Monday, June 16, 2025

“F” for Climate Change: Flight

ပျံသန်းခြင်း

အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇိုင်းနဲ့ဆင်ပြီး ပင်လယ်ငှက်တစ်ကောင်လိုပါပဲ။ သူ့မှာ တောင်ပံတွေကို ကန့်လန့်ဖြတ်တပ်ဆင်ထားတဲ့ ဝင်ရိုးတွေပေါ်မှာ နံရံကပ်ပန်ကာလိုလည်တဲ့ လေဒလက်လေးခုပါရှိပါတယ်။ ကျွန်မ လေယာဥ်ခေါင်းခန်းထဲမှာ ရှိနေပါတယ်။ ကျွန်မရဲ့ နည်းပြ ဗင့်မော်ကင် က လေယာဥ်လီဗာကို ဖြည်းဖြည်းချင်းဆွဲဖို့ ကျွန်မကို သင်ကြားပေးနေပါတယ်။ ထိုအချိန်မှာ လေဒလက်လေးခုက စတင် လည်ပတ်လာပြီး လေယာဥ်ခေါင်းခန်းရဲ့ ကြမ်းပြင်တွေတုန်လာပါတယ်။ ကျွန်မတို့ရှေ့မှာမြင်နေရတဲ့ လေယာဥ်မောင်းလေ့ကျင့်ရာဖန်သားပြင်ပေါ်က မြေပြင်မြင်ကွင်းဟာလည်း လေယာဥ်မြင့်တက်လာခြင်းနဲ့အတူ တဖြည်းဖြည်း ပျောက်ကွယ်လာပါတော့တယ်။

“ကျွန်တော်တို့ စတင်ပျံသန်းပါပြီ” လို့ မော်ကင် က တက်ကြွစွာအော်ပြောလိုက်ပါတယ်။ ကျွန်မ လီဗာကို ဖြည်းဖြည်းချင်းပြန်ချလိုက်တဲ့အခါမှာ ‌ရှေ့ကလည်နေတဲ့ လေဒလက်တွေ ရပ်သွားပြီး အနောက်ဘက်က လေဒလက်တွေပဲ လည်ပတ်ပါတော့တယ်။ ကျွန်မတို့အခု အရှေ့ဘက်တည့်တည့် ဗားမောက်ပြည်နယ်ရဲ့ ဘာလင်တန်မြို့မှာရှိတဲ့ ချန်ပလိန်းရေကန်ကြီးဆီကို ဦးတည်ပျံသန်းနေတာပါ။ မော်ကင် က ကျွန်မလေယာဥ်မောင်းနေပုံကို ချီးကျူးပြီး မကြာခင်ဘဲ မြေပြင်နဲ့ပြန်နီးလာတာကြောင့် ကျွန်မ လေယာဥ်ဦးကို ပြန်မော့ဖို့ လီဗာကို ဆွဲတင်လိုက်ပါတယ်။ ကျွန်မ လေ့ကျင့်ရာဖန်သားပြင်ပေါ်က ဦးတည်ရာကို ရေကန်ဆီသို့ သေချာလှည့်လိုက်ပြီး ရေကန်ရဲ့ရေပြင်ပေါ်မှာ ညင်သာစွာ ပျံသန်းလိုက်ပါတယ်။ ထို့နောက် ကျွန်မ စိတ်တိုင်းကျ မောင်းပြီးချိန်မှာပဲ လေယာဥ်ပြန်ဆင်းဖို့ အချိန်ရောက်လာပါတော့တယ်။ ကျွန်မ လေယာဥ်ကို အလျင်စလို ပြန်လှည့်လိုက်ချိန်မှာ လေယာဥ်ပြန်ကွေ့သွားပုံဟာ လက်တွေ့မှာ တကယ့်လေယာဥ်အစစ် မောင်းနေရသလို ခံစားချက်ပါပဲ။ မြေပြင်ပေါ်ဆင်းသက်နေချိန်မှာပဲ လေယာဥ်ရုတ်တရက် လှုပ်ခါသွားပြီး ကားပါကင်အဆောက်အအုံနဲ့ ဝင်တိုက်ခါနီး ဖြစ်ခဲ့ပေမယ့် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဥ်မောင်းခန်းထဲက ပြန်ထွက်လာချိန်မှာတော့ ကျွန်မခေါင်းတစ်ခုလုံး မူးနောက်နေတာပါပဲ။

ထို အယ်လီရာလေယာဥ်တစ်ခုလုံးကို လျှပ်စစ်နဲ့ လည်ပတ်စေပါတယ်။ ဟော်ကီကစားသမားဟောင်း ကိုင်ကလက် ပိုင်ဆိုင်တဲ့ ၂၀၁၇ ခုနစ်မှာ ထူထောင်ထားတဲ့ ဘီတာကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ (ကလက် က ဟားဗတ်တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုနဲ့ ဘွဲ့ကြိုတက်ခဲ့ပြီး လေယာဥ်တစ်စင်းကို မော်တော်ဆိုင်ကယ်တစ်စီးကဲ့သို့ မောင်းနှင်နိုင်ခြင်း ဆိုတဲ့ သုတေသနစာစောင်ကို ရေးသားခဲ့ပါတယ်။) ဘီတာကုမ္ပဏီက ဘာလင်တန်လေဆိပ် လေယာဥ်များသိုလှောင်ရုံကနေ အထင်းသားမြင်နေရတဲ့ ယူပုံသဏ္ဌာန်အဆောက်အအုံဖြစ်ပါတယ်။ တစ်နေ့ ကျွန်မသွားရောက်လည်ပတ်ချိန်မှာတော့ ထိုလေယာဥ်သိုလှောင်ရုံထဲမှာ လေယာဥ်တွေအမြောက်အများ ရပ်နားထားပြီး အယ်လီရာလေယာဥ်လည်း တစ်စင်းအပါအဝင်ဖြစ်ပါတယ်။ တခြား အယ်လီရာအမည်ရ လေယာဥ်တစ်စင်းလည်း ရပ်နားထားပါတယ်။ ထိုအယ်လီရာက ဘန်တွန်ဗေး ကနေ ဗားမောက်ကို အကြိမ်ပေါင်းများစွာ ပျံသန်းမှုစမ်းသပ်ထားတဲ့ လေယာဥ်ပါ။ ကလက် ကိုယ်တိုင်လည်း ထိုစမ်းသပ်ပျံသန်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ကျွန်မတို့ လေယာဥ်မောင်းလေကျင့်ရာအခန်းရဲ့ အပေါ်ထပ် အစည်းအ‌ဝေးခန်းမထဲမှာ ထိုင်နေကြပါတယ်။ လေယာဥ်သိုလှောင်ရုံကိုလည်း အပေါ်စီးကနေ မြင်နေရပါတယ်။ “စမ်းသပ်ပျံသန်းမှု ခရီးစဥ်တစ်ခုချည်းစီက မိုင်ပေါင်း၁၈၀ခန့် ရှိတယ်။” လို့ ကလက်က ပြောပါတယ်။ ကလက်က ထပ်ရှင်းပြပါတယ်။ စပ်ဆနာ ကရာဗန် ဆိုတဲ့လေယာဥ်က အယ်လီရာလေယာဥ်အနောက်ကနေ တောက်လျှောက်လိုက်ပြီး ပျံသန်းမှုကို လိုက်စစ်ဆေးပါတယ်။ အယ်လီရာလေယာဥ် တစ်ကြိမ်ပျံသန်းတိုင်း လျှပ်စစ်စွမ်းအင်ဖိုး ဒေါ်လာ၂၀ခန့်လောက် ကုန်ကျတယ်လို့ ကလက်က ခန့်မှန်းပြောဆိုပါတယ်။ အကွာအဝေးအတူတူပျံသန်းမှုမှာပဲ စပ်ဆနာလေယာဥ်ကတော့ လောင်စာဆီဖိုး ဒေါ်လာ ၆၀၀ နီးပါးလောက် ကုန်ကျပါတယ်။

“ဒါ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာပါပဲ” လို့ ကလက်က ဆက်ပြောပါတယ်။ “တကယ်တမ်းတော့ ဒီကိစ္စရပ်၂ခုမှာ ကျွန်တော်တို့ ပေးချေလိုက်ရတဲ့ စွမ်းအင်ပမာဏရဲ့ ကုန်ကျစရိတ်တွေအကြောင်းပါ။ ခြားနားချက်က လိုအပ်တဲ့စွမ်းအင်ပမာဏကို ငွေကြေးနည်းနည်းဖြင့် အကျိုးရှိရှိအသုံးချနိုင်ခြင်းနဲ့ ‌‌‌‌‌ငွေကြေးအမြောက်အမြားပေးပြီး သုံးစွဲလိုက်ရခြင်းပဲ ဖြစ်ပါတယ်။”

လောင်ကျွမ်းအင်ဂျင်စက်တွေ အသုံးပြုခြင်းနဲ့ ယှဥ်လိုက်ရင် လျှပ်စစ်မော်တာတွေအသုံးပြုခြင်းက ပိုပြီး အကျိုးများစေပါတယ်။ တူညီတဲ့စွမ်းအင်အသုံးပြုမှုမှာပဲ လျှပ်စစ်ကားတွေက ပုံမှန်အင်ဂျင်ကားတွေထက် ခရီး၂ဆလောက် သွားနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်လေယာဥ်တွေရဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဘက်ထရီအလေးချိန်စီးတာပါပဲ။ (ဂျက်လေယာဥ်တွေလည်း အလေးချိန်စီးပေမယ့် အင်ဂျင်လောင်ကျွမ်းသွားတဲ့အခါမှာ လေယာဥ်အလေးချိန်က လျော့ကျသွားတာမျိုးရှိပါတယ်။)

ဒါပေမယ့် အယ်လီရာလေယာဥ်တွေက နည်းပညာ တဟုန်ထိုး တိုးတက်လာခြင်းရဲ့ ပြယုဥ်ပါပဲ။ ဘီတာကုမ္ပဏီကလည်း လေကြောင်းကုန်ပစ္စည်းသယ်ဆောင်‌‌ရေးအတွက် အမေရိကန်အစိုးရဗဟိုလေကြောင်းဌာန (Federal Aviation Administration) ရဲ့ ခွင့်ပြုချက်ရထားပြီး၊ UPS (United Parcel Service) ကုမ္ပဏီမှလည်း အယ်လီရာလေယာဥ်အစင်းပေါင်း ၁၅၀ အမှာလက်ခံထားပြီး ဖြစ်ပါတယ်။ ခရီးသည်သယ်ဆောင်တဲ့ လျှပ်စစ်လေယာဥ်တွေ ဆောက်လုပ်တဲ့လုပ်ငန်းခွင်မှာလည်း အလုပ်သမားဦးရေ မြင့်တက်လာနေပါတယ်။ ဝါရှင်တန်အခြေစိုက် အယ်ဗီရေးရှင်း လေယာဥ်ကုမ္ပဏီကလည်း အယ်လစ် လို့ အမည်ရတဲ့ ခရီးသည်၉ယောက်မျှ တင်နိုင်တဲ့ အသေးစား လျှပ်စစ်လေယာဥ် စမ်းသပ်ထုတ်လုပ်မှုတွေ ပြုလုပ်နေပါတယ်။ မက်ဆာချူးဆက် အခြေစိုက် ကပ်အဲလ် လေကြောင်းကုမ္ပဏီကလည်း အဲလစ် အစင်းပေါင်း ၇၅စင်းလောက် ဝယ်ယူဖို့ စီစဥ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ နယူးယောက်ပြည်နယ် အယ်ဘီနီမြို့မှာရှိတဲ့ ဝိုက် အီလက်ထရစ် လေကြောင်းကုမ္ပဏီကလည်း ခရီးတိုပျံသန်းတဲ့ ဗြိတိန်ထုတ်ဂျက်လေယာဥ် BAe 146 အမျိုးအစားတွေကို လျှပ်စစ်စွမ်းအင်သုံးလေယာဥ်တွေအဖြစ် ပြောင်းလဲဖို့ စီစဥ်နေကြပါတယ်။ “၂၀၂၆ ကစပြီး ခရီးတိုပျံသန်းတဲ့ လေယာဥ်တွေအားလုံး ဓာတ်‌ငွေ့ထုတ်လုပ်မှု သုညအမှတ် ရောက်ပြီ” လို့ ဝိုက်လေကြောင်းကွန်ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဘာသာပြန် - ရွှေသင်း

Climate Change from A to Z (Elizabeth Kolbert)

“F” for Climate Change: Flight

ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...