မှာ ဖျက်သိမ်းလိုက်တဲ့ ဗန်ဒဘီ (Vindeby) လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီပါ။ တာဘိုင်အသုံးပြုမှု အရေအတွက် များလာလေလေ လျှပ်စစ်ထုတ်လုပ်ရာမှာ ကုန်ကျစရိတ် သက်သာလာလေလေ ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၀စုနှစ်အတွင်းမှာပဲ ကမ်းလွန်လေအားသုံး လျှပ်စစ်စျေးနှုန်းဟာ တစ်ဝက်တိတိကို ထိုးကျသွားတာ ဖြစ်ပါတယ်။
ကုန်းမြေပြင်ပေါ်မှာလည်း လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ အများအပြား ထူထောင်လာကြပြီး လျှပ်စစ်စျေးနှုန်းတွေကလည်း သက်သာကျဆင်းလာပါတယ်။ ယနေ့အခြေအနေအရဆိုရင် ကမ္ဘာ့နေရာ အနှံ့အပြားမှာလည်း လေအားလျှပ်စစ်ထုတ်လုပ်ရေး၌ တာဘိုင်တပ်ဆင်တဲ့ ကုန်ကျစရိတ်ဟာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေ လည်ပတ်နေတဲ့ ကုန်ကျစရိတ်ထက်တောင် စျေးနှုန်းသက်သာနေပါတယ်။ ဒါကြောင့် ဒိန်းမတ်၊ အိုင်ယာလန် နဲ့ အနောက်အိုကလာဟိုးမား လို လေတိုက်နှုန်း အရမ်းများတဲ့နေရာတွေမှာဆိုရင် လိုအပ်တဲ့ပမာဏထက်ကျော်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်နေတာကြောင့် ထုတ်လုပ်သူတွေက သုံးစွဲသူတွေကို ဝယ်တဲ့ပမာဏထက်ပိုပြီး ပေးနေတာမျိုးတွေတောင် ရှိပါတယ်။
နေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး ဆိုလာပါဝါစျေးနှုန်းဟာလည်း အံ့မခန်းလောက်အောင် သက်သာကျဆင်းလာပါတယ်။ ၂၀၁၀ ခုနစ်မှစပြီး ဆိုလာစျေးနှုန်းဟာ ၈၀ ရာခိုင်နှုန်းကျော်လောက်အထိ ကျဆင်းသွားပါတယ်။ နိုင်ငံတကာစွမ်းအင်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့အစည်း (International Energy Agency) အရ ဆိုလာစွမ်းအင်ဟာ စျေးအသက်သာဆုံး လျှပ်စစ်စွမ်းအင်အချို့ထဲမှ စွမ်းအင်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ပြန်လည်ဖြည့်စွမ်းမြဲစွမ်းအင်တွေ အလျင်အမြန် စျေးနှုန်းသက်သာကျဆင်းလာခြင်းဟာ မကြာတော့တဲ့ အနာဂတ်မှာပဲ အမေရိကန်နိုင်ငံမှာရော ကမ္ဘာ့နေရာအရပ်ရပ်မှာပါ လျှပ်စစ်ထုတ်လုပ်မှုမှ လေထုညစ်ညမ်းခြင်းဒဏ်ကို အပြီးအပိုင် ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကယ်ရီဖိုးနီးယားပြည်နယ်မှာဆိုရင် လိုအပ်တဲ့ လျှပ်စစ်ပမာဏ မည်မျှမဆို မိနစ်အနည်းငယ်အတွင်းမှာပဲ အလျင်အမြန် ထုတ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒိန်းမတ်မှာဆိုရင်လည်း လေပြင်းပြင်းတိုက်တဲ့နေ့တိုင်းမှာ လျှပ်စစ်ပမာဏ အမြောက်အမြား ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။
ဆိုတော့ လျှပ်စစ်ထုတ်လုပ်ရာမှာ ကာဗွန်ဓာတ်ငွေ့ထွက်လာမှု လုံးဝ ကင်းပသွားပြီလို့ စဥ်းစားလိုက်ရင်ပဲ တခြားသော အခွင့်အလမ်း အမြောက်အများ လမ်းပွင့်လာပါတယ်။ အင်ဂျင်အသုံးပြုနေတဲ့ စက်တွေ ကားတွေမှာ လျှပ်စစ်မော်တာတွေ အစားထိုး အသုံးပြုလာနိုင်ပြီး ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်လာပါမယ်။ အလားတူ ကုန်ကား၊ ဘက်စ်ကား၊ ဖယ်ရီကား နဲ့ ကုန်ပစ္စည်းရွေ့ကား စတာတွေ မှန်သမျှကို လျှပ်စစ်ပလပ်ခေါင်းသာ ထိုးလိုက်ရုံပါပဲ။ လောင်စာစွမ်းအင်အသုံးပြုမှု မှန်သမျှကို လျှပ်စစ်သုံး အပူပေးစက်တွေနဲ့ အစားထိုးပြီး ဂတ်စ်မီးဖိုတွေနေရာမှာလည်း လျှပ်စစ်သံလိုက်ဓာတ်အားသုံးမီးဖိုတွေ ပြောင်းလိုက်လို့ရပါပြီ။ တက်နိုင်သမျှ လျှပ်စစ်စွမ်းအင်သာ ပြောင်းသုံးလိုက်ပါ။ အရာရာကို လျှပ်စစ်နဲ့ လည်ပတ်လို့ ရနေပါပြီ။
ဘာသာပြန် - ရွှေသင်း
Climate Change from A to Z (Elizabeth Kolbert)