“ကျွန်တော်တို့ အေးခဲခြင်း နဲ့ အရည်ပျော်ခြင်း စမ်းသပ်ချက်တွေကို ဒီဓာတ်ခွဲခန်းထဲမှာ ပြုလုပ်နေကြတယ်။” လို့ အီရန်-ကနေဒါလူမျိုးဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာ သုတေသနပညာရှင် မဲဒက်မဟူတီယမ် က ပြောပါတယ်။ သူက ပလက်စတစ်ဗူးတစ်ဗူးရဲ့ အဖုံးကိုဖွင့်ပြီး အထဲမှာရှိတဲ့ မီးခိုးရောင်အတုံးလေးတစ်တုံးကို ပြပါတယ်။ ထိုအတုံးလေးက အချိုရည်သံဗူးအရွယ်လောက်ရှိပြီး လက်မဝက်ခန့် အေးခဲနေတဲ့ ရေထဲမှာ မြုပ်နေပါတယ်။
ထိုအတုံးလေးကို ညွှန်ပြပြီး “ဒါက ဘိလပ်မြေမပါတဲ့ ကွန်ကရစ်တုံးလေ၊ ပြီးတော့ ဒါက ဆားငန်ရည်၊ ၁၈နာရီလောက် အအေးခံရပြီး သာမာန်အပူချိန်မှာဆို ၆နာရီအတွင်း အရည်ပျော်ကျတယ်” လို့ မဟူတီယမ်က ရှင်းပြပါတယ်။ လေယာဥ်မောင်းလေ့ကျင့်ပြီး နောက်နေ့မှာပဲ ကျွန်မ ဒီခရီးစဥ်ကို ရောက်လာခြင်းဖြစ်ပါတယ်။ ကံအကြောင်းမလှစွာနဲ့ ကနေဒါနယ်စပ်မှာ ကျွန်မစီးမယ့်လေကြောင်းလိုင်း ထွက်ခွာမှုနောက်ကျတာကြောင့် မွန်ထရီရယ်မြို့ စက်မှုဇုန်ထဲမှာရှိတဲ့ ကာဘီခရိ (CarbiCrete) ကုမ္ပဏီကြီးဆီ လာရောက်ဖို့ စီစဥ်ဖြစ်သွားတာပါ။ ကုမ္ပဏီထူထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မဟူတီယမ် က ကျွန်မကို အာအမ်ဒီ (R.& D.) သုတေသန အဆောက်အအုံအတွင်းကို လိုက်ပြပါတယ်။ အဆောက်အအုံအတွင်းမှာ အလွန်ကျယ်လောင်တဲ့အသံဟာ မိနစ်အလိုက် ဆက်တိုက်ထွက်နေပါတယ်။ “ဒီအသံက ခုနက ကျွန်တော်ပြတဲ့ ဘလော့တုံးတွေကို ပြုလုပ်နေတဲ့ အသံလေ” လို့ မဟူတီယမ် က အကျယ်ကြီးအော်ပြောပါတယ်။
စမ်းသပ်မှုအတွက် အပြိုင်ဆောက်ထားတဲ့ ကွန်ကရစ်နံရံကြီး ၂ခုရှိတဲ့ ဒုတိယအခန်းဆီကို ကျွန်မတို့ ဝင်ကြည့်ကြပါတယ်။ ထိုနံရံ ၂ခုကို ရေချိုးခန်းနံရံပုံစံတွေလို ဆောက်ထားပြီး ရေကျနေတဲ့ PVC ပလက်စတစ်ပိုက်တွေလည်း တပ်ဆင်ထားပါတယ်။ တဖက်ခြမ်းက လေပန်ကာတစ်ခုကလည်း ရေတွေကို နံရံဘက်ဆီကို မှုတ်ထုတ်ပေးနေပါတယ်။ နံရံတစ်ခုက သာမာန်ကွန်ကရစ်နဲ့ ဆောက်ထားတာဖြစ်ပြီး နောက်နံရံတစ်ခုကတော့ ကာဘီခရိကုမ္ပဏီကထုတ်တဲ့ ကွန်ကရစ်နဲ့ ဆောက်ထားတာ ဖြစ်တယ်လို့ မဟူတီယမ် က ရှင်းပြပါတယ်။ ထိုနံရံ၂ခုရဲ့ ရေစုပ်ယူနိုင်စွမ်းကို တိုင်းတာဖို့ ဖြစ်ပါတယ်။ “နောက်နာရီအနည်းငယ်ကြာရင် နံရံတွေရဲ့ စိုထိုင်းဆကို တိုင်းတာပြီး တွက်ချက်မှုအချို့ ကျွန်တော်တို့ ပြုလုပ်မှာ ဖြစ်တယ်” လို့ မဟူတီယမ် က ဆက်ပြောပါတယ်။
ကွန်ကရစ်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ညစ်ညမ်းမှု ဖြစ်စေတဲ့ ဖြေရှင်းဖို့အရမ်းခက်တဲ့ အရာတွေထဲက တစ်ခုပါ။ ပေါ့လန်းဘိလပ်မြေ (Portland cement) တွေဟာ စကျင်ကျောက်မှုန့်တွေကို ချွံ့စေးနဲ့ရောပြီး ၂၀၀၀ ဒီဂရီဖာရင်ဟိုက်မှာ အပူပေး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖြစ်စဥ်က ကျောက်မီးသွေးလောင်စာသုံးစွမ်းအင် အများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် အခြေခံအကျဆုံးကတော့ ဘိလပ်မြေရဲ့ ဓာတုဖွဲ့စည်းပုံ ဖြစ်တဲ့ စကျင်ကျောက်ကို ဘိလပ်မြေမှုန့်ရတဲ့အထိ အပူပေးနေချိန်မှာ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖြစ်ပါတယ်။ ၂၀၂၃ ခုနစ် တစ်နှစ်တည်းမှာတင် ကွန်ကရစ် ထုတ်လုပ်တဲ့ တန်ချိန်ပေါင်း ကမ္ဘာပေါ်မှာ ၃၀ဘီလီယံတန် ရှိပြီး ထိုပမာဏဟာ ကမ္ဘာပေါ်က လူတစ်ဦးချည်း ၄တန်စီ အသုံးပြုလို့ ရနိုင်တဲ့ အလွန်များတဲ့ ပမာဏဖြစ်ပါတယ်။ ထိုမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ကမ္ဘာပေါ်မှာ နှစ်စဥ်ထုတ်လွှတ်နေတဲ့ ကာဗွန်ပမာဏရဲ့ အကြမ်းဖျဥ်း ၈ရာခိုင်နှုန်းလောက်ရှိပြီး လေယာဥ်တွေ သင်္ဘောတွေမှ ထွက်တဲ့ ပမာဏထက် ပိုများပါတယ်။ ဒါကြောင့် အစိမ်းရောင်ကွန်ကရစ်လို့ ခေါ်တဲ့ ဘိလပ်မြေမပါတဲ့ကွန်ကရစ်ကို တီထွင်ထုတ်လုပ်ခြင်းဟာ စိတ်ဝင်စားစရာကောင်းသလို တကယ်တမ်း လိုအပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။
ကာဘီခရိ ကုမ္ပဏီက စတီးထုတ်လုပ်ရာမှ ကြွင်းကျန်တဲ့ သတ္တုချေးတွေကို ဘိလပ်မြေနေရာမှာ အစားထိုးအသုံးပြုပါတယ်။ သတ္တုချေးတွေကို အမှုန့်ကြိတ်ပြီး ကျောက်ခဲမှုန့်တွေနဲ့အတူ ရေနဲ့ရောစပ်ပါတယ်။ ရလာတဲ့ စီးစီးပျစ်ပျစ်အရည်တွေက ပုံမှန်ကွန်ကရစ်နဲ့ ပုံသဏ္ဍာန်တူပြီး အတုံးဖြစ်စေ အချောင်းဖြစ်စေ လိုသလို ပုံသွင်းလို့ ရပါတယ်။
လက်ရှိမှာတော့ ကာဘီခရိ ကွန်ကရစ်လို့ လူသိလာကြတဲ့ ဒီထုတ်ကုန်ဟာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရုံတင်မက ကာဗွန်ဓာတ်ငွေ့ကိုပါ ပြန်ပြီး စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ မဟူတီယမ် က ထမင်းပေါင်းအိုးတွေကို တန်းစီထားသလိုမျိုးရှိတဲ့ စက်အတန်းကြီးဆီသို့ ကျွန်မကို ခေါ်သွားပါတယ်။ စက်တစ်ခုချည်းစီကို ကာဗွန်ဓာတ်ငွေ့ထည့်ထားတဲ့ ဗူးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ စက်အတွင်းထဲမှာတော့ စိုစွက်နေတဲ့ ကာဘီခရိ ကွန်ကရစ်တုံးလေးတွေဟာ ဗူးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဓာတ်ပြုနေပြီး ဓာတ်ငွေ့ထုတ်လွှတ်မယ့်အစား ကာဗွန်ဓာတ်ငွေ့ကို ပြန်ပြီး စုပ်ယူနေတာ တွေ့ရပါတယ်။
“စက်ကို ကိုင်ကြည့်ပါလား” လို့ မဟူတီယမ် က ပြောပါတယ်။ စက်တွေက ပူနေပါတယ်။ “ဒီဓာတ်ပြုမှုက သူ့ဘာသာ အပူတွေထုတ်နေတာ၊ အပူထပ်ပေးဖို့ မလိုတော့ဘူး” လို့ သူက ဆက်ရှင်းပြပါတယ်။
လက်ရှိမှာ ကာဘီခရိ ကုမ္ပဏီက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရောင်းသူတွေဆီကနေဝယ်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်နေပါတယ်။ နောက်ပိုင်းမှာတော့ တခြား လျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းစုတွေနဲ့ စတီးလုပ်ငန်းတွေဆီမှ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အသုံးပြုဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ ဒီစမ်းသပ်ချက်က ခဲလုံးတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်သလိုပါပဲ။ ကျွန်တော်တို့ ဘိလပ်မြေ အသုံးပြုစရာမလိုတော့ဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကိုလည်း စုပ်ယူနိုင်ပြီ။ ပြီးတော့ စတီးလုပ်ငန်းရဲ့ စွန့်ပစ်အမှိုက် သတ္တုချေးတွေကိုလည်း ပြန်သုံးနိုင်ပြီ။” လို့ မဟူတီယမ် က ပြောပါတယ်။ ကျွန်မပြန်ဖို့ အချိန်ရောက်လာတော့ မဟူတီယမ် က ကျွန်မကို ကာဘီခရိ ကွန်ကရစ်ချောင်းနဲ့ ကွန်ကရစ်တုံး ဘာကို အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားချင်လဲလို့ မေးပါတယ်။ ကျွန်မ အချိန်ခဏမျှ စဥ်းစားလိုက်ပြီး နှစ်ခုစလုံးကို ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘာသာပြန် - ရွှေသင်း
Climate Change from A to Z (Elizabeth Kolbert)

No comments:
Post a Comment