မှေးမှိန်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ
ဂေဟစနစ် (Ecosystem) တွင် ဇီ၀မျိုးစုံမျိုးကွဲစုံလင်ခြင်း (Biodiversity) သည် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အမယ်စုံစိုက်ပျိုးခြင်း (Multicultural Agriculture) သည် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အရေးကြီးသော အမျိုးသမီးတို့၏ကဏ္ဍသည် မှေးမှိန်နေ၍ ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
ယနေ့ခေတ်တိုင် မိသားစုတစ်စု၏ အိမ်မှုဝေယျာဝစ္စ ၇၅ရာခိုင်နှုန်းကို အိမ်သူအမျိုးသမီးများ ဦးစီးဆောင်ရွက်လျက်ရှိကြောင်း ActionAid UK စစ်တမ်းမှ ဖော်ပြထားသည်။ အိမ်တွင်းမှုတွင် ချက်ပြုတ်ရေးသည် အရေးပါသော အရာတစ်ခုဖြစ်ပြီး အိမ်သူအများစု၏ လက်၀ယ်တွင်ရှိသည်။ ထို့ကြောင့် အိမ်သူများသည် မိသားစု၀မ်းစာအတွက် အစားအသောက်များ ပြုလုပ်ဖန်တီးပေးသူဟု အများစု သတ်မှတ်ကြသည်။ ကလေးငယ်များနှင့် မိသားစုအသိုက်အ၀န်းအတွက် စိတ်ချသောအစားအစာများကို ချက်ပြုတ်ဖန်တီးပေးသူများ ဖြစ်သောကြောင့် အစာအာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ကိုင်တွယ်ဖြေရှင်းလာကြသည်။ အဆိုပါအကြောင်းကြောင့် အမျိုးသမီးများသည် တစ်နိုင်တစ်ပိုင် အိမ်တွင်းဥယျာဉ်များမှတဆင့် လယ်ယာမြေများတွင် အမယ်စုံစိုက်ပျိုးရေး (Multicultural Agriculture) ကို ဖန်တီးပုံဖော်လာကြသည်။
"အမျိုးသမီးများက ကမ္ဘာကိုကျွေးမွေးသည်" (Women Feed the World) ခေါင်းစဉ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာတစ်ခု ရှိသည်။ နိုင်ဂျီရီးယားနိုင်ငံရှိ အမျိုးသမီးများသည် အိမ်ဥယျာဉ်ခြံများတွင် အပင် အမျိုးအစားပေါင်း ၁၈မျိုး မှ ၅၇မျိုး အထိ စိုက်ကြသည်။ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံ၌ အမျိုးသားများစိုက်သော ငွေဖြစ်သီးနှံစိုက်ခင်းများ၏ ဘေးကွက်လပ်နေရာများတွင် အမျိုးသမီးများသည် အပင်မျိုးစုံ ၁၂၀ အထိစိုက်ပျိုးကြသည်။ ဂွါတီမာလာနိုင်ငံတွင်လည်း ၀.၁ ဟက်တာခန့် မြေကွက်လပ် ကျဉ်းကျဉ်းထဲတွင် သစ်ပင်နှင့်သီးနှံ ၁၀မျိုးအထိ စိုက်ကြသည်မှာ အမျိုးသမီးများဖြစ်ကြသည်။ အိန္ဒိယအမျိုးသမီးများသည်လည်း ဟင်းသီးဟင်းရွက်၊ နွားစာ နှင့် ဘယဆေးပင် အမယ်ပေါင်း ၁၅၀ခန့် စိုက်ကြသည်။ မက္ကဆီကိုနိုင်ငံတွင်လည်း လူနှင့်တိရစ္ဆာန်တို့အတွက် အမျိုးသမီးများစိုက်သော အပင် ၄၃၅မျိုးထဲတွင် ၂၂၉မျိုးသည် စားပင်များဖြစ်ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ စစ်တမ်းအရ အိမ်တွင်းဥယျာဥ်ခြံစိုက်ပျိုးရေး၏ ၃၉ ရာခိုင်နှုန်းကို အမျိုးသမီးများ ဦးစီးလုပ်ကိုင်နေကြပြီး လယ်ယာအလုပ်သမားဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဒေသအလိုက် အပင်မျိုးရင်းများကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်နေသူ အများစုမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထိုသာဓကများသည် အမျိုးသမီးထု၏ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အခြေခံကျသော အပင်မျိုးစိတ်များ ထိန်းသိမ်းနိုင်ခြင်းကို ပေါ်လွင်စေသည်။ ထို့ကြောင့် အစာကွင်းဆက်၏ မူလဘူဓဖြစ်သော မျိုးစေ့များကို ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ကဏ္ဍသည် လွန်စွာအရေးပါလှသည်။
သို့သော် မျက်မှောက်ခေတ်တွင် ကုန်ပစ္စည်းထုတ်လုပ်မှုအရေအတွက်သည် Gross Domestic Product (GDP) ဟူသော ထုတ်ကုန်အခြေပြုစီးပွားရေး၏ အတိုင်းအတာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ထုတ်လုပ်ရေးကဏ္ဍဖြစ်သော စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများနှင့် စီးပွားရေးကော်ပိုရေးရှင်းများသည် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး စသည့် ကဏ္ဍများကို လက်ဝါးကြီးအုပ်၍ လုပ်ငန်းများ တိုးချဲ့လာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးရေးလုပ်ငန်းများသည် စီးပွားရေးကော်ပိုရေရှင်းများ၏ လက်၀ယ်သို့ ကျရောက်လာသောအခါ တမယ်တည်းစိုက်ပျိုးခြင်း၊ မျိုးစေ့ပြန်ဝယ်စိုက်ရခြင်း နှင့် မျိုးရိုးဗီဇပြောင်းထားသောသီးနှံများ (GMO) ကို စိုက်ပျိုးခြင်းများ ဖြစ်လာသည်။ ထို့ကြောင့် တောင်သူများ၏ အမယ်စုံစိုက်ပျိုးရေးများ၊ မျိုးစေ့ချန်၍ ပြန်စိုက်သောနည်းလမ်းများနှင့် ဒေသရင်း အပင်မျိုးစေ့များကို ထိန်းသိမ်းရေးနည်းနာများ စသည့် အမျိုးသမီးတို့၏ ကိုယ်ပိုင်မူများ (Feminist Principles) တဖြည်းဖြည်း ပျောက်ကွယ်လာရသည်။ ထို့ကြောင့် ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်ရေးအတွက် အမယ်စုံစိုက်ပျိုးရေး၏ အဓိကအားထားရာ အမျိုးသမီးထု၏လုပ်ဆောင်နိုင်မှုသည် မှေးမှိန်လာသောကဏ္ဍ ဖြစ်နေ၍ ပျောက်ကွယ်လုနီးပါးတောင် ဖြစ်လာသည်။
ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကို ဖြစ်စေသည့် လုပ်ရပ်များတွင် လူဦးရေတိုးပွားနှုန်း မြင့်တက်လာခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ လူဦးရေတိုးပွားလာမှုအကြောင်း ဆွေးနွေးသုံးသပ်သော် အမျိုးသမီးထုကို ချက်ချင်းထပ်ဟပ်မိစေသည်။ ကျန်းမာရေးအသိပညာအားနည်းသော အမျိုးသမီးများကြောင့် လူဦးရေတိုးပွားမှုပြဿနာတွေ ရှိလာသည်ဟု ပြစ်တင်ပြောဆိုနေကြသည်။ ထိုယူဆချက်ကို "အိမ်ထောင်တစ်ခုတွင် လိင်ကျန်းမာရေးအသိပညာပေးမှုကို အမျိုးသမီးတစ်ဦးတည်းသာ သိစေ၍ အမျိုးသားကို မျှဝေခြင်းမရှိသော် ထိုလုပ်ရပ်သည် ထိရောက်မှုမရှိသော လုပ်ရပ်သာ ဖြစ်သည်” ဟု ကင်ညာဂျာနယ်လစ် Edwin Okongo မှ ဝေဖန်ထောက်ပြထားသည်။ ထိုထောက်ပြချက်အရ လူဦးရေတိုးပွားနှုန်းသည် အမျိုးသမီးများနှင့်သာဆိုင်သော ကိစ္စရပ်မဟုတ်ဘဲ အမျိုးသားတို့၏ကဏ္ဍပါ အရေးကြီးသည်ကို မြင်သာစေသည်။
ထို့အပြင် ကမ္ဘာမြေကို ညစ်ညမ်းစေသော ပလတ်စတစ်အမှိုက်များ လျော့ချစေနိုင်ဖို့အတွက် လျှော့သုံး၊ ပြန်သုံး၊ ပြင်သုံးဆိုသည့် နည်းလမ်းများ (3Rs) လိုအပ်လာသည်။ သို့သော် ပြဿနာတစ်ရပ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဟဇာတဖြစ်သော ထုတ်ကုန်များ ( Eco-friendly Products) ရောင်းချသော ကုန်ပစ္စည်းစျေးကွက်တွင် အမျိုးသမီး အသုံးအဆောင်အရေအတွက်သည် ပို၍ များပြားနေသည်ကိုတွေ့ရသည်။ ယေဘုယျ ခြုံကြည့်သော် ထိုစျေးကွက်၏ ကုန်ပစ္စည်းထုတ်ပိုးမှုအများစုသည် အမျိုးသမီးများအတွက် ရည်ရွယ်၍ ပန်းရောင်များဖြစ်နေကြောင်း Mintel Reports တစ်ခုတွင်ဖော်ပြထားသည်။ Plastic Freedom နှင့် Package Free Shop ဆိုသည့် နာမည်ကြီး zero-waste online shop များတွင် ၉၀ရာခိုင်နှုန်းသော ၀ယ်ယူသူများသည် အမျိုးသမီးများဖြစ်ကြောင်း ထိုစစ်တမ်းအရ သိရသည်။ ထို့အပြင် စျေး၀ယ်စင်တာများတွင်လည်း ပြန်သုံးအိတ် (Recycle bag) အသုံးပြုခြင်းကို ငြင်းဆန်သည်မှာ အမျိုးသားအများစုဖြစ်နေကြောင်းတွေ့ရသည်။ ထိုဖြစ်စဉ်များအပေါ် အမျိုးသားထုအနေဖြင့် “အဆိုပါလုပ်ရပ်များသည် ပြုစုစောင့်ရှောက်ခြင်းညာဉ် ရှိသည့် မိန်းမများ၏ တာ၀န်သာဖြစ်သည်” ဟု ယူဆပြီး ထိုလုပ်ရပ်များအပေါ် မိမိကိုယ်တိုင်လည်း တစ်ပါးသူများမှ မိန်းမဆန်သောသူ (gay or effeminate)၊ မိန်းမဝါဒ ကျင့်သုံးသောသူ (feminine) ဟူ၍ သုံးသပ်မည်များကို စိုးရိမ်ပူပင်နေသောကြောင့် ဖြစ်ကြောင်း Sex Roles ဆိုသည့် သုတေသနဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။ ထို့ကြောင့် အထက်ပါဖြစ်ရပ်များတွင် အမျိုးသမီးတို့၏ဆောင်ရွက်ချက်များသည်သာ အဓိကကျသည်ဟု ယူဆနေပြီး အမျိုးသမီးတို့၏ကဏ္ဍကို လွဲမှားစွာ ထင်ဟပ်ပြထားသည်။
ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်း (Climate Change) သည် မျိုးဆက်အလိုက်ကြုံနေရသည့် ကပ်ဘေးဆိုးကြီး (Generational Crisis) ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး ဝိုင်းဝန်းဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များကို ခြုံငုံသုံးသပ်ရသော် အရင်းရှင်စိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ပြန့်လာမှုကြောင့် မှေးမှိန်လာသည့် အမျိုးသမီးထု၏ အမယ်စုံစိုက်ပျိုးရေး နှင့်စားနပ်ရိက္ခာဖူလုံရေးကို ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောကဏ္ဍအဖြစ် ပြန်လည်ဖော်ထုတ် အသိအမှတ်ပြုရန်လိုကြောင်း သုံးသပ်မိပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝိုင်း၀န်းဖြေရှင်းရမည့် လုပ်ဆောင်မှုများတွင် အမျိုးသားထုတာဝန် (သို့) အမျိုးသမီးထုတာဝန် စသည့် တစ်ဖက်သတ်ထင်ဟပ် ပြောဆိုနေမှုများသည် ထိရောက်သောဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် နှောင့်နှေးစေသည့် ကိစ္စရပ်များဖြစ်ကြောင်း သုံးသပ်မိပါသည်။
ရွှေသင်း
ကိုးကား
• Women's Indigenous Knowledge and Biodiversity Conservation by Vandana Shiva
• Nature as the Feminine Principle by Vandana Shiva
• အမျိုးသမီးများက ကမ္ဘာကြီးကို ကျွေးမွေးစောင့်ရှောက်သည်။ ကော်ပိုရေးရှင်းတို့ မဟုတ်ပါ။ ကိုတာ (ကမ္ဘာကြီးကို ဘယ်သူကကျွေးမွေးနေသတုန်း ; ဘာသာပြန်)
• The Guardian; Climate Change is not a feminist issue
• The Guardian; The eco gender gap: why is saving the planet seen as women's work?
• Unpaid care and domestic work (ActionAid UK)
• Blossoming Futures: Women Farmers in Myanmar Turn Flowers into Livelihoods (United Nations Myanmar)

