ပစိဖိတ်သမုဒ္ဒရာ အီကွေတာရပ်၀န်းမှာဖြစ်ပေါ်တဲ့
လေတိုက်ခက်မှုဦးတည်ရာပေါ်မူတည်ပြီး သမုဒ္ဒရာရဲဲ့ရေပူရေအေးစီးကြောင်းတွေတဆင့်
အပူလှိုင်း အအေးလှိုင်း ဖြစ်ပေါ်တဲ့ El Niño-Southern Oscillation (ENSO) ဆိုတဲ့
သဘာ၀ဖြစ်စဥ်ရှိပါတယ်။ ENSOဖြစ်စဥ်မှာ အယ်နီညို(အပူလှိုင်း)နဲ့ လာနီညာ(အအေးလှိုင်း)
ဖြစ်ရပ်၂ခု ရှိပါတယ်။ ENSOဟာ ၂နှစ်ကနေ ၇နှစ်အတွင်း ဖြစ်စဥ်လှည်ပတ်နေပြီး
ဖြစ်စဥ်ကာလဟာ ၉လကနေ ၁၂လအထိကြာရှည်ပါတယ်။ ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုဟာ
ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းနဲ့အတူ ပင်လယ်ရေထုအပူချိန်လည်းမြင့်တက်လာပြီး ENSO
ဖြစ်စဥ်ကို အချိန်ကာလပိုကြာမြင့်စေ၍ ဖြစ်စဥ်လှည်ပတ်ပုံကိုလည်း ပိုမြန်စေပါတယ်။
ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ခြမ်း အာရှတိုက်ဘက်မှာတော့ အယ်နီညိုကာလဆိုရင်
အပူချိန်လွန်ကဲပြီး၊ ပစိဖိတ်သမုဒ္ဒရာရဲ့အရှေ့ဘက်ခြမ်း အမေရိကားတိုက်မှာတော့
မိုးကြီးပြီး စိုစွတ်တဲ့ရာသီဥတုဖြစ်ပေါ်ပါတယ်။ လာနီညာကာလမှာတော့
အာရှတိုက်ဘက်ခြမ်းမှာ မိုးပြင်းထန်ပြီး အမေရိကားတိုက်ဘက်မှာတော့
ရာသီဥတုပူအိုက်မှုဖြစ်ပါတယ်။ ENSOဟာ ရာသီဥတုဖြစ်ရပ်တွေကို လွန်ကဲစေပြီး
အလွန်အမင်းအပူချိန်များခြင်း၊ အလွန်အေးခဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊
မုန်တိုင်းပြင်းထန်ခြင်းတို့ကိုကြုံတွေ့စေပါတယ်။
အကျိုးဆက်များ
ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အဓိကအားဖြင့် လူသားတွေရဲ့ နေ့စဥ်ဘ၀ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာပါတယ်။ အလွန်အမင်းအပူချိန်မြင့်လာခြင်း၊ မိုးရွာသွန်းမှုများလာခြင်းတို့နဲ့အတူ ရေရှားပါးမှု၊ ရေကြီးရေလျှံမှု စတာတွေဖြစ်လာပြီး ဇီဝမျိုးကွဲများနည်းပါးလာခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ လေထုရေထုညစ်ညမ်းလာခြင်း၊ ကန္တာရမြေများဖြစ်ထွန်းလာခြင်း၊ ပင်လယ်ရေလွှမ်းမိုးမှုဧရိယာများလာခြင်း၊ မြေမျက်နှာပြင်ဧရိယာလျော့လာခြင်းနဲ့ မြေသုံးစွဲမှုပုံစံများပြောင်းလဲလာခြင်းတို့ ဖြစ်လာပါတယ်။ နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ ရွေ့ပြောင်းနေထိုင်မှုများလာခြင်း၊ မြို့ပြချဲ့ထွင်မှုတိုးလာခြင်း၊ ဒေသအလိုက်လူဦးရေ သိသိသာသာကွာဟလာခြင်း၊ သိပ္ပံနဲ့နည်းပညာအပေါ် ရင်းနှီးမြုပ်နှံမှုများလာခြင်းနဲ့ လူတန်းစားမညီမျှမှုကြီးလာခြင်း စတဲ့ လူမှုစီးပွားထိခိုက်မှုတွေဖြစ်လာပါတယ်။ တဆက်တည်းမှာပဲ လူမှုအဆောက်အအုံကိစ္စတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးအခွင့်အလမ်းဖန်တီးပေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး စတဲ့ အစိုးရတွေရဲ့ နိုင်ငံအုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုကဏ္ဍတွေမှာလည်း ရှုပ်ထွေးခက်ခဲလာတဲ့အခြေအနေတွေ ဖြစ်လာပါတယ်။
မိုးခေါ်ရေရှားခြင်း၊ စိုက်ပျိုးမြေဆီလွှာအရည်အသွေးလျော့လာခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်းတွေဟာ စိုက်ပျိုးသီးနှံတွေရဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး ကမ္ဘာ့စားနပ်ရိက္ခာလုံလောက်မှုကို ခြိမ်းခြောက်လာပါတယ်။ ထို့ပြင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များပြားလာခြင်းဟာလည်း စိုက်ပျိုးသီးနှံတွေရဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတိမ်း ကယ်ဆီယံ ဇင့် ပါဝင်မှုနှုန်းတွေကို လျော့ကျလာစေပါတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံလာရချိန်မှာ ဒေသအသီးသီးဆီကို စားနပ်ရိက္ခာ ဆေး၀ါးတွေ အချိန်မှီတင်ပို့မှုတွေမှာလည်း အခက်အခဲဖြစ်လာစေပါတယ်။ စားနပ်ရိက္ခာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုတွေဟာ ဆင်းရဲချမ်းသာမညီမျှမှုကိုလည်း သိသိသာသာကွာဟလာစေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ကြုံလာရင် ငွေကြေးချို့တဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်တဲ့အပြင် သဘာဝဘေးအန္တရာယ်ကိုပါခုခံနိုင်စွမ်းမရှိတဲ့ အခြေခံလူတန်းစားတွေက ပိုပြီးပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့ရပါတယ်။
ကျန်းမာရေးထိခိုက်မှုများ
ရာသီဥတုဖောက်ပြန်ပျက်ဆီးလာမှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲဖြစ်ရပ်တွေဟာ လူတွေရဲ့ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်လာစေပါတယ်။ WHO ရဲ့ဖော်ပြချက်အရ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာမှုနဲ့အတူ ၂၀၃၀ နဲ့ ၂၀၅၀ ကြားမှာ တနှစ်လျှင် ပျမ်းမျှလူဦးရေ ၂သိန်းခွဲလောက် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိနေပြီး၊ ၂၀၃၀ နှစ်ပိုင်းလောက်မှာတင် တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသုံးစရိတ် တနှစ်လျှင် US ဒေါ်လာ ၂ဘီလီယံကနေ ၄ဘီလီယံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရေရှားပါးလာမှုနဲ့ ရေထုညစ်ညမ်းလာမှုတို့ဟာ Camplyobacteria infection နဲ့ Cryptosporidiosis အမည်ရတဲ့ လူတွေရဲ့အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ၊ ကာလဝမ်းရောဂါတွေကိုဖြစ်စေတဲ့ ဘတ်တီးရီးယားမျိုးစိတ်နဲ့ ကပ်ပါးကောင်မျိုးစိတ်တွေကို ပေါက်ပွားမှုနှုန်းတိုးစေပါတယ်။ ရေထုရဲ့အပူချိန်တက်လာတာနဲ့အမျှ မြစ်ချောင်းအင်းအိုင်ရေကန်တွေမှာ အဆိပ်သင့်စေတဲ့ရေညှိရေမှော်ပေါက်ပွားမှုနှုန်းလည်း အလွန်အကျွံမြင့်တက်လာပါတယ်။ ထိုရေညှိရေမှော်များပေါက်နေတဲ့ရေတွေဟာ ကျိုချက်ပြီးသောက်ရင်တောင် အဆိပ်မပြေနိုင်တဲ့အထိပြင်းထန်ပြီး သောက်သုံးမိရင်လည်း အော့အန်ခြင်း၊ မူဝေခြင်း၊ လေငန်းဆွဲသလို အာရုံကြောများလေးလံထိုင်းမှိုင်းလာခြင်း၊ သတိမေ့ရောဂါတွေအပြင် အသက်သေနိုင်တဲ့အထိပါ ဖြစ်စေပါတယ်။
လေထုညစ်ညမ်းလာမှုရဲ့ဆိုးကျိုးတွေကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ အရေပြားဓာတ်မတည့်မှုတွေ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာစေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ PM 2.5 ကိစ္စဟာ ထိုင်းနိုင်ငံရဲ့ အရေးကြီးဖြေရှင်းရမယ့်ပြဿနာတခုဖြစ်နေပြီး နွေရာသီကာလရဲ့ ထပ်သီးသတင်းလည်းဖြစ်နေပါတယ်။ PM 2.5 ဆိုတာ Particulate Matter လို့အမည်ရတဲ့ လေထုထဲက အလွန်သေးတဲ့အမှုန်လေးတွေကို သူတို့ရဲ့အရွယ်အစား 2.5 micrometers နဲ့အတူ ယှဥ်တွဲခေါ်တဲ့အမည်ဖြစ်ပါတယ်။ ထိုအမှုန်လေးတွေ ဘယ်ကဖြစ်လာလဲဆိုရင် ဓာတုဓာတ်ငွေ့၊ ဖုန်မှုန့်၊ မီးခိုး နဲ့ တခြားအစိုင်အခဲ ဓာတ်ငွေ့ ရေငွေ့တွေပေါင်းစပ်ပြီး ဖြစ်ပွားလာတာပါ။ လူတွေရဲ့သာမာန်မျက်စိဟာ အနည်းဆုံး 0.1 millimeters (100 micrometers) ကို မြင်နိုင်စွမ်းရှိပါတယ်။ millimeters ဆိုတာ micrometers ရဲ့ အဆပေါင်းတစ်ထောင်ရှိပါတယ်။ PM 2.5 အမှုန်တွေဟာ မိုက်ခရိုစကုပ်နဲ့ကြည့်မှသာ မြင်နိုင်မယ့်အရွယ်အစားဖြစ်သွားပါပြီ။ ဒီအမှုန်တွေက အသက်ရှုလမ်းကြောင်းကတဆင့် သွေးကြောထဲကိုတိုက်ရိုက်ဝင်နိုင်စွမ်းရှိတာကြောင့် သူတို့သယ်ဆောင်ထားတဲ့ ဓာတုအဆိပ်တွေကို အဆုတ်ကစစ်ထုတ်ပေးဖို့ မစွမ်းသာတော့ပါဘူး။ အဲ့တော့ PM 2.5 အမှုန်တွေပါတဲ့လေကိုရူမိရင် နှာချေ၊ နှာရည်ယို၊ လည်ပင်းနာ၊ မျက်စိယားယံ၊ အသက်ရှုကျပ်တာတွေနဲ့ နှလုံးအမောဖောက်တဲ့အထိပါ ဆိုးကျိုးများစေပြီး ရေရှည်အဆုတ်ကင်ဆာဖြစ်နိုင်ခြေထိ ပြင်းထန်ပါတယ်။
အပူချိန်တိုးလာခြင်းကြောင့် ချွေးထွက်လွန်ခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း၊ မူးဝေအားနည်းလာခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ရုတ်တရပ်မြင့်တက်ခြင်း၊ အပူရှပ်ပြီးဖျားနာခြင်း၊ ခြေသလုံး လက်မောင်းကြွက်သားများ ရုတ်တရပ်အကြောဆွဲခြင်းတို့ဖြစ်နိုင်ပြီး ချွေးထွက်လွန်ခြင်းမှတဆင့် အရေပြားလောင်ကျွမ်းမှုဖြစ်ပြီး နီမြန်းခြင်း ယားယံ ခြင်းတို့ဖြစ်စေပါတယ်။ ထို့အပြင် အပူချိန်မြင့်တက်လာခြင်းနဲ့ လေထုရေထုညစ်ညမ်းလာခြင်းဟာ ကိုယ်ဝန်သည်များကိုလည်း ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားချိန်မှာကြုံရတဲ့ပြဿနာ Adverse Pregency Outcomes (APOs)တွေဖြစ်လာစေပါတယ်။ APOs ရဲ့ ဆိုးကျိုးတွေကတော့ လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ ကိုယ်လက်အင်္ဂါမစုံဘဲမွေးဖွားခြင်း၊ ကလေးမွေးဖွားစဥ် ကိုယ်ဝန်သည်သွေးပေါင်ချိန်ဆောင့်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြင်းနဲ့ ကလေးအသေမွေးဖွားနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
သစ်ပင်သစ်တောတွေနည်းပါးလာပြီး ပူအိုက်စိုစွတ်တဲ့ရာသီဥတုဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင် ယင်အပါအဝင် အခြားအင်းစက်ပိုးမွှားတွေရဲ့ ပေါက်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ထိုကူးစက်ရောဂါများမှာ ခြင်မှတဆင့်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါ (Malaria)၊ ဆင်တုတ်ကွေးရောဂါ (Chikungya)၊ သွေးလွန်တုတ်ကွေးရောဂါ (Dengue Fever)၊ ဇီကာဗိုင်းရပ်စ် (Zika) တို့ဖြစ်ပါတယ်။ ဆင်တုတ်ကွေးရောဂါကတော့ အဖျားတက်ခြင်း နှင့် ပြင်းပြင်းထန်ထန်အဆစ်အမြစ်ရောင်ခြင်း တို့ကို ဖြစ်စေပါသည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။ ဆင်တုတ်ကွေးရောဂါကို ကုသနိုင်မယ့်ဆေးကိုတော့ ၂၀၂၃ နိုဝင်ဘာလမှ U.S Food and Drug Administration က အတည်ပြုနိုင်ခဲ့သော်လည်း အသက်၁၈နှစ်နှင့်အထက် အရွယ်ရှိသူများအတွက်သာဖြစ်ပြီး ကလေးငယ်တွေအတွက် ဆေးမထုတ်လုပ်နိုင်သေးပါဘူး။ သွေးလွန်တုတ်ကွေးရောဂါကတော့ သာမန်တုပ်ကွေးရောဂါလို ဖျားနာတာ၊ နုန်းချိတာ၊ အစားအသောက်ပျက်တာ၊ ရုတ်တရက်သွေးလန့်လက္ခဏာဖြစ်တဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဇီကာဗိုင်းရပ်ကတော့ ခြင်ကျားကိုက်ခံရမှုမှတဆင့်ကူးစက်နိုင်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်းတို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၏ နောက်ဆက်တွဲအဖြစ် ကိုယ်၀န်ဆောင်မိခင်များမှာ ဦးနှောက်သေးငယ်သောကလေးများ မွေးဖွားခြင်းအပေါ် ဆက်စပ်မှုရှိမရှိ သုတေသနများပြုလုပ်နေကြပါတယ်။
~~~~
ရာသီဥတုဖောက်ပြန်ပျက်ဆီးမှုဟာ အနာဂတ်မှာ ဖြစ်မဖြစ် ငြင်းခုံရမယ့်ယုံတမ်းမဟုတ်တော့ဘဲ ကျွန်မတို့အားလုံး ယခုလက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ဖြေရှင်းရမယ့်ကိစ္စဖြစ်နေပါပြီ။ ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘတွေနဲ့ စစ်ပွဲတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။ ကမ္ဘာကြီးဟာ သူ့ရဲ့အဆင်မပြေမှု မနိုင်ဝန်ထမ်းထားရမှုတွေကို ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖြစ်ရပ်တွေနဲ့ ဖော်ပြနေတာ အချက်ပြနေတာလို့ ကျွန်မတို့နားလည်လို့ရပါတယ်။ ဂေဟစနစ်ထဲက လူသားဟာ သဘာဝကို ကျော်လွန်ပြီး ကြာကြာရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ လူသားတွေရဲ့ အရေးကြီးဆုံး အသက်ရှင်သန်မှုနဲ့ နေထိုင်ရပ်တည်မှုကို ထိခိုက်လာစေတဲ့ ဥတုအရေးဟာ လူသားတွေကိုယ်တိုင်ပဲ ဖြေရှင်းရမှာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုကို လျော့ကျဖို့၊ ဖြေရှင်းဖို့ ကျွန်မတို့တွေ ဘယ်လိုနည်းနဲ့ ၀ုိင်း၀န်းအဖြေရှာကြမလဲ၊ ဘယ်လိုတွေစုပေါင်းပါဝင်ကြမလဲ အတူစဥ်းစားဖို့၊ အတူဝိုင်းလုပ်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။
ရွှေသင်း
ကိုးကား
https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue
https://www.who.int/news-room/fact-sheets/detail/climate-change-and-health
https://www.who.int/news-room/fact-sheets/detail/climate-change-and-healthhttps://www.cleanairresources.com/resources/what-is-pm-2-point-5-and-why-does-it-matter(PM 2.5 - What does it mean, and why does it matter?)
https://www.cdc.gov/parasites/crypto/illness.html (Parasites - Cryptosporidium (also known as "Crypto")
https://www.ipcc.ch/report/ar6/wg2/downloads/outreach/IPCC_AR6_WGII_FactSheet_Health.pdf

No comments:
Post a Comment