Saturday, May 23, 2026

သဘာဝတရားကုထုံးက သင့်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနေပါသလဲ။

ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲသို့ သဘာဝတရားကို ခေါ်ဆောင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ပန်းခြံထဲမှာ ငှက်ကလေးတွေ ရှဥ့်ကလေးတွေကို မြင်တွေ့ရတာက စိတ်အေးချမ်းစေပြီး စိတ်ကြည်နူးစေတယ်ဆိုတာ ကျွန်မတို့ အလိုလိုသိထားကြပါတယ်။ ဒါပေမယ့် ယနေ့ကာလမှာတော့ သဘာဝတရားကုထုံး (Nature Therapy) ရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ လက်တွေ့အထောက်အထားတွေ ပိုပြီး ထွက်ပေါ်လာနေပါတယ်။

ဒီဆောင်းပါးက သဘာဝတရားကုထုံးထဲမှာ ဘာတွေပါဝင်သလဲ၊ ထိုအရာတွေက လူတွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်နေသလဲ ဆိုတာနဲ့၊ အကယ်၍ ကျွန်မတို့ အိမ်ထဲမှာပဲ ပိတ်မိနေရင် သဘာဝတရားကို ကျွန်မတို့ဆီသို့ ဘယ်လို ခေါ်ဆောင်လို့ရနိုင်မလဲ ဆိုတာကို ပြောပြထားပါတယ်။

________________________________________

သဘာဝတရားကုထုံး ဆိုတာ ဘာလဲ။ ကျွန်မတို့အတွက် ဘာကြောင့် လိုအပ်သလဲ။

Ecotherapy လို့လည်း ခေါ်တဲ့ သဘာဝတရားကုထုံး (Nature Therapy) ဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေကို ကုသပျောက်ကင်းစေဖို့အတွက် သဘာဝတရားကို အဓိက အသုံးပြုခြင်းဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။

ယေဘုယျ ပြောရရင် ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီးမှု လျှော့ချဖို့၊ မွန်းကျပ်မှုတွေကို ဖွင့်ထုတ်ဖို့၊ ဒါမှမဟုတ် စိတ်အပန်းပြေစေဖို့ အတွက် အပြင်ဘက်မှာ အချိန်ကုန်ဆုံးဆိုတာ သိပ်မရှိတော့ပါဘူး။ ဒါဟာ ကျွန်မတို့ ငယ်စဥ်က ပြုမူခဲ့ပုံတွေနဲ့ ကွာခြားပါတယ်။ ဥပမာပြောရရင် ကျွန်မတို့ မြက်ခင်းပြင်ကျယ်ကြီးထဲမှာ စက်ဘီးစီးတာမျိုး ဒါမှမဟုတ် ရေကန်ထဲမှာ ကစားကြတာမျိုးကို ယနေ့မှာ ပြုလုပ်ချင်မှ ပြုလုပ်ကြတော့မှာပါ။

ကျွန်မတို့ ထိုအပန်းဖြေလှုပ်ရှားမှုတွေနေရာမှာ လူမှုကွန်ရက် (Social Media) သုံးတာမျိုးနဲ့ ဗီဒီယိုဂိမ်းကစားတာမျိုးတွေကို အစားထိုးလာကြပါပြီ။ သဘာဝပတ်ဝန်းကျင်ကို ခံစားပြီး အချိန်ကုန်မယ့်အစား ဖုန်းနဲ့ ကွန်ပျူတာ မျက်နှာပြင်တွေရှေ့ စတဲ့ အွန်လိုင်းပေါ်မှာပဲ အချိန်တွေ ပိုသုံးလာကြပါတယ်။ ထို လူနေမှုပုံစံရဲ့ နောက်ဆက်တွဲ ရလဒ်အဖြစ် ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းဟာ စိတ်ဖိစီးတွေများလာပြီး စိတ်ကျန်းမာရေး ဝေဒနာအမျိုးမျိုး ကို ခံစားနေရပါတယ်။

________________________________________

အစိမ်းရောင်နဲ့ အပြာရောင် ကုထုံး (Green and Blue Therapy)

သဘာဝတရားကုထုံးကို အစိမ်းရောင် စောင့်ရှောက်မှု (Green Care)၊ အစိမ်းရောင် လေ့ကျင့်ခန်း (Green Exercise) ဒါမှမဟုတ် အစိမ်းရောင် ကုထုံး (Green Therapy) လို့ ခေါ်ဆိုကြတာမျိုး ကြာဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ထိုအရာရဲ့ ထူးခြားမှုက စိမ်းလန်းတဲ့ နေရာတွေမှာ အချိန်ကုန်ဆုံးရတာမျိုးကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝတရားကုထုံးမှာ စိတ်ကို တည်ငြိမ်စေတဲ့ အပြာရောင်နေရာတွေဖြစ်တဲ့ သမုဒ္ဒရာ၊ မြစ်ချောင်းနဲ့ ရေကန်တွေအနီးမှာ အချိန်ကုန်ဆုံးတာမျိုးတွေ ပါဝင်ပါတယ်။ ရေပြင်ပတ်ဝန်းကျင်အနီးမှာ ရှိနေခြင်းက စိတ်ပိုင်းဆိုင်ရာကို ပြန်လည်လန်းဆန်းစေတဲ့ အာနိသင်ရှိပြီး ကျွန်မတို့ရဲ့ စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ အပြာရောင်ဆိုတာ အေးချမ်းမှုနဲ့ တည်ငြိမ်မှုကိုလည်း ကိုယ်စားပြုပါတယ်။

Blue Health စီမံကိန်းဆိုတာ ဥရောပနိုင်ငံ ၁၈ နိုင်ငံမှာ အပြာရောင်နေရာတွေနဲ့ ကျန်းမာရေး ဆက်စပ်တာကို လေ့လာမှုတွေ ပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သုတေသီတွေက လူပေါင်း ၁၈,၀၀၀ ကို စစ်တမ်းကောက်ယူပြီး ရေလမ်းကြောင်းအနီးမှာ ရှိနေချိန်တွေက လူတွေအတွက် ပိုပြီး စိတ်သက်သာရာ ရတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အမှန်တကယ်ဆို ပြင်ပမှာရှိတဲ့ အပြာရောင်ရေပြင်နေရာတွေနဲ့ ပိုပြီးထိတွေ့တာမျိုးက ကျန်းမာရေး၊ အထူးသဖြင့် စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာ တွေအတွက် အပြုသဘောဆောင်တဲ့ ဆက်စပ်မှုတွေရှိတာကို အထောက်အထားတွေနဲ့ ပြသခဲ့ကြပါတယ်။ ဒါကြောင့် သုတေသီတွေက ၎င်းတို့ရဲ့ Ecotherapy အယူအဆမှာ အပြာရောင်နေရာတွေကိုလည်း ထည့်သွင်းလာကြပါတယ်။

________________________________________

သဘာဝတရားကုထုံးရဲ့ မတူကွဲပြားတဲ့ ချဉ်းကပ်ပုံများ

စိတ်ကုထုံးပညာရှင်ရဲ့ ရုံးခန်းထဲကို ခြေတစ်လှမ်းမျှ လှမ်းစရာမလိုဘဲ သဘာဝကို အခြေခံထားတဲ့ ကုထုံးတွေ၊ ချဉ်းကပ်မှုတွေကို ကျွန်မတို့ ရယူနိုင်ပါတယ်။ အိမ်နောက်ဖေးမှာ ပန်းပင်စိုက်တာမျိုး၊ ပန်းခင်းထဲမှာ လမ်းလျှောက်တာမျိုး ဒါမှမဟုတ် မြစ်ထဲမှာ ရေစိမ်ပြီးအပန်းဖြေတာမျိုး စတဲ့ သက်သောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါ့အပြင် ထိုကုထုံး မှာ စိတ်ကုထုံးပညာရှင်တွေနဲ့ လေ့ကျင့်ထားတဲ့ သင်ကြားသူတွေရဲ့ လမ်းညွှန်မှုနဲ့ ပြုလုပ်ရတဲ့ စနစ်တကျ လှုပ်ရှားမှုတွေ၊ ကုထုံးတွေလည်း ထည့်သွင်းလေ့ကျင့်လို့ရပါတယ်။

သဘာဝတရားကုထုံး အမျိုးအစားအချို့ကို အောက်မှာ ‌ဖော်ပြထားပါတယ်။

• စိုက်ပျိုးရေးဆိုင်ရာ ကုထုံး (Farming-related therapy)။ အများပိုင်စိုက်ခင်းတွေမှာ ကောက်ပဲသီးနှံများ အတူတကွ စိုက်ပျိုးတာမျိုး။

• တိရစ္ဆာန်အကူအညီပေး ကုထုံး (Animal-assisted therapy) ။ မြင်းများ၊ ခွေးများ နဲ့ ကစားတာမျိုး၊ ဒါမှမဟုတ် ၎င်းတို့ကို လေ့ကျင့်ပေးတာမျိုး။

• စွန့်စားမှု ကုထုံး (Adventure therapy) ။ ဖောင်စီးခြင်း (သို့) ကျောက်တောင်တက်ခြင်း။

• တောတောင်ခြေလျင်ကုထုံး (Wilderness therapy) ။ အပြုအမူဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ ဆယ်ကျော်သက်များနဲ့ လူငယ်အုပ်စုတွေကို ကူညီပေးတာမျိုး။

• သစ်တောကုထုံး (Forest therapy) ။ သစ်တောနဲ့ရေချိုးခြင်း" (Forest Bathing) လို့လည်း ခေါ်ပြီး သစ်တောထဲမှာ လမ်းလျှောက်ရင်း မိမိရဲ့ အာရုံငါးပါးကို အသုံးပြုပြီး ခံစားမှုကို သတိကပ်တဲ့ လေ့ကျင့်ခန်းမျိုး။

________________________________________

သဘာဝတရားကုထုံးက သင်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

သဘာဝတရားထဲမှာ ရှိနေခြင်းရဲ့ အကျိုးကျေးဇူးများ

သိပ္ပံပညာ သက်သေပြနေတဲ့အချက်က ကျွန်မတို့က သဘာဝမိခင်ရဲ့ ကုသခြင်းစွမ်းအားမှတဆင့် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ မေးစရာရှိတာက ကျွန်မတို့တွေဟာ မိမိတို့ရဲ့ ပြဿနာတွေအတွက် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ ဒီဖြေရှင်းနည်းကို အသုံးချနေကြပြီလား ဆိုတာပါ။

စိတ်ပညာဆိုင်ရာ နောက်ဆုံးပေါ် သုတေသနပြုချက်တွေအရ သဘာဝတရားထဲမှာ အချိန်ကုန်ဆုံးခြင်းက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကဏ္ဍအသီးသီးကို မြှင့်တင်ဖို့အတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု မြင့်မားတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ ပိုမိုသိရှိလာရပါတယ်။

၁။ ပျော်ရွှင်မှု တိုးပွားခြင်း

ပျော်ရွှင်မှုကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတဲ့အကြောင်း စာအုပ်တွေနဲ့ ဆောင်းပါးတွေ အများကြီး ရှိပါတယ်။ သက်သေပြထားတဲ့ နည်းလမ်းတစ်ခုက သဘာဝတရားထဲမှာ အချိန်ပိုပေးခြင်း ဖြစ်ပါတယ်။

ဝါရှင်တန်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ ဂရီဂိုရီ ဘရက်မန်း (Gregory Bratman) က ယခင်သုတေသနတွေကို ပြန်လည်သုံးသပ်ပြီး မူဝါဒချမှတ်သူတွေအတွက် လမ်းညွှန်ချက်တစ်ခု ဖော်ထုတ်ပေးခဲ့ပါတယ်။ သူနဲ့ သူ့အဖွဲ့က မြို့ပြစီမံကိန်း ရေးဆွဲသူတွေအဖြင့် အနာဂတ်စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းနိုင်ဖို့အတွက် သဘာဝတရားကပေးတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို တိုင်းတာတဲ့ မူဘောင်တစ်ခုကို ဖန်တီးချင်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် Science Advances ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သူရဲ့လေ့လာမှုအရ ဘရက်မန်းနှင့် လုပ်ဖော်ကိုင်ဖက်တွေဟာ သဘာဝတရားနဲ့ ထိတွေ့ခြင်းက ပျော်ရွှင်မှုတိုးပွားခြင်း၊ သုခချမ်းသာကို ခံစားရခြင်း၊ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတွေနဲ့ ဘဝက အဓိပ္ပာယ်ရှိနေတယ်ဆိုတဲ့ ခံစားချက်ရခြင်း စတဲ့ အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြပါတယ်။

၂။ သောက၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို လျော့နည်းစေခြင်း

လက်ရှိ အမေရိကန် ကောလိပ်ကျောင်းသားတွေကြားမှာ စိုးရိမ်သောက၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ စိုးရိမ်ဖွယ်ရှိတဲ့ အခြေအနေဖြစ်တာကြောင့် ကောလိပ်ကျောင်းသားတွေ ပါဝင်တဲ့ လေ့လာမှု ၁၄ ခုကို သုတေသနတစ်ခုက ထပ်မံဆန်းစစ်ခဲ့ပါတယ်။ ထိုဆန်းစစ်ချက်မှာ သဘာဝတရားနဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်တွေက စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကို လျော့ကျနိုင်ဖို့ အကြွင်းမဲ့ ကူညီပေးတာကို တွေ့ရပါတယ်။

ထိုလေ့လာမှုမှာ မြို့ပြနေထိုင်သူတွေနဲ့ သဘာဝတောတောင်အနီး နေထိုင်သူတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ ဒါ့အပြင် ထိုကျောင်းသားတွေကိုလည်း သဘာဝထဲမှာ အချိန်အနည်းငယ် ကုန်ဆုံးစေပြီးလည်း လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထဲမှာ အနည်းဆုံး ၁၀ မိနစ်လောက် ထိုင်နေခြင်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းကပင် ပါဝင်သူတွေရဲ့ စိတ်ကျန်းမာရေးကို သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတာကို ဖော်ပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ထိုအချက်ကို တိုင်းတာဖို့ အဓိကကျတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အမှတ်အသားတွေကို အသုံးပြုခဲ့ကြပါတယ်။ ၃။ သိမှုစွမ်းရည် (Cognitive Benefits) ကို မြှင့်တင်ပေးခြင်း

သဘာဝထဲမှာ အချိန်ကုန်တဲ့အခါ ကျွန်မတို့ရဲ့ ဦးနှောက်က သဘောကျတယ်ဆိုတာကို တွေ့ရပါတယ်။ ပိုမိုအာရုံစူးစိုက်နိုင်စွမ်း ရှိလာပြီး ၎င်းကို သိမှုစွမ်းရည် ထက်မြက်လာခြင်းလို့လည်း ဖော်ပြနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် အခြားလေ့လာမှုတစ်ခုအရ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းက ကျွန်မတို့ရဲ့ ဦးနှောက်အတွက် ကောင်းမွန်ကြောင်း ပြသခဲ့ပါတယ်။ ထိုအရာက ယာယီမှတ်ဉာဏ် (Working memory)၊ သိမှုဆိုင်ရာ လိုက်လျောညီထွေရှိမှု (Cognitive flexibility) နဲ့ အာရုံစူးစိုက်မှုကို ထိန်းချုပ်စွမ်း စတဲ့ လုပ်ဆောင်ချက်တွေမှာ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

________________________________________

သဘာဝတရားကို အိမ်ထဲသို့ ဘယ်လို ခေါ်ဆောင်မလဲ။

လူမှုစီးပွားဘဝ အခြေအနေတွေကြောင့် လူတိုင်းက အစိမ်းရောင် ဒါမှမဟုတ် အပြာရောင်နေရာတွေကို အလွယ်တကူ မရနိုင်ကြပါဘူး။ ဒါ့အပြင် ရာသီဥတု ဆိုးရွားချိန်နဲ့ အအေးလွန်ကဲတဲ့ ဆောင်းရာသီကာလတွေမှာဆိုရင် အခွင့်အလမ်းရှိသူ တချို့ကပဲ သဘာဝထဲမှာ အချိန်ကုန်ဆုံးဖို့ ရွေးချယ်နိုင်ကြပါတယ်။ အပြင်ဘက် အေးခဲနေချိန်မှာ မြစ်ဘေးမှာ လမ်းလျှောက်ခြင်း ဒါမှမဟုတ် သဘာဝဘေးမဲ့တောထဲမှာ တောင်တက်ခြင်းတွေက တချို့အတွက် ဆွဲဆောင်မှုမရှိနိုင်ပါဘူး။

အကယ်၍ သင့်မှာ အချိန် ဒါမှမဟုတ် သွားလာခွင့် ကန့်သတ်ချက်ရှိနေမယ်ဆိုရင်လည်း (ဥပမာ အလုပ်များလွန်းတာ၊ အလွန်အေးတဲ့ ရာသီဥတုမှာ အချိန်အကြာကြီး မနေနိုင်တာ) သဘာဝတရားကို ဆက်လက်ထိတွေ့နိုင်ပါသေးတယ်။

အိမ် ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ ပိတ်မိနေတဲ့အခါ သဘာဝတရားရဲ့ အကျိုးကျေးဇူးတွေကို အဆောက်အအုံထဲကို ဘယ်လို ယူဆောင်လာမလဲ။ အောက်ပါနည်းလမ်းတွေက လွယ်ကူတဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။

• အပင်များ စိုက်ပျိုးပါ။ အပင်တွေက လေထုထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက၊ အပင်တွေအနီးမှာ အချိန်ကုန်ဆုံးသူတွေက အခြားသူတွေအပေါ် ပိုမိုစာနာမှု၊ ကရုဏာထားမှုရှိပြီး လူမှုဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာတယ်ဆိုတာကို သုတေသနတွေက ဖော်ပြထားပါတယ်။

• သဘာဝပန်းချီကားများ သို့မဟုတ် ဓာတ်ပုံများဖြင့် အလှဆင်ပါ။ လှပတဲ့ ရှုခင်းတွေ၊ စိမ်းလန်းတဲ့ ဥယျာဉ်တွေ စတဲ့ သဘာဝမြင်ကွင်းတွေကို ရွေးချယ်ပါ။ သဘာဝတရားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးဆိုင်ရာ အခြားလေ့လာမှုတစ်ခုက လှပတဲ့ အစိမ်းရောင်မြင်ကွင်းတွေကို ကြည့်ရှုခြင်းက စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

• သဘာဝအသံများကို နားဆင်ပြီး စိတ်အေးချမ်းစေတဲ့ သဘာဝအသံ App များကို ဒေါင်းလုဒ်လုပ်ပါ။ ရေတံခွန်သံ သို့မဟုတ် မိုးရွာသံတွေ နားထောင်ခြင်းရဲ့ စွမ်းအားကို လျှော့မတွက်လိုက်ပါနဲ့။ ရလဒ်က စိတ်အပန်းပြေပြီး လန်းဆန်းစေရုံသာမက၊ အာရုံစူးစိုက်မှုကို ပြန်လည်ကောင်းမွန်စေပြီး သိမှုစွမ်းရည်ကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ Psychonomic Bulletin & Review မှာ ထုတ်ဝေခဲ့တဲ့ သုတေသနတစ်ခုက သမုဒ္ဒရာလှိုင်းသံနဲ့ ပုစဉ်းရင်ကွဲ အော်သံ စတဲ့ သဘာဝအသံတွေကို နားထောင်တဲ့ သူတွေက ယာဉ်ကြောပိတ်တာနဲ့ ကားဟွန်းသံ စတဲ့ မြို့ပြအသံတွေကို နားထောင်နေရသူတွေနဲ့ နှိုင်းယှဉ်ရင် စာမေးပွဲတွေ စစ်ဆေးချက်တွေမှာ ပိုမိုကောင်းမွန်စွာ ဖြေဆိုနိုင်ကြတယ်ဆိုတာကိုလည်း တွေ့ရှိထားကြပါတယ်။

ဘာသာပြန်ဆောင်းပါး

https://www.verywellmind.com/how-nature-therapy-helps-your-mental-health

သဘာဝတရားကုထုံးက သင့်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနေပါသလဲ။

ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲသို့ သဘာဝတရားကို ခေါ်ဆောင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ပန်းခြံထဲမှာ ငှက်ကလေးတွေ ရှဥ့်ကလေးတွေကို မြင်တွေ့...