Q: What do you hope for the most?
A: Youth
(ဆရာကြီးက ဒီတလုံးပဲရေးပေးလိုက်ပါတယ်)
၂၀၂၀ ချင်းတွင်းမဂ္ဂဇင်းအမှတ် ၉၂ မှာ ဆရာကြီးဆူလတ်က အမှာစာ ရေးပေးထားတော့ အဲ့မှာ ကျွန်မအမြဲအမှတ်ရနေတဲ့ စာစုတချို့ရှိပါတယ်။ "ကျုပ်ဘဝမှာ အောင်မြင်တာတွေလည်း ကြုံခဲ့ရပါတယ်၊သို့သော် တခုလုံးခြုံကြည့်ရင် ကျရှုံးတယ်လို့ ပြောနိုင်တဲ့ဘဝပါ။ အောင်မြင်တာထက် ကျရှုံးတာကများပါတယ်။" သူက သူ့ကိုယ်သူ အောင်မြင်တယ်လို့ယူဆမယ်ဆိုရင် စစ်အာဏာရှင်စနစ်၊ စည်းမျဥ်းခံဘုရင်စနစ်၊ အခြေခံဥပဒေ၊ လယ်သမားနဲ့အလုပ်သမား အခွင့်အရေးကိစ္စ၊ စီးပွားရေးလုပ်ငန်းကြီးတွေမှန်ကန်စွာအသက်မွေးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့အရေးတွေကို သူဖြေရှင်းပေးနိုင်ခဲ့မှာပေါ့လို့ သူပြောပါတယ်။ ဒီတော့ကျွန်မတွေးမိတာက ဒီကိစ္စတွေကို ငါတို့လက်ဆင့်ကမ်းသယ်ယူရမှာမို့ ဆရာကြီးက လူငယ်တွေကို အများကြီးမျှော်လင့်ထားတာပဲဆိုတာဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့လက်ထက်မှာလဲ အောင်မြင်နိုင်ပါ့မလား တဆက်တည်းတွေးခဲ့မိပါတယ်။
အခု ၂၀၂၃ မှာ ဆရာကြီးနဲ့ထပ်မံတွေ့ဆုံခွင့်ရပြီး မေးခွန်းတွေမေးတော့ ခွန်အားတွေပြန်ရပါတယ်။ ဆရာကြီးက အခုဆို အသက်၉၀ ရှိနေပါပြီ။ အသက်အရွယ်ကြောင့် စကားတွေအများကြီး မပြောနိုင်တော့လို့ မေးခွန်းတွေကို တိုတိုနဲ့ရှင်းရှင်းပဲ ဆွေးနွေးပေးခဲ့တာကို ကျွန်မမှတ်ထားသလောက် ပြန်ချရေးပါတယ်။)
Q: ဆရာကြီးဒီလိုအလုပ်တွေ၊ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ ခွန်အားပေးခဲ့/ပေးနေတဲ့အရာ (Driving Force)က ဘာဖြစ်မလဲ။
A: ကိုယ့်ဘဝက ဘယ်သူ့အတွက်လဲ၊ ဘာအတွက်လဲ ကိုယ့်ကိုယ်မေးခွန်းထုတ်ရမယ်။ ကိုယ့်တကိုယ်ရည်စာအတွက်ဆို သေသာသေသွားမယ် အဓိပ္ပါယ်မရှိဘူး။ ဗုဒ္ဓဘာသာဝင်တယောက်အဖို့ လမ်းညွှန်သင်ကြားမှုတွေများစွာရှိမယ်။ အဲ့ဒီမှာ လူတယောက်အတွက် မိတ်ကောင်းဆွေကောင်း ကလျာဏမိတ္တရှိဖို့အရေးကြီးတယ်ဆိုတာပါတယ်။ ကလျာဏမိတ္တဆိုတာ အချင်းချင်းကြားမှာ ကောင်းတာတွေချည်းကိုပဲ ထောက်ပြပေးနေတာမျိုးမဟုတ်ဘူး၊ လိုအပ်နေတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ထောက်ပြတယ်၊နားထောင်ပေးတယ်၊ လက်ခံနိုင်တယ်။ ပြီးတော့ ကောင်းတဲ့သူတယောက်ဖြစ်အောင်လည်း ကူညီပေးတယ်။ ဒီလိုမိတ်ဆွေတွေရှိခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်တကိုယ်ရည်စာအတွက်ပဲ မတွေးနေတော့ဘူး၊ ကိုယ့်မိတ်ဆွေတွေအတွက်၊ တခြားသူတွေအတွက်၊ အဖိနှိပ်ခံလူ့အဖွဲ့အစည်းအတွက် တွေးပေးလာနိုင်တယ်။ ဒီလိုအရာတွေက ကျုပ်ကို ဒီလိုအလုပ်တွေလုပ်ဖို့ ခွန်အားပေးနေတဲ့အရာတွေပဲ။
Q: ဆရာကြီး ဒီလိုအလုပ်တွေလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်း(First Step) က ဘာဖြစ်မလဲ။
A: ဗုဒ္ဓပြောစကားတွေထဲမှ တကိုယ်ကောင်းမဆန်ဖို့ အတ္တကင်းဖို့ အားထုတ်မွေးမြူရာမှာ တခြားသူတွေနဲ့မျှဝေတာ၊ အပြန်အလှန်သင်ယူတာဟာ အရေးကြီးတယ်လို့ မှတ်သားရတယ်။ ဒီလိုအားထုတ်မှုတွေအတွက် လူအဆင့်အတန်း နေရာဒေသဟာ အရေးမကြီးဘူး။ ကျုပ်ကိုယ်တိုင်လည်း အခုချိန်ထိ လူငယ်တွေဆီက သင်ယူနေရတုန်းပဲ။ ကိုယ့်ကိုအားရှိအောင်လုပ်တယ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပူးပေါင်းတယ်၊ ဒီလိုအရာတွေကြောင့် ခြေလှမ်းသစ်တွေစတင်နိုင်ခဲ့တယ်။
Q: ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကြောင့် နောက်ဆုတ်ချင်တာ လက်လျော့ချင်တာမျိုးတွေ ရှိခဲ့ပါသလား။
A: ကျုပ်က ကံကောင်းတယ်။ ကျုပ်ရဲ့အမျိုးသမီးနဲ့ သမီးတွေဆီက ထောက်ခံအားပေးမှုကို အစဥ်အမြဲရခဲ့တယ်။ အဲ့ကြောင့် မိသားစုဆိုတဲ့အရာက အရေးကြီးတယ်။ မိသားစုထဲမှာ မပြေလည်ရင် လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး။
Q: ဆရာကြီးရဲ့ အကြောက်တရားက ဘာဖြစ်မလဲ။
A: အကြောက်တရားရှိတယ်ဆိုတာ လူ့သဘာဝပဲ။ ဒါပေမယ့် ကြောက်တာတွေကိုပဲစဥ်းစားနေရင် ကြောက်ပဲကြောက်နေမှာ။ မကြောက်အောင်ဘယ်လိုလုပ်ရမလဲ၊ ကြောက်စိတ်ကိုဘယ်လိုကျော်လွှားရမလဲ စဥ်းစားဖို့လိုတယ်။ တိဗတ်ဘုန်းကြီးတစ်ပါးရှိတယ်။ သူက ၁၇နှစ်ကြာ ထောင်ထဲမှာနေခဲ့ရတာ၊ ထောင်ကပြန်လွှတ်လာတော့ သူကပိုပြီးနုပျိုလန်းဆန်းနေတယ်။ အဲ့ဒါလူတွေကမေးကြတော့ သူပြန်ဖြေတာက သူ့ကိုနှိပ်စက်တဲ့သူတွေကို ပိုပြီးမေတ္တာဘာဝနာပွားပေးခဲ့တာပါပဲ တဲ့။ ကျုပ်ဆိုလည်း တရားထိုင်တာကို အချိန်တော်တော်များများ လုပ်ဖြစ်တယ်။ နေ့ရက်တိုင်းရဲ့ ညတွေကိုလည်း အသက်ရှင်ခြင်းရဲ့နောက်ဆုံးညဆိုပြီး နှလုံးသွင်းတယ်။ အကြောက်တရားနဲ့ စိုးရွံမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် စိတ်ကိုပြင်ဆင်ထားခြင်းဖြစ်ပါတယ်။
Q: ဆရာကြီးရဲ့ ဒေါသကိုရော ဘယ်လိုထိန်းကျောင်းပါသလဲ။
A: တစုံတယောက်က ဖိနှိပ်တာကို လက်ခံမှသာ တခြားသူဆီက ဖိနှိပ်ခြင်းကိုခံရတာပါ၊ ကိုယ်က ရှုံးနှိမ့်သွားတာပါ။ ဘဝမှာ အကောင်းဆုံးနဲ့ စိတ်အေးချမ်းမှုအရှိဆုံးအရာတွေက ချစ်တတ်ဖို့သင်ယူတာနဲ့ ခွင့်လွှတ်ဖို့သင်ယူတာတွေပဲဖြစ်တယ်။ ဖိနှိပ်သူတွေကို မေတ္တာထားနိုင်ဖို့၊ ဂရုဏာထားနိုင်ဖို့၊ သူတို့ရဲ့မသိနားမလည်ခြင်းဆိုတာကိုခွင့်လွှတ်နိုင်ဖို့ ကြိုးစားခြင်းမှ ဒေါသကိုထိန်းကျောင်းပါတယ်။
Q: လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုမြင်ပါသလဲ။ ပြန်တည်ဆောက်ရာမှာ လူငယ်တွေကို ဘယ်လိုအားပေးစကားပြောချင်ပါသလဲ။
A: မြန်မာပြည်ဟာ အထွေထွေအထူးထူး စုံလင်ကွဲပြားမှုများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အာဏာပိုင်တွေက သွေးခွဲအုပ်ချုပ်တာ အတူတူယှဥ်တွဲပြီး အလုပ်လုပ်လို့မရအောင် လုပ်ကြံဖန်တီးနေတာကို သတိထားရပါမယ်။ အပြန်အလှန်မှီတင်းနေထိုင်မှု၊ ချိတ်ဆက်မှုတွေအားကောင်းအောင် ပိုပြီးလုပ်ဆောင်ရပါမယ်။ မိတ်ဆွေများလေ ကောင်းလေပါပဲ။
#photocrd #SNF #ACT
No comments:
Post a Comment