Sunday, December 27, 2020

ဂေဟစနစ်တွင် အမျိုးသမီးတို့၏ ကဏ္ဍ

သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှူတွင် အမျိုးသမီးတို့၏ကဏ္ဍသည် မည်မျှလောက်အရေးပါသနည်း။ မည်သည့်ဖြစ်ရပ်များတွင် အမျိုးသမီးတို့အား ပြစ်တင်ရှုတ်ချ နေကြသနည်း။ မည်သည့်လုပ်ရပ်များကို အမျိုးသမီးတို့၏ တာ၀န်သာဖြစ်သည်ဟု ပြောဆိုနေကြသနည်း။ အဆိုပါ ဆောင်းပါးသည်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှူများတွင် ကျား၊မ တန်းတူညီ အခွင့်အရေးရှိကြောင်း ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှုတွင် "မှေးမှိန်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ" နှင့် "ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ" ဟူ၍ ကဏ္ဍ၂ခုဖြင့် ဆွေးနွေးတင်ပြချင်ပါသည်။

"မှေးမှိန်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ"

ဂေဟစနစ် (Ecological System) တွင် ဇီ၀မျိုးစုံမျိုးကွဲစုံလင်ခြင်း (Biodiversity) သည် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အမယ်စုံစိုက်ပျိုးခြင်း (Multicultural Agriculture) သည် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် တွင် အရေးကြီးသော အမျိုးသမီးတို့၏ကဏ္ဍသည် မှေးမှိန်နေ၍ ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။

အမျိုးသမီးများကို အိမ်တွင်းအမှူ စောင့်ရှောက်ပြုသည့် အိမ်သူများဟူ၍ သတ်မှတ်လေ့ရှိကြသည်။ အိမ်တွင်းအမှူတွင် ချက်ပြုတ်ရေးသည် အရေးပါသောအရာတစ်ခု ဖြစ်ပြီး အိမ်သူအများစု၏ လက်၀ယ်တွင်ရှိသည်။ ထို့ကြောင့် အိမ်သူများသည် မိသားစု၀မ်းစာအတွက် အစားအသောက်များ ဖန်တီးပြုလုပ်ပေးသူဖြစ်သည်။ အဆိုပါအကြောင်းကြောင့် အမျိုးသမီးများသည် တစ်နိုင်တစ်ပိုင် အိမ်တွင်းဥယျာဉ်များမှ တဆင့် လယ်ယာမြေများတွင် အမယ်စုံစိုက်ပျိုးရေး (Multicultural Agriculture) ကို ဖန်တီးပုံဖော်သူများဖြစ်လာသည်။ အစားအစာလုံခြုံရေးကို ကိုယ်တွယ်ရသောသူများဖြစ်သောကြောင့် ရင်သွေးငယ်များနှင့် အသိုက်အ၀န်းကို စိတ်ချသောအစားအစာများ ဖန်တီးပေးသူဖြစ်သည်။

"အမျိုးသမီးများက ကမ္ဘာကိုကျွေးမွေးသည်" (Women Feed the World) ခေါင်းစဉ်နှင့် FAO အစီရင်ခံစာတစ်ခု ရှိသည်။ နိုင်ဂျီရီးယား အိမ်ဥယျာဉ်ခြံများတွင် မိန်းမများသည် ဥယျာဉ်တခုထဲမှာပင် အမယ်ပေါင်း ၁၈-၅၇ ထိစိုက်သည်။ ဆာဟာရ အောက်ပိုင်း အာဖရိက၌ ယောင်္ကျားများစိုက်သော ငွေဖြစ်သီးနှံစိုက်ခင်းများ၏ ဘေးကွက်လပ်များတွင် မိန်းမများသည် အပင်မျိုးစုံ ၁၂၀ ထိစိုက်သည်။ ဂွါတီမာလာက မြေ ၀.၁ ဟက်တာ ကျဉ်းကျဉ်းထဲတွင်လည်း မိန်းမများသည်သစ်ပင်နှင့် သီးနှံ ၁၀မျိုးစိုက်သည်။ အိန္ဒိယတွင် မိန်းမများသည် ဟင်းသီးဟင်းရွက်၊ နွားစာ နှင့် ဘယဆေးပင်အမယ်ပေါင်း ၁၅၀ စိုက်ကြသည်။ မက္ကဆီကိုတွင်လည်း လူနှင့်တိရစ္ဆာန်တို့အတွက် အမျိုးသမီးများစိုက်သော အပင် ၄၃၅မျိုး မှ ၂၂၉မျိုး စားကြသည်။ ထိုသာဓကများသည် အမျိုးသမီးထု၏ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှု ဖန်တီးနိုင်ပုံများကို ပေါ်လွင်စေသည်။ ထို့ကြောင့် အစာကွင်းဆက်၏ မူလဘူဓဖြစ်သော မျိုးစေ့များကို ထိန်းသိမ်းစောင့်ရှောက်မှူတွင် အမျိုးသမီးတို့၏ ကဏ္ဍသည် လွန်စွာအရေးပါသည်။

သို့သော်မျက်မှောက်ခေတ်တွင် ကုန်ပစ္စည်းထုတ်လုပ်မှူအရေအတွက်သည် စီးပွားရေး၏ အတိုင်းအတာတစ်ခု(GDP) ဖြစ်လာသည်။ ထို့ကြောင့် ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်သောအမျိုးသားထုကိုသာ ချီးမြှောက်လာကြသည်။ သွယ်ဝိုက်သောနည်းဖြင့် သဘာ၀နှင့် လူ့အဖွဲ့အစည်းကို ပြုစုစောင့်ရှောက်နေသော အမျိုးသမီးထု၏ ကဏ္ဍ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည်။ တောင်သူများ၏ ကိုယ့်မျိုးကိုယ်ရွေးချယ်၊ မျိုးချန်၊ ပြန်စိုက် သောနည်းလမ်းများနှင့် မျိုးစေ့များကို ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းဖြင့် ကာကွယ်ခဲ့သော အမျိုးသမီးတို့၏ကိုယ်ပိုင်မူ (Feminist Principles) များသည် သဘာ၀ကိုသူ့လမ်းသူဆောင်စေခဲ့သည်။ သို့သော် စက်မှူစိုက်ပျိုးရေးနှင့်တကွ ထိုးဖောက်၀င်ရောက်လာသည့် တမယ်တည်းစိုက်ပျိုးခြင်း (Monoculture) သည် အမျိုးသမီး နှင့် သဘာ၀ကို ခွဲခြားပစ်လိုက်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးရေးလုပ်ငန်းများသည် စီးပွားရေးကော်ပိုရေရှင်းများ၏ လက်၀ယ်သို့ ကျရောက်သွားသောအခါ ကိုယ်ပိုင်စိုက်ခင်းဆုံးရှုံးလိုက်ရသော လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတို့၏ ဇီ၀မျိုးစုံမျိုးကွဲဖန်တီးနိုင်မှူ စုန်းစုန်းနစ် ပျောက်ကွယ်သွားရသည်။

ချမ်းသာကြွယ်ဝြခင်းကို အတိုင်းအတာတစ်ခုဖြင့် တိုင်းသော် လိုနေသည့်ဘက်နှင့် ပိုနေသည့်ဘက် ဟူ၍ နှစ်ဘက်ရှိလာပြီး တစ်ဖက်စောင်းနင်းလူ့အဖွဲ့အစည်းဖြစ်လာသည်။ တိုင်းတာစရာမလိုသည့် ချမ်းသာကြွယ်၀မှူဆိုသည်မှာ အားလုံးတန်းတူညီ ပြည့်စုံနေသည့်လူ့အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ အားလုံးတန်းတူညီ လူ့အဖွဲ့အစည်းအတွင်း ဂေဟစနစ်ကိုထိန်းညှိပေးနေသော အမျိုးသမီးထု၏ကဏ္ဍသည် တိုင်းတာ၍မရသော အရေးကြီးသည့်သွယ်ဝိုက်ပံ့ပိုးမှု ဖြစ်သည်။ ယခင်က စိတ်ချသော အစားအသောက်များ ဝေမျှစားသောက်ခဲ့သည့် လူ့အဖွဲ့အစည်းသည် ယခုအခါ အစားတစ်လုတ်အတွက် စိတ်မချနိုင် ဖြစ်ချေပြီ။ ယခုအခါတွင် အိမ်သူ၏အိမ်နောက်ဖေးဥယျာဉ်မှ ခူးယူ၍ ဖန်တီးနိုင်သော ဟင်းတစ်ခွက်၏တန်ဖိုးကို လွမ်းဆွတ်နေသလိုမျိုး ဂေဟစနစ်၏ မျိုးခွဲစုံလင်မှုကိုလည်း ပြန်လည်တမ်းတနေကြရသည်။ ထို့ကြောင့် ပုခက်လွှဲသော လက်တစ်စုံသည် ကမ္ဘာမြေကို ပြုစုစောင့်ရှောက်သော လက်တစ်စုံဖြစ်သည်ကို သတိပြုမိရန် လိုပါသည်။

"ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ"

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကို ကာကွယ်နိုင်သည့် နည်းလမ်းများတွင် လူဦးရေတိုးပွားနှူန်းကို ထိန်းချုပ်ခြင်း (Population Control) သည် တစ်ခုအပါအ၀င်ဖြစ်သည်။ လူဦးရေ တိုးပွားမှူပြဿနာကို ရှေးရှုသော် အမျိုးသမီးထုကို ချက်ချင်းထပ်ဟပ်မိစေသည်။ ကျန်းမာရေးအသိပညာမရှိသော မိန်းမတွေကြောင့် လူဦးရေတိုးပွားမှု ပြဿနာတွရှိသည် ဟု ပြစ်တင်ပြောဆိုကြသည်။ ထိုယူဆချက်ကို Reality Check Website တွင် "အိမ်ထောင်တစ်ခုတွင် လိင်ကျန်းမာရေးအသိပညာပေးသည်ကို အမျိုးသမီးတစ်ဦးတည်းသာ သိစေ၍ အမျိုးသားကို မမျှဝေသော် ထိုလုပ်ရပ်သည် အလဟပ်သပ် သဲထဲရေသွန် လုပ်ရပ်သာ ဖြစ်သည်" ဟု ကင်ညာမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Edwin Okongo မှ ဝေဖန်ထောက်ပြထားသည်။ ထိုထောက်ပြချက်အရ လူဦးရေတိုးပွားနှုန်းသည် အမျိုးသမီးများနှင့်သာ ဆိုင်သော ကဏ္ဍတစ်ရပ်မဟုတ်ဘဲ အမျိုးသားတို့၏ကဏ္ဍပါ အရေးကြီးသည်ကို မြင်သာမိစေသည်။

ထို့အပြင် ကမ္ဘာမြေပျက်စီးမှုကို လျော့ချစေနိုင်ဖို့အတွက် လျော့သုံး၊ ပြန်သုံး၊ ပြင်သုံးဆိုသည့် နည်းလမ်းများ (3Rs) လိုအပ်လာသည်။ သို့သော် ပြဿနာတစ်ရပ်သည် Eco-friendly Products များရောင်းချသော ကုန်ပစ္စည်းစျေးကွက်တွင် အမျိုးသမီးထု၏ အသုံးအဆောင်အရေအတွက် များပြားနေသည်ကိုတွေ့ရသည်။ ယေဘုယျ ခြုံကြည့်သော် ထိုစျေးကွက်၏ ကုန်ပစ္စည်းထုတ်ပိုးမှုအများစုသည် ပန်းရောင်များဖြစ်နေကြောင်း Mintel Reports တစ်ခုတွင်ဖော်ပြထားသည်။ Plastic Freedom နှင့် Package Free Shop ဆိုသည့် နာမည်ကြီး zero-waste online shop များတွင် 90% သော ၀ယ်ယူသူများသည် အမျိုးသမီးများဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။ ထို့အပြင် စျေး၀ယ်စင်တာများတွင်လည်း Recycle bag အသုံးပြုခြင်းကို ငြင်းဆိုသည်မှာ အမျိုးသားအများစုဖြစ်နေကြောင်းတွေ့ရသည်။ ထိုဖြစ်စဉ်များအပေါ် အမျိုးသားထုသည် "အဆိုပါလုပ်ရပ်များသည် ပြုစုစောင့်ရှောက်ခြင်းညာဉ် ရှိသည့် မိန်းမများ၏ တာ၀န်ဖြစ်သည်" ဟု ယူဆပြီး ထိုလုပ်ရပ်များအပေါ် မိမိကိုယ်လည်းတစ်ပါးသူများမှ မိန်းမဆန်သောသူ (gay or effeminate)၊ မိန်းမဝါဒ ကျင့်သုံးသောသူ (feminine) ဟူ၍ သုံးသပ်မည်များကို စိုးရိမ်ပူပင်နေသောကြောင့် ဖြစ်ကြောင်း Sex Roles ဆိုသည့် Research Journal တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ လမ်းစဉ်များသည် ကမ္ဘာမြေအား ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက်နေသည့် နည်းလမ်းများဖြစ်သောကြောင့် မိန်းမထုတာ၀န် ယောင်္ကျားထုတာ၀န် ဟူ၍ သီးခြားသတ်မှတ်၍ မရပေ။ အကြောင်းမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း (Climate Change) သည် မျိုးဆက်အလိုက်ကြုံရမည့် ကပ်ဆိုးတစ်ခု (Generational Crisis) ဖြစ်သောကြောင့် ဖြစ်သည်။

အဆိုပါအချက်များအရ ခြုံငုံသုံးသပ်ရသော် သဘာ၀ပတ်၀န်းထိန်းသိမ်းစောင့်ရှောက်မှူတွင် သွယ်ဝှိက်အရေးပါသည့် အမျိုးသမီးတို့၏ကဏ္ဍသည် မှေးမှိန်၍ရှိမနေသင့်ကြောင်း၊ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော စွမ်းဆောင်ချက်အဖြစ် အသိအမှတ်ပြုရန်လိုကြောင်း သုံးသပ်မိပါသည်။ ထို့ပြင် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် တနိုင်တပိုင် ပူးပေါင်းပါ၀င်၍ ဝိုင်း၀န်းဖြေရှင်းရမည့် လုပ်ဆောင်ချက်မျိုးတွင် တစ်ဖက်သတ်ထင်ဟပ် ပြောဆိုမှူများသည် အဖြေတစ်ခုရှာရန်အတွက် နှောင့်နှေးစေသည့် ကိစ္စရပ်များဖြစ်ကြောင်း သုံးသပ်မိပါသည်။

#ရွှေသင်း

ကိုးကား

~ Women's Indigenous Knowledge and Biodiversity Conservation by Vandana Shiva

~ Nature as the Feminine Principle by Vandana Shiva

~ အမျိုးသမီးများက ကမ္ဘာကြီးကို ကျွေးမွေးစောင့်ရှောက်သည်။ ကော်ပိုရေးရှင်းတို့ မဟုတ်ပါ။ ကိုတာ (ကမ္ဘာကြီးကို ဘယ်သူကကျွေးမွေးနေသတုန်း ; ဘာသာပြန်)

~ The Guardian; Climate Change is not a feminist issue

~ The Guardian; The eco gender gap: why is saving the planet seen as women's work?

No comments:

Post a Comment

“F” for Climate Change: Flight

ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...