Sunday, December 27, 2020

သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ ကဏ္ဍ

ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ကဏ္ဍသည် မည်မျှလောက်အရေးပါသနည်း။ မည်သည့်ဖြစ်ရပ်များတွင် အမျိုးသမီးတို့အား ပြစ်တင်ရှုတ်ချနေကြသနည်း။ မည်သည့်လုပ်ရပ်များကို အမျိုးသမီးတို့၏ တာ၀န်သာဖြစ်သည်ဟု ပြောဆိုနေကြသနည်း။ အဆိုပါဆောင်းပါးသည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွင် မှေးမှိန်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ နှင့် ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ ဟူ၍ အပိုင်း၂ခုဖြင့် ဆွေးနွေးတင်ပြထားခြင်း ဖြစ်ပါသည်။

မှေးမှိန်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ

ဂေဟစနစ် (Ecosystem) တွင် ဇီ၀မျိုးစုံမျိုးကွဲစုံလင်ခြင်း (Biodiversity) သည် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အမယ်စုံစိုက်ပျိုးခြင်း (Multicultural Agriculture) သည် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အရေးကြီးသော အမျိုးသမီးတို့၏ကဏ္ဍသည် မှေးမှိန်နေ၍ ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။

ယနေ့ခေတ်တိုင် မိသားစုတစ်စု၏ အိမ်မှုဝေယျာဝစ္စ ၇၅ရာခိုင်နှုန်းကို အိမ်သူအမျိုးသမီးများ ဦးစီးဆောင်ရွက်လျက်ရှိကြောင်း ActionAid UK စစ်တမ်းမှ ဖော်ပြထားသည်။ အိမ်တွင်းမှုတွင် ချက်ပြုတ်ရေးသည် အရေးပါသော အရာတစ်ခုဖြစ်ပြီး အိမ်သူအများစု၏ လက်၀ယ်တွင်ရှိသည်။ ထို့ကြောင့် အိမ်သူများသည် မိသားစု၀မ်းစာအတွက် အစားအသောက်များ ပြုလုပ်ဖန်တီးပေးသူဟု အများစု သတ်မှတ်ကြသည်။ ကလေးငယ်များနှင့် မိသားစုအသိုက်အ၀န်းအတွက် စိတ်ချသောအစားအစာများကို ချက်ပြုတ်ဖန်တီးပေးသူများ ဖြစ်သောကြောင့် အစာအာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ကိုင်တွယ်ဖြေရှင်းလာကြသည်။ အဆိုပါအကြောင်းကြောင့် အမျိုးသမီးများသည် တစ်နိုင်တစ်ပိုင် အိမ်တွင်းဥယျာဉ်များမှတဆင့် လယ်ယာမြေများတွင် အမယ်စုံစိုက်ပျိုးရေး (Multicultural Agriculture) ကို ဖန်တီးပုံဖော်လာကြသည်။

"အမျိုးသမီးများက ကမ္ဘာကိုကျွေးမွေးသည်" (Women Feed the World) ခေါင်းစဉ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာတစ်ခု ရှိသည်။ နိုင်ဂျီရီးယားနိုင်ငံရှိ အမျိုးသမီးများသည် အိမ်ဥယျာဉ်ခြံများတွင် အပင် အမျိုးအစားပေါင်း ၁၈မျိုး မှ ၅၇မျိုး အထိ စိုက်ကြသည်။ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံ၌ အမျိုးသားများစိုက်သော ငွေဖြစ်သီးနှံစိုက်ခင်းများ၏ ဘေးကွက်လပ်နေရာများတွင် အမျိုးသမီးများသည် အပင်မျိုးစုံ ၁၂၀ အထိစိုက်ပျိုးကြသည်။ ဂွါတီမာလာနိုင်ငံတွင်လည်း ၀.၁ ဟက်တာခန့် မြေကွက်လပ် ကျဉ်းကျဉ်းထဲတွင် သစ်ပင်နှင့်သီးနှံ ၁၀မျိုးအထိ စိုက်ကြသည်မှာ အမျိုးသမီးများဖြစ်ကြသည်။ အိန္ဒိယအမျိုးသမီးများသည်လည်း ဟင်းသီးဟင်းရွက်၊ နွားစာ နှင့် ဘယဆေးပင် အမယ်ပေါင်း ၁၅၀ခန့် စိုက်ကြသည်။ မက္ကဆီကိုနိုင်ငံတွင်လည်း လူနှင့်တိရစ္ဆာန်တို့အတွက် အမျိုးသမီးများစိုက်သော အပင် ၄၃၅မျိုးထဲတွင် ၂၂၉မျိုးသည် စားပင်များဖြစ်ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ စစ်တမ်းအရ အိမ်တွင်းဥယျာဥ်ခြံစိုက်ပျိုးရေး၏ ၃၉ ရာခိုင်နှုန်းကို အမျိုးသမီးများ ဦးစီးလုပ်ကိုင်နေကြပြီး လယ်ယာအလုပ်သမားဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဒေသအလိုက် အပင်မျိုးရင်းများကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်နေသူ အများစုမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထိုသာဓကများသည် အမျိုးသမီးထု၏ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အခြေခံကျသော အပင်မျိုးစိတ်များ ထိန်းသိမ်းနိုင်ခြင်းကို ပေါ်လွင်စေသည်။ ထို့ကြောင့် အစာကွင်းဆက်၏ မူလဘူဓဖြစ်သော မျိုးစေ့များကို ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ကဏ္ဍသည် လွန်စွာအရေးပါလှသည်။

သို့သော် မျက်မှောက်ခေတ်တွင် ကုန်ပစ္စည်းထုတ်လုပ်မှုအရေအတွက်သည် Gross Domestic Product (GDP) ဟူသော ထုတ်ကုန်အခြေပြုစီးပွားရေး၏ အတိုင်းအတာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ထုတ်လုပ်ရေးကဏ္ဍဖြစ်သော စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများနှင့် စီးပွား‌ရေးကော်ပိုရေးရှင်းများသည် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး စသည့် ကဏ္ဍများကို လက်ဝါးကြီးအုပ်၍ လုပ်ငန်းများ တိုးချဲ့လာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးရေးလုပ်ငန်းများသည် စီးပွားရေးကော်ပိုရေရှင်းများ၏ လက်၀ယ်သို့ ကျရောက်လာသောအခါ တမယ်တည်းစိုက်ပျိုးခြင်း၊ မျိုးစေ့ပြန်ဝယ်စိုက်ရခြင်း နှင့် မျိုးရိုးဗီဇပြောင်းထားသောသီးနှံများ (GMO) ကို စိုက်ပျိုးခြင်းများ ဖြစ်လာသည်။ ထို့ကြောင့် တောင်သူများ၏ အမယ်စုံစိုက်ပျိုး‌ရေးများ၊ မျိုးစေ့ချန်၍ ပြန်စိုက်သောနည်းလမ်းများနှင့် ဒေသရင်း အပင်မျိုးစေ့များကို ထိန်းသိမ်းရေးနည်းနာများ စသည့် အမျိုးသမီးတို့၏ ကိုယ်ပိုင်မူများ (Feminist Principles) တဖြည်းဖြည်း ပျောက်ကွယ်လာရသည်။ ထို့ကြောင့် ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်ရေးအတွက် အမယ်စုံစိုက်ပျိုးရေး၏ အဓိကအားထားရာ အမျိုးသမီးထု၏လုပ်ဆောင်နိုင်မှုသည် မှေးမှိန်လာသောကဏ္ဍ ဖြစ်နေ၍ ပျောက်ကွယ်လုနီးပါးတောင် ဖြစ်လာသည်။

ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကို ဖြစ်စေသည့် လုပ်ရပ်များတွင် လူဦးရေတိုးပွားနှုန်း မြင့်တက်လာခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ လူဦးရေတိုးပွားလာမှုအကြောင်း ဆွေးနွေးသုံးသပ်သော် အမျိုးသမီးထုကို ချက်ချင်းထပ်ဟပ်မိစေသည်။ ကျန်းမာရေးအသိပညာအားနည်းသော အမျိုးသမီးများကြောင့် လူဦးရေတိုးပွားမှုပြဿနာတွေ ရှိလာသည်ဟု ပြစ်တင်ပြောဆိုနေကြသည်။ ထိုယူဆချက်ကို "အိမ်ထောင်တစ်ခုတွင် လိင်ကျန်းမာရေးအသိပညာပေးမှုကို အမျိုးသမီးတစ်ဦးတည်းသာ သိစေ၍ အမျိုးသားကို မျှဝေခြင်းမရှိသော် ထိုလုပ်ရပ်သည် ထိ‌ရောက်မှုမရှိ‌သော လုပ်ရပ်သာ ဖြစ်သည်” ဟု ကင်ညာဂျာနယ်လစ် Edwin Okongo မှ ဝေဖန်ထောက်ပြထားသည်။ ထိုထောက်ပြချက်အရ လူဦးရေတိုးပွားနှုန်းသည် အမျိုးသမီးများနှင့်သာဆိုင်သော ကိစ္စရပ်မဟုတ်ဘဲ အမျိုးသားတို့၏ကဏ္ဍပါ အရေးကြီးသည်ကို မြင်သာစေသည်။

ထို့အပြင် ကမ္ဘာမြေကို ညစ်ညမ်းစေ‌သော ပလတ်စတစ်အမှိုက်များ လျော့ချစေနိုင်ဖို့အတွက် လျှော့သုံး၊ ပြန်သုံး၊ ပြင်သုံးဆိုသည့် နည်းလမ်းများ (3Rs) လိုအပ်လာသည်။ သို့သော် ပြဿနာတစ်ရပ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဟဇာတဖြစ်သော ထုတ်ကုန်များ ( Eco-friendly Products) ရောင်းချသော ကုန်ပစ္စည်းစျေးကွက်တွင် အမျိုးသမီး အသုံးအဆောင်အရေအတွက်သည် ပို၍ များပြားနေသည်ကိုတွေ့ရသည်။ ယေဘုယျ ခြုံကြည့်သော် ထိုစျေးကွက်၏ ကုန်ပစ္စည်းထုတ်ပိုးမှုအများစုသည် အမျိုးသမီးများအတွက် ရည်ရွယ်၍ ပန်းရောင်များဖြစ်နေကြောင်း Mintel Reports တစ်ခုတွင်ဖော်ပြထားသည်။ Plastic Freedom နှင့် Package Free Shop ဆိုသည့် နာမည်ကြီး zero-waste online shop များတွင် ၉၀ရာခိုင်နှုန်းသော ၀ယ်ယူသူများသည် အမျိုးသမီးများဖြစ်ကြောင်း ထိုစစ်တမ်းအရ သိရသည်။ ထို့အပြင် စျေး၀ယ်စင်တာများတွင်လည်း ပြန်သုံးအိတ် (Recycle bag) အသုံးပြုခြင်းကို ငြင်းဆန်သည်မှာ အမျိုးသားအများစုဖြစ်နေကြောင်းတွေ့ရသည်။ ထိုဖြစ်စဉ်များအပေါ် အမျိုးသားထုအနေဖြင့် “အဆိုပါလုပ်ရပ်များသည် ပြုစုစောင့်ရှောက်ခြင်းညာဉ် ရှိသည့် မိန်းမများ၏ တာ၀န်သာဖြစ်သည်” ဟု ယူဆပြီး ထိုလုပ်ရပ်များအပေါ် မိမိကိုယ်တိုင်လည်း တစ်ပါးသူများမှ မိန်းမဆန်သောသူ (gay or effeminate)၊ မိန်းမဝါဒ ကျင့်သုံးသောသူ (feminine) ဟူ၍ သုံးသပ်မည်များကို စိုးရိမ်ပူပင်နေသောကြောင့် ဖြစ်ကြောင်း Sex Roles ဆိုသည့် သုတေသနဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။ ထို့ကြောင့် အထက်ပါဖြစ်ရပ်များတွင် အမျိုးသမီးတို့၏ဆောင်ရွက်ချက်များသည်သာ အဓိကကျသည်ဟု ယူဆနေပြီး အမျိုးသမီးတို့၏ကဏ္ဍကို လွဲမှားစွာ ထင်ဟပ်ပြထားသည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်း (Climate Change) သည် မျိုးဆက်အလိုက်ကြုံနေရသည့် ကပ်ဘေးဆိုးကြီး (Generational Crisis) ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး ဝိုင်းဝန်းဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များကို ခြုံငုံသုံးသပ်ရသော် အရင်းရှင်စိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ပြန့်လာမှုကြောင့် မှေးမှိန်လာသည့် အမျိုးသမီးထု၏ အမယ်စုံစိုက်ပျိုးရေး နှင့်စားနပ်ရိက္ခာဖူလုံရေးကို ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောကဏ္ဍအဖြစ် ပြန်လည်ဖော်ထုတ် အသိအမှတ်ပြုရန်လိုကြောင်း သုံးသပ်မိပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝိုင်း၀န်းဖြေရှင်းရမည့် လုပ်ဆောင်မှုများတွင် အမျိုးသားထုတာဝန် (သို့) အမျိုးသမီးထုတာဝန် စသည့် တစ်ဖက်သတ်ထင်ဟပ် ပြောဆိုနေမှုများသည် ထိရောက်သောဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် နှောင့်နှေးစေသည့် ကိစ္စရပ်များဖြစ်ကြောင်း သုံးသပ်မိပါသည်။

ရွှေသင်း

ကိုးကား

• Women's Indigenous Knowledge and Biodiversity Conservation by Vandana Shiva

• Nature as the Feminine Principle by Vandana Shiva

• အမျိုးသမီးများက ကမ္ဘာကြီးကို ကျွေးမွေးစောင့်ရှောက်သည်။ ကော်ပိုရေးရှင်းတို့ မဟုတ်ပါ။ ကိုတာ (ကမ္ဘာကြီးကို ဘယ်သူကကျွေးမွေးနေသတုန်း ; ဘာသာပြန်)

• The Guardian; Climate Change is not a feminist issue

• The Guardian; The eco gender gap: why is saving the planet seen as women's work?

• Unpaid care and domestic work (ActionAid UK)

• Blossoming Futures: Women Farmers in Myanmar Turn Flowers into Livelihoods (United Nations Myanmar)

Ques to Vandana Shiva

Ques to Madam.Vandana Shiva in the lecture of Earth Democracy

စီးပွားရေးကော်ပိုရေးရှင်းတွေကို တွန်းလှန်ဖို့နဲ့ ဖိအားပေးဖို့အတွက် ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဘယ်လိုအရာမျိုးတွေ လုပ်ဖို့လိုအပ်ပါသလဲ??

တခြားသူတွေကို ပြောင်းလဲဖို့၊ ပြုပြင်ဖို့အတွက် ဖိအားပေးလို့မရပါဘူး။ သူတို့လုပ်ရပ်တွေဟာ အစကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်လို့ပါ။ ဇီ၀မျိုးကွဲတွေ ပြုန်းတီးအောင်လုပ်မယ်၊ လူတွေကို ငတ်မွတ်ခေါင်းပါးအောင်လုပ်မယ်၊ လူသားအခွင့်အရေးတွေကို ရိုက်ချိုးမယ်၊ ဒီလိုလုပ်ရပ်တွေဟာ သူတို့ကိုယ်ပိုင်ရွေးချယ်ထားတဲ့ သူတို့ရဲ့လုပ်ရပ်တွေပါ။ ဒါကြောင့် လူ့အဖွဲ့အစည်းကို အကောင်းဘက်ကိုဦးတည်စေမယ့် ထိရောက်တဲ့နည်းကတော့ Earth Democracy နည်းလမ်းပဲဖြစ်တယ်။

Democracy ဆိုတာ ကိုယ်စားပြုမှုတစ်ခုတင်နဲ့ မလုံလောက်တဲ့ အားလုံးပူးပေါင်းပါ၀င်မှုတစ်ခုပါ။ (Democracy is produced from election but many are becoming very unequal. Representation is never enough, participation is democracy.)

ရှင်သန်နိုင်ဖို့အတွက် အစားအစာနဲ့ အသက်ရှုခြင်း ဆိုတာ ကမ္ဘာမြေနဲ့လူသားတွေကြားက ပတ်သက်ဆက်နွယ်မှုပါ။ ဒါကြောင့် မြေ၊ ရေ၊လေ ဟာ ကမ္ဘာမြေရပ်တည်ဖို့ နဲ့ သက်ရှိတွေရှင်သန်ဖို့အတွက် အချိတ်အဆက်ဆိုတာကို သဘောပေါက်နားလည်ရပါမယ်။ ငါတို့အားလုံးဟာ သဘာ၀ရဲ့အစိတ်အပိုင်းတွေဆိုတာကို အရင်ဆုံး နှလုံးသွင်းဖို့လိုပါတယ်။

သစ်စေ့များဟာ သစ်ပင်ဖြစ်ဖို့ အောက်ခြေအမြစ်ကနေ ကြီးထွားရပါတယ်။ အပေါ် ထိပ်ဖျားကနေ ဆင့်ကဲကြီးထွားလာတာမဟုတ်ပါဘူး။ (The seeds grow from the grass root up. They don't grow from the top down.)

ပျက်စီးမှုတွေ ပြုလုပ်မယ်ဆိုရင်တော့ အပေါ်ကနေခြုံမိပြီး တစ်ခါတည်းဖျက်စီးပစ်လိုက်နိုင်ပါတယ်။ (If I want to drop a bomb, I take a flight and drop a bomb.)

ဒီလိုပဲ ငါတို့ဟာ ကမ္ဘာမြေလွတ်မြောက်ဖို့အတွက်ကြိုးပမ်းချင်ရင် မျိုးစေ့တွေအရင်ချရပါမယ်။ Earth Democracy ဆိုတာ မျိုးစေ့တစ်စေ့ကနေ ပေါက်ပွားလာတဲ့ သစ်ပင်တစ်ပင်လိုပါပဲ။ ဒါကြောင့် သင်ဟာ ဘယ်သူဘယ်၀ါဖြစ်စေ၊ ဘယ်ဒေသကပဲလာသည်ဖြစ်စေ သင်မျိုးစေ့ချလိုက်တဲ့ အစေ့အဆံလေးဟာ မျိုးစေ့ပေါင်းထောင်ချီကို ပေးနိုင်တဲ့ သစ်ပင်တစ်ပင်ဖြစ်လာမှာပါ။ ဒီလိုနဲ့ အ၀န်းအဝိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။

ယခုအချိန်မှာ လူတွေဟာ စက်မှုစိုက်ပျိုးရေးနဲ့ သဘာ၀အတိုင်း အမယ်စုံစိုက်ပျိုးရေးရဲ့ ခြားနားချက်၊ အားသာချက်တွေကို နားလည်လာကြပါပြီ။ ကိုယ်တိုင်တွေ့ကြုံခံစားရခြင်း၊ ကိုယ်တိုင်သဘောပေါက်နားလည်ခြင်းတွေမှ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဖြစ်ပါတယ်။ (ဆရာမရဲ့ ၁၉၈၄ ခုနှစ်မှ အတွေ့အကြုံဖြစ်တဲ့ မွန်ဆန်တိုကုမ္ပဏီရဲ့ မျိုးစေ့လက်၀ါးကြီးအုပ်မှုကို တောင်သူများ ကိုယ်ပိုင်စိုက်ခင်းများ၏ အသီးအပွင့်များမှ သဘောပေါက်နားလည်သွားပုံနှင့်တကွ ရှင်းပြပါသည်။)ဒါကြောင့် အားလုံးပါ၀င်တဲ့ ချိတ်ဆက်မှုအဝန်းအဝိုင်းကိုတည်ဆောက်ရပါမယ်။

ကွဲပြားမှုတွေ ခွဲခြားမှုတွေရှိတဲ့ လူ့အဖွဲ့အစည်းဟာ ဖိနှိပ်ခံကျွန်လူ့အဖွဲ့အစည်းကိုပဲ ဖြစ်ပေါ်လာစေပါတယ်။ (Create joining system. Fragmentation and separation create slavery.)

Earth Democracy ဆိုတာဟာ အာဟာဓာတ်ပြည့်၀တဲ့ သဘာ၀ရဲ့အစားအစာများနဲ့ ကျန်းမာပျော်ရွှင်တဲ့လူအဖွဲ့အစည်းဖြစ်ဖို့အတွက် ကမ္ဘာ​မြေနဲ့ လူသားတို့ရဲ့ခရီးစဥ်ဖြစ်တယ်။ ကမ္ဘာမြေရဲ့ လွတ်လပ်ခွင့်ဟာ ငါတို့အားလုံးရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်။

လူချမ်းသာများအုပ်စု လူ့မလိုင်အလွှာကသာ ဒီအခွင့်အရေးကို ရပိုင်ခွင့်မရှိပါဘူး။ အခွင့်အရေးတန်းတူညီနိုင်ဖို့အတွက် အားလုံးပါ၀င်ဆောင်ရွက်ရပါမယ်။ ဒီကိစ္စရပ်ဟာ ကြီးမားတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုစီတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းနဲ့ Earth Democracy အတွက် ကြိုးပမ်းအားထုတ်နိုင်ပါတယ်။ မျိုးစေ့ချလိုက်တဲ့လုပ်ဆောင်မှုကနေ အသီးအပွင့်တွေကို မျှ​ဝေခံစားကြပါ။ (Create the earth democracy in your language with your community. Let find out how it flowers.)

▪️▪️▪️

ကျွန်မဟာ တွန်းလှန်ဖို့တော်လှန်ဖို့ အင်အားယူနိုင်ရန် မေးလိုက်တဲ့မေးခွန်းကို ဆရာမက ကိုယ်ပိုင်ပြုစုပျိုးထောင်ခြင်းနည်းလမ်းကို ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့ ပြန်လည်ပြောကြားသွားတဲ့အတွက် သိမြင်မှုအသစ်တစ်ခု ရလိုက်ပါတယ်။ အတွင်းအဇ္စျတ္တငြိမ်းချမ်းမှုကနေ အင်အားတွေ ထပ်တိုးရရှိခဲ့ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ၊ စံသတ်မှတ်ချက်တွေနဲ့ မတူတဲ့ အခြားတစ်ဖက်ကို တွန်းလှန်ပြီး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အနိုင်အရှုံးဆိုတာ တိုက်ခိုက်ပြီး ယူရတဲ့အရာမဟုတ်ဘဲ အမှန်တကယ်သိမြင်နားလည်မှုရှိအောင် ထင်ဟပ်ပြမှ သူ့အလိုလို ပြောင်းလဲသွားမယ့် အရာဖြစ်တယ်လို့ ယူဆမိပါတယ်။

‌ရေးသူ - ရွှေသင်း

#Earth_Democracy #YLED #NAVDANYA #Earth_University

Ques to Satish Kumar

မနေ့က ဆရာကြီးစာတစ်ကူးမား (Satish Kumar) နဲ့ဆွေးနွေးခွင့်ရတော့ ဆရာကြီးကိုမေးခွန်းတစ်ခုမေးဖြစ်ပါတယ်။

Q: ပဋိပက္ခတွေဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးတိုင်ပင်ခြင်းဟာ အဖြေတစ်ခုလား???

(ဆရာကြီးဖြေသွားတာ အရမ်းရိုးရှင်းပြီး လွန်စွာမှတ်သားစရာကောင်းပါတယ်။ သူ့ဘ၀အတွေ့အကြုံနဲ့တကွ အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီး Mahatma Gandhi ရဲ့ စကားများနဲ့ ဖြေကြားချက်ကို ဒီလိုနားလည်မိပါတယ်။)

A: အပြန်အလှန်ဆွေးနွေးခြင်း (Dialogue) ဆိုတာဟာ ဆွေးနွေးသူ နှစ်ဦးနှစ်ဖက်မှာ အပြန်အလှန်ယုံကြည်မှု ရှိရပါမယ်။ ဆွေးနွေးတဲ့အခါမှာလည်း တစ်ဖက်တစ်ချက်စီက ကိုယ့်ရပ်တည်ချက်တွေ ကိုယ့်ကိုယ်ပိုင်အကျိုးအတွက်သာ ပြောဆိုခြင်းမျိုးမဟုတ်ပါဘူး။

Gandhi ရဲ့စကားအရ အိန္ဒိယနိုင်ငံလွတ်လပ်ရေးဟာ အိန္ဒိယနိုင်ငံသားတွေအတွက်သာမဟုတ်ဘဲ ဗြိတိသျှနိုင်ငံသားများအတွက်ပါ လွတ်မြောက်မှုဖြစ်တယ်။ (Freedom of India is not only good for Indians, it is also for British.)

Nelson Mandela ရဲ့ အသားအရောင်နဲ့ လူမျိုးရေးခွဲခြားမှု တော်လှန်ရေး (Apartheid) မှာလည်း "ဒီကြိုးပမ်းမှုတွေဟာ လူမဲတွေအခွင့်ထူးရဖို့ချည်းမဟုတ်ဘဲ လူဖြူတွေအတွက်ပါ တရားမျှတမှုဖြစ်တယ်" လို့ ရှင်းပါတယ်။

အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု (Women Deliberation) မှာလည်း "ယောင်္ကျားမိန်းမတန်းတူညီမျှမှုဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိမှုဖြစ်ပါတယ်။"

ဒါကြောင့် အပြန်အလှန်ဆွေးနွေးခြင်း (Dialogue) ဆိုတာ တစ်ဦးတစ်ယောက်ချညစီတိုင်းကို ဦးတည်တဲ့ (အားလုံးအတွက်) ကောင်းတဲ့ရလဒ်ကို ရှေးရူတဲ့လုပ်ရပ်ဖြစ်ပါတယ်။

ဒီလုပ်ရပ်မှာ ကိုယ့်ဘက်ကစိုက်ထုတ်ရမယ့်အရာတွေရှိပါတယ်။ ဒါတွေကတော့ ထောက်ထားညှာတာမှု (Sympathy)၊ မျှ​ဝေခံစားမှု (Empathy)၊ ဂရုဏာတရား (Compassion)၊ တန်ဖိုးထားမှု (Values) တွေအပြင် ကိုယ်ယုံကြည်တဲ့အမှန်တရား (Truth) ဖြစ်ပါတယ်။ ကိုယ်ကျိုးအတ္တလျော့မှု၊ တစ်ဖက်သားကိုပျက်စီးလိုစိတ်မရှိမှု (no contamination) တို့နဲ့အတူ ဆွေးနွေးဝိုင်းမှာ ပါ၀င်ရပါမယ်။

ဒါ့အပြင် Gandhi ရဲ့လမ်းစဥ်အရ Satya Agraha ဆိုတာရှိပါတယ်။ Satya ဆိုတာ ယုံကြည်မှု (Truth) ဖြစ်ပြီး Agraha ဆိုတာ လုံ့လရှိစွာကြိုးပမ်းမှု (Insistence) ဖြစ်ပါတယ်။ ကိုယ့်ယုံကြည်မှုအပေါ်မှာ ရပ်တည်ချက်ခိုင်မာမှုဟာလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ရဲ့ရပ်တည်ချက်မှာ ရိုးသားမှု ပါ၀င်ရပါမယ်။ ဒီအချက်တွေနဲ့အတူ ဆွေးနွေးတိုင်ပင်နိုင်ရင် အားလုံးပါ၀င်နိုင်မယ့် ငြိမ်းချမ်းရေးလမ်းသို့ ဦးတည်နိုင်မှာဖြစ်ပါတယ်။ (Non-violence is a creative power to convene the ones; the government, industrialists and avoiders and whoever you are.)

ဒါ့အပြင် အပြန်အလှန်ဆွေးနွေးတိုင်ပင်ခြင်းမှာ အချိန်အတိုင်းအတာလည်းလိုအပ်ပါတယ်။ (In this time, we have to have patience.) အချိန်အတိုင်းအတာတစ်ခုယူခဲ့ကြတဲ့ ဆွေးနွေးမှုတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေရကြပါတယ်။ ဒီအချိန်အတိုင်းအတာအတွင်းမှာ ငါတို့တွေက ပြောင်းလဲရေးအတွက်လှုပ်ရှားမှုတွေ (Activism) လုပ်ရပါမယ်။

ကျွန်တော်လည်း ၁၈နှစ်သားထဲက ယခု ၈၄နှစ်အထိ နိုင်ငံရေးပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တာပါ။ နိုင်ငံရေးလုပ်ရှားမှုဆိုသည်မှာ ရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်ရပ် (lifelong commitment) ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှာတော့ နောက်ဆုံးအောင်မြင်မှုပန်းတိုင်တစ်ခုရောက်ရမယ်လို့ မျှော်ကိုးထားချက်မျိုးမရှိရပါဘူး။ ဒါပေမယ့် ဒီအချိန်တလျှောက်လုံးမှာတော့ ပြောင်းလဲမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ (We don't know about what we have achieved and what I have achieved but a lot changes have happened.)

ဒါကြောင့် ပြောင်းလဲမှုလုပ်ဆောင်ဖို့ ငါတို့တွေလိုနေတာက ချစ်ခြင်းမေတ္တာ၊ ညှာတာထောက်ထားမှု၊ လုံ့လရှိမှုတို့နဲ့ စိတ်အားထက်သန်မှုတွေဖြစ်ပါတယ်။ (So we must act with love, compassion, commitment, dedication, passion, full energy and continue to do that...) မျှော်လင့်ချက်တွေနဲ့အတူ ရှေ့ဆက်ရမှာဖြစ်ပြီး မျှော်လင့်နိုင်ဖို့အတွက် အားထုတ်မှုတွေ အများကြီးလိုပါတယ်။ (We have to have a hope but 10% hope, 90% action)

~~~

ဆရာတာရဲ့စာအုပ်အချို့မှာ ဆရာကြီးစာတစ်ကူးမားအကြောင်း အနည်းငယ်လေ့လာဖူးပြီး ဆရာကြီးဟာငြိမ်းချမ်းရေးလမ်းစဥ်ပေါ်က လူတစ်ဦးဆိုတာ မှတ်သားမိပါတယ်။ ဒီနေ့ဆရာကြီးနဲ့ ဆွေးနွေးခွင့်ရတော့ ဆရာကြီးရဲ့ အပြုံးချိုချို၊ လွတ်လပ်စွာဆွေးနွေးဖို့အတွက် နွေးနွေးထွေးထွေးဖိတ်ခေါ်မှု၊ ရိုးရိုးရှင်းရှင်းပြန်လည်ဖြေကြားပေးမှုတို့အပေါ် စိတ်အေးချမ်းမှုနဲ့ စိတ်ခွန်အားတပြိုင်တည်းရခဲ့ပါတယ်။ ဆရာကြီးက နောက်လည်း အားလုံးနဲ့ ဒီလိုဆွေးနွေးခွင့်ရချင်ပါတယ်လို့ ပြောသွားတော့ မျှော်လင့်ချက်တွေလည်း အများကြီးထပ်တိုးမိပါတယ်။

ရေးသူ - ရွှေသင်း

#Earth_Democracy #YLED #NAVDANYA #Earth_University

“H” for Climate Change: Hope

မျှော်လင့်ချက် “မျှော်လင့်ချက် ဆိုတာ ကမ္ဘာကို မတည်ထားတဲ့ ဒေါက်တိုင်တစ်ခုပါပဲ” လို့ ရောမ စာဆိုရှင် ပလင်နီ သီအယ်တာ က ဆိုခဲ့ဖူးပါတယ်။...