Saturday, June 10, 2023

ကျွန်တော်တို့၏နာမည်အမှန်များ

ဆန့်ကျင်ဘက်နှစ်ဘက်ကို ရူမြင်သုံးသပ်ပြီး လူ့အဖွဲ့အစည်းရဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေဟာ ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံစားစေနိုင်ဖို့ပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုလေးဟာ ပမာဏသေးငယ်နေပါစေ၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုတိုင်းဟာ လူ့အဖွဲ့အစည်းအတွက် တထောင့်တနေရာမှာ အကျိုးဖြစ်ထွန်းတယ်ဆိုတာ မှတ်ယူစေနိုင်ဖို့ပါ။ ဒါကြောင့် အကောင်းဘက်ကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းမှာသာ ငါတို့ပါဝင်ပတ်သတ်​နေတာ မဟုတ်ဘဲ အဆိုးဘက်ကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းဟာလဲ ငါတို့နဲ့ အများကြီးသက်ဆိုင်တယ်၊ ငါတို့မှာ တာဝန်ရှိတယ်ဆိုတာ နှလုံးသွင်းနိုင်စေဖို့ပါ။

ဆရာ သစ်နော့ဟန် ရဲ့ Please Call Me by My True Name (ကျေးဇူးပြုပြီး ကျွန်တော့်နာမည် အမှန်နဲ့ခေါ်ကြပါ) ကဗျာလေးအကြောင်းကို ဆရာတာ ဘာသာပြန်ရေးဆိုထားတာလေးရှိပါတယ်။

ဗီယက်နမ်စစ်ပွဲကြီးပြီးနောက်မှာ ဒုက္ခသည်စခန်းမျိုးစုံက ကြေကွဲဖွယ်စာတွေရောက်တယ်တဲ့။ အဲ့စာထဲမှာ လှေနဲ့ထွက်​ပြေးရင်း ပင်လယ်ဓားမြတွေရဲ့ အဓမ္မမုဒိမ်းကျင့်တာခံရပြီး ရေထဲခုန်ချရင်း ကိုယ့်ကိုအဆုံးစီရင်သွားတဲ့ အသက် ၁၂နှစ်အရွယ် ကောင်မလေးတယောက်ရဲ့ ဖြစ်ရပ်လည်းပါလာတယ်။ အဲ့သတင်းမျိုးကြားရင် ကျုပ်တို့ဟာ ​ဓားမြကို ဒေါသထွက် ရွံရှာစက်စုပ်မှာအမှန်ပါပဲ။ ဒါမယ့် သတိပဌာန် အားထုတ်နေတဲ့ ဆရာ သစ်နော့ဟန် က ဒီကိစ္စကို နက်နက်ရှိုင်းရှိုင်းထိ ရောက်အောင်ကြည့်မယ်ဆိုရင်တော့ တမျိုးမြင်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ဟာ ဒီဓားမြလို ဘဝမျိုးနဲ့ ဓားမြရွာမှာမွေး၊ အဲ့မှာဓားမြလိုပဲ ကြီးပြင်းလာမယ်ဆို ကျုပ်တို့လည်း ဓားမြဖြစ်ဖို့ သေချာလို့ပါပဲ။ ဒီအခြေအနေအတွက် ကျုပ်တို့လူ့အဖွဲ့အစည်းရဲ့ ကျောင်းဆရာတွေ၊ လူမှုရေးလုပ်သားတွေ၊ နိုင်ငံရေးသမားတွေ၊ အခြားသူတွေဟာ တခုခုမလုပ်ရင်တော့ နောက်၂၅ နှစ်ကြာရင် ဒီလူ့အဖွဲ့အစည်းရဲ့ မျိုးဆက်တဆက်ဟာ ပင်လယ်ဓားမြတွေ ဖြစ်လာဖို့ အသေအချာပါပဲတဲ့။ ဒါကြောင့် လူ့အဖွဲ့အစည်းတခုရဲ့ ဖြစ်လာမယ့်အကျိုးဆက်တိုင်းမှာ ကျုပ်တို့အားလုံးရဲ့ တာဝန်တွေဟာ အနည်းနဲ့အများဆိုလို ပါဝင်ပတ်သတ်နေပါတယ်လို့ ဆိုလိုတာပါ။

ဒါကြောင့် ဆရာ သစ်နော့ဟန်က ဒီကဗျာလေးကိုရေးပါတယ်။ ကဗျာထဲမှာ လူသုံးယောက်ပါပါတယ်။ ၁၂နှစ်အရွယ်ကလေးမလေး၊ ပင်လယ်ဓားမြ နဲ့ ကျွန်တော်ပါတဲ့။ ဆရာတာဘာသာပြန်ဆိုရေးသားထားပါတယ်။

"ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန်တွေနဲ့ ခေါ်ကြပါ"

~ မနက်ဖြန် ကျွန်တော်မရှိတော့ဘူးရယ်လို့ မပြောကြနဲ့ ဒီကနေ့ထိ ကျွန်တော် ရောက်လာနေတုန်းမို့။ အသေအချာကြည့်စမ်းပါ စက္ကန့်တိုင်း ကျွန်တော်ရောက်လာတာ နွေဦးသစ်ကိုင်းပေါ်က အဖူးကလေးတစ်ခုပါ အကောင်ပေါက်စ ငှက်ကလေးတစ်ကောင်ရယ်ပါ အသိုက်သစ်မှာ သီချင်းဆိုသင်ဖို့ရာ ပန်းတစ်ပွင့်ရဲ့ နှလုံးသားထဲက ပိုးတုံးလုံးတစ်ကောင် ကျောက်တုံးတစ်တုံးထဲ ပုန်းနေတဲ့ ကျောက်မျက်ရတနာ။

~ ကျွန်တော် ရောက်လာတုန်းပဲ၊ ရယ်မောဖို့နဲ့ ငိုကြွေးဖို့ရယ် ကြောက်ဖို့နဲ့ မျှော်လင့်ဖို့ရယ် ကျွန်တော့်နှလုံးသား စည်းချက်က မွေးလာခြင်းနဲ့ သေဆုံးခြင်းပါ အသက်ရှိအားလုံး ဒီအတိုင်းပဲ မဟုတ်လားဗျာ။

~ ကျွန်တော်ဟာ မြစ်ရေပြင်ပေါ်က အသွင်ပြောင်းနေတဲ့ အင်းဆက် ပြီးတော့လည်း ကျွန်တော်ဟာ နွေဦးရာသီမှာ အဲသည် အင်းစက်ကိုစားဖို့ အချိန်မီရောက်တဲ့ငှက်။

~ ကျွန်တော်ဟာ ရေအိုင်တစ်ခုက ကြည်လင်နေတဲ့ရေထဲမှာ ပျော်ပျော်ကြီး ကူးနေတဲ့ဖား ပြီးတော့လည်း ကျွန်တော်ဟာ အဲ့သည်ဖားကို ငြိမ်ငြိမ်လေးမျိုနေတဲ့ မြက်လျှောမြွေပါ။

~ ကျွန်တော်ဟာ အရိုးပေါ်အရေတင် ယူဂန္ဓာက ကလေး ကျွန်တော့်ခြေထောက်တွေ ဝါးတူတွေလို ပိန်လှီတာ ပြီးတော့လည်း ကျွန်တော်ဟာ လက်နက်ကုန်သည်ရယ် ယူဂန္ဓာကို လက်နက်ရောင်းနေတာ။

~ ကျွန်တော်ဟာ ၁၂နှစ်သမီး ကောင်မလေး လှေငယ်တစ်စင်းပေါ်က ဒုက္ခသည်ရယ် ပင်လယ်ဓားမြတစ်ယောက်က မုဒိမ်းကျင့်တာကြောင့် ပင်လယ်ထဲခုန်ချခဲ့တယ် ပြီးတော့လည်း ကျွန်တော်ဟာ ပင်လယ်ဓားမြရယ် နှလုံးသားမှာ သိမြင်ဖို့နဲ့ ချစ်ခင်ဖို့ မတတ်နိုင်တဲ့သူပါ။

~ ကျွန်တော်ဟာ ပေါလစ်ဗျူရိုကြီး အာဏာတွေ အများကြီးနဲ့ပ ပြီးတော့လည်း ကျွန်တော်ဟာ ကျွန်တော့်လူတွေအတွက် သွေးကြေးပေးဆပ်ဖို့ ရဲဘက်စခန်းမှာ တဖြည်းဖြည်း သေနေတဲ့သူပါ။

~ ကျွန်တော့်အပျော်အရွှင်က နွေဦးလို နွေးနေတာ ကမ္ဘာမြေအနှံ့ ပန်းတွေပွင့်အောင်လုပ်မှာ ကျွန်တော့်အနာအကျင်ကတော့ မျက်ရည်မြစ်ကြီးပေါ့ သမုဒ္ဒရာလေးစင်း ပြည့်သွားမှာ။

~ ကျေးဇူးပြုလို့ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန်ခေါ်ကြပါဗျာ ဒါမှသာ ကျွန်တော့်ငိုသံနဲ့ ရယ်သံကို ချက်ချင်းကြားနိုင်မှာ ဒါမှသာ ကျွန်တော့်အပျော်အရွှင်နဲ့ အနာအကျင်ဟာ တခုတည်းဖြစ်ကြောင်း ကျွန်တော်သိမှာ။

~ ကျေးဇူးပြု၍ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန် ခေါ်ကြပါဗျာ ဒါမှသာ ကျွန်တော်နိုးလို့ ကျွန်တော့်နှလုံးသားတံခါး ပွင့်နိုင်မှာ အကြင်နာ တံခါးပါ။

ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည် အမှန်တွေနဲ့ ခေါ်ကြပါ ကိုတာ ဆောင်းပါးမှ 22 Jan 2022

Friday, September 9, 2022

နိဗ္ဗာန်ရောက်ကြောင်းတရား

ယခုဖော်ပြမည့် အင်တာဗျုးမှာဆို Yuval ကို မေးမြန်းသူက ဘယ်တော့မှမပျော်သောလူကြီးမင်း (Mr. Never Happy) လို့ နာမည်ပေးလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နဲ့ လူမှုအဖွဲ့အစည်း ဆင့်ကဲဖြစ်ပေါ်လာမှု (Evolution) ကို ဆိုးကျိုးဘက်ကနေ ထောက်ပြတာကြောင့် ဖြစ်ပါတယ်။ ယခုလိုမျိုး ကိန်းဂဏန်း အရေအတွက်တွေသာ တိုးပွားလာမှု (Growth) နဲ့ အရည်အသွေးဖွံ့ဖြိုးတိုးတက်လာမှု (Development) ကွဲပြားပုံကို ထောက်ပြတဲ့သူတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို မလိုလားတဲ့သူတွေလို့ စွပ်စွဲခံရပြီး လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ထုတ်ပယ်ခံရပါတယ်။

ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နောက်ပိုင်းမှာ စက်မှုတော်လှန်ရေး (Industrial Revolution) ပြီးတော့ ကမ္ဘာခြုံစနစ် (Globalization) တဆက်တည်း ဖြစ်ပေါ်လာပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တဟုန်တိုးဖြစ်လာပြီး လူတွေလည်း ဇိမ်ခံပစ္စည်းတွေ (Leisure facilities) နဲ့ အတော်များများ နေနိုင်လာကြပါတယ်။ နေနိုင်မှု၊ နေချင်မှုနောက်မှာလည်း ပိုက်ဆံနောက် အမောတကောလိုက်ရပါတော့တယ်။ ရုပ်ဝတ္ထုတွေတိုးပွားလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေကတော့ တဖြည်းဖြည်းယုတ်လျော့လာပါတယ်။ ပျော်ရွှင်မှုဆိုတာလည်း ဥစ္စာငွေကြေးပေါ်မှာပဲ မှီတည်လာပါတော့တယ်။

ယခုအင်တာဗျုးမှာ အစားအသောက်ဖူလုံရေးအတွက် ကြက်၊ဝက်၊ နွား မွေးမြူရေးလုပ်ငန်းတွေ တဟုန်ထိုးတိုးတက်လာတာဟာ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတွေထဲမှာ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုဆိုတဲ့အချက်ကို Yuval က ပြန်လည်ချေပထားတာဖြစ်ပါတယ်။ ကြက်၊ ဝက်၊ နွား အကောင်ရေတိုးပွားလာဖို့ လူတွေဟာ သက်ရှိတို့ရင်ဆိုင်ရတဲ့ အရက်စက်ဆုံးနည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မွေးကင်းစအကောင်ပေါက်လေးတွေကို မွေးပြီးချင်း မိခင်နဲ့ခွဲထားတယ်။ တစ်ကိုယ်စာပဲလှုပ်ရှားလို့ရတဲ့ လှောင်အိမ်ကျဥ်းကျဥ်းလေးတွေထဲမှာထားတယ်။ ကိုယ်ဝန်ဆောင်ကာလမြန်ဖို့ နည်းပညာတွေနဲ့ သားဖောက်တယ်။ နွားနို့တွေကို နွားကောင်ပေါက်ငယ်တွေ လုံးဝမသောက်ရဘဲ လူတွေအတွက်လုံလောက်ဖို့ စက်တွေနဲ့ညစ်တယ်။ ဝက်တွေကို နှုတ်သီးဖဲ့ထားတယ်။ ဒါတွေဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်တွေပဲဖြစ်တယ်။

ဒီလိုဆိုတော့ ဘယ်လိုနည်းတွေနဲ့ ထုတ်လုပ်စားသောက်ကြမလဲ မေးစရာရှိလာပါတယ်။ ပိုလျှံတဲ့နေရာတွေမှာ သွန်ပစ်နေရပြီး၊ ငတ်ပြတ်တဲ့နေရာတွေမှာ ကုန်းကောက်စရာတောင်မရှိကြပါဘူး။ လူတွေက အတွေးအခေါ်ပိုင်းရာ (Head) ကို ဦးစားပေးလာတာနဲ့အမျှ ခံစားမှုပိုင်းဆိုင်ရာ (Heart) အပိုင်းမှာ ယုတ်လျော့လာတာကို Yuval က ထောက်ပြထားတာပါ။ ဖွံ့ဖြိုးမှုဆိုတာကို ဂဏန်းနဲ့တွေပဲ မကြည့်ဖို့၊ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်မှုနဲ့လည်း တိုင်းတာသင့်တယ်လို့ ဆိုလိုတာပါ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း နည်းပညာအသစ်တွေနဲ့ လူမှုအဆောက်အအုံတွေ၊ ဥပမာ-နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (Solar Energy) ကို အဆင့်မြှင့်တင်ဖို့ ကမ္ဘာ့စီးပွား‌ရေးအညွှန်းကိန်းရဲ့ ၂ရာခိုင်နှုန်းလောက်ကိုသာ ရင်းနှီးမြှုပ်နှံပြီး ဖြေရှင်းနိုင်ကြောင်းကိုလည်း Yuval က The Actual Cost of Preventing Climate Breakdown TED video မှာ ရှင်းပြထားပါတယ်။ လူတွေရဲ့ လုပ်ရပ် (Behavior) နဲ့ အတွေးအခေါ် (Thinking) တွေပြောင်းနိုင်ဖို့ကို နိုင်ငံရေးသမားတွေ (Politicians) မှာ တာဝန်ရှိတယ်ဆိုတာလည်း ပြောပြထားတယ်။ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေက လွဲချော်နေမှတော့ နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲ ပုံ‌ဖော်မှုတွေလည်း လွဲမှားလာကြောင်း ထောက်ပြထားတာပါ။ သူပြောဆိုချက်က ရှင်းပါတယ်။ “နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း ပြောင်းလဲပုံဖော်မှုမှာ အံ့ဩဖွယ်ရာဖြစ်ရပ်တွေ မလိုပါဘူး။ စနစ်တကျနဲ့ ဇွဲရှိရှိ စည်းရုံးမှုသာ လိုအပ်ပါတယ်။" (It doesn't require miracle. It just require determined organization.)

The Economist Journal ရဲ့ The pandemic is plunging millions back into extreme poverty. ဆောင်းပါးမှာလည်း “ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အထောက်အကူပြုဖို့အတွက် နိုင်ငံတကာ ကြွေးမြီပြန်ဆပ်ရမယ့် ကိစ္စရပ်တွေကို ရပ်ဆိုင်းပေးထားကြပါတယ်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အယူအဆအရ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း တစ်နေ့ကို အနည်းဆုံး ၁.၉၀ ဒေါ်လာထက် ပိုရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက ရတဲ့ ငွေကြေးတွေဟာ အဲဒီပမာဏထက် နှစ်ဆလောက်တောင် ပိုပြီး လွှမ်းခြုံပေးနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဆိုလိုတာက ယခုလက်ရှိရင်ဆိုင်နေရတဲ့ ကြီးကြီးမားမားပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ အရင်းအမြစ်တွေက ရှိနှင့်ပြီးသားပါ။ အထူးသဖြင့် ထိပ်သီးပိုင်းခေါင်းဆောင်တွေရဲ့ ခံယူချက်နဲ့ စဥ်းစားတွေးခေါ်ပုံ စတဲ့ အစ္ဇျတ္တပိုင်းဆိုင်ရာပြုပြင်မှုကို ထောက်ပြထားတဲ့အတွက် Professor Yuval Noah Harari ရဲ့ The Pillars of Civilization စာအုပ်ထဲက အင်တာဗျူးအကြောင်းအရာကို နိဗ္ဗာန်ရောက်ကြောင်းတရားလို့ပဲ တင်စားလိုက်ပါတယ်။

မေးမြန်းသူ (Interviewer): ကျွန်တော်တို့ လက်ခံရမှာတစ်ခုက တခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကို ကြည့်ပြီး မပျော်ရွှင်နိုင်တဲ့သူတွေ အမြဲရှိနေတာပါပဲ။ အခုဆိုရင် အမြဲတမ်း နိမိတ်မကောင်းတာတွေပဲ ဟောကိန်းထုတ်လေ့ရှိတဲ့ (Cassandras) ထဲက နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စကားပြောခွင့်ပေးချင်ပါတယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ သဘာဝကျကျပါပဲ။ ယခု ကျွန်မ တွေ့ဆုံမေးမြန်းမည့်သူကတော့ “ဘယ်တော့မှ မပျော်ရွှင်နိုင်သူ” လို့ တင်စားရမယ့် ပုဂ္ဂိုလ် Professor Yuval Noah Harari ပဲ ဖြစ်ပါတယ်။ မင်္ဂလာပါ ပါမောက္ခ...

Yuval: အင်... မင်္ဂလာပါ။

Inter: ပါမောက္ခ Harari ရှင့်။ ကြက်တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုကို ဘာလို့ ဂုဏ်မပြုချင်ရတာပါလဲ?

Yuval: ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အောင်မြင်မှုကို တိုင်းတာတဲ့ပုံစံက အဓိပ္ပာယ်မရှိလို့ပါ။ ခင်ဗျားတို့က DNA ပွားနိုင်တဲ့ အရေအတွက်ပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်နေကြတာ၊ သက်ရှိတစ်ဦးချင်းစီရဲ့ ဆင်းရဲဒုက္ခ ဒါမှမဟုတ် ပျော်ရွှင်မှုကို ထည့်မတွက်ကြဘူး။ ဒီသနားစရာ သတ္တဝါလေးတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သမျှ သက်ရှိတွေထဲမှာ အဆိုးရွားဆုံး ဒုက္ခရောက်နေကြတဲ့သူတွေပဲ။ ကျွန်တော့်အမြင်အရတော့ ဒါကို အောင်မြင်မှုဇာတ်လမ်းလို့ မမြင်နိုင်ပါဘူးခင်ဗျ။

Inter: လူကြီးမင်းက ကောင်းတဲ့ဘက်ခြမ်းကို ကြည့်ဖို့ ငြင်းပယ်နေတာ မဟုတ်လားရှင့်။

Yuval: လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီသနားစရာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သက်တမ်းကိုပဲ ကြည့်လိုက်ပါ။ ကြက်တွေကိုဆိုရင် အသက် ၈ ပတ်တောင်မပြည့်ခင် သတ်ပစ်ကြတာ များတယ်။ နွားကလေးတွေကိုလည်း ၁ နှစ်၊ ၂ နှစ်ဆိုရင် အသားပေါ်ကြပြီ။ တကယ်တော့ တောထဲမှာဆိုရင် ကြက်တစ်ကောင်ရဲ့ သက်တမ်းက ၁၀ နှစ်၊ နွားတစ်ကောင်က ၂၅ နှစ်လောက်အထိ နေရမှာပါ။

Inter: ၈ ပတ်လောက် ရှင်သန်ရတာလည်း မဆိုးဘူး မဟုတ်လားရှင့်? စီးပွားရေးအမြင်အရဆိုရင် ဒါက သူတို့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။ ၂ လလောက်နဲ့ အလေးချိန် အများဆုံး ရနေပြီပဲဟာ။ ဘာလို့ ကြက်ဖတစ်ကောင်ကို ၁၀ နှစ်လုံးလုံး အစာကျွေးထားရမှာလဲ? ဒါက ရယ်စရာကြီးပဲလေ။ ရှယ်ယာရှင်တွေလည်း ဒါကို ကြိုက်မှာမဟုတ်ဘူး။

Yuval: နားထောင်ပါဦးခင်ဗျ။ တိရစ္ဆာန်တွေကို အိမ်မွေးဖြစ်အောင် လုပ်တာဟာ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ အခြေခံထားတာပါ။ ရာစုနှစ်တွေ ကြာလာလေလေ ပိုပြီးတော့တောင် ရက်စက်လာလေလေပါပဲ။ ရှေးခေတ် စိုက်ပျိုးရေးခြံတွေမှာ အခြေအနေဆိုးခဲ့သလောက် အခုခေတ်မှာ ပိုပြီးတော့တောင် ဆိုးနေပါပြီ။ အလွန်ခေတ်မီတဲ့ စက်မှုလုပ်ငန်း နေရာအချို့မှာဆိုရင် နွားကလေးတွေကို မွေးပြီးတာနဲ့ မိခင်ဆီကနေ ချက်ချင်း ခွဲထုတ်ပစ်လိုက်တယ်။ ပြီးရင် နွားတစ်ကောင်ချင်းစီကို သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားထက် မသိမသာလေး ပိုကြီးတဲ့ လှောင်အိမ်သေးသေးလေးတွေထဲ ထည့်ပိတ်ထားလိုက်တယ်။ နွားကလေးက သူ့ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ နေရတာ။ အဲဒီလှောင်အိမ်ထဲကနေ ဘယ်တော့မှ ထွက်ခွင့်မရဘူး။ တခြားနွားကလေးတွေနဲ့ ဆော့ကစားတာမျိုး၊ ခုန်ပေါက်ပြေးလွှားတာမျိုးလည်း ဘယ်တော့မှ ခွင့်ပြုခြင်းမခံရဘူး။

Inter: ဒါပေါ့ရှင့်၊ တကယ်လို့ သူတို့ ပြေးလွှားဆော့ကစားရင် ကြွက်သားတွေ တောင့်တင်းသွားမှာပေါ့။ အဲဒီအခါကျရင် စားသုံးသူတွေက သူတို့စားတဲ့ အမဲသား (Steak) က မနူးညံ့ဘူးဆိုပြီး ညည်းကြလိမ့်မယ်လေ။

Yuval: အဲဒီနွားကလေးအတွက် လမ်းလျှောက်ဖို့၊ ကြွက်သားတွေ ဆန့်ထုတ်ဖို့နဲ့ တခြားနွားတွေနဲ့ အတူရှိဖို့ ရတဲ့ တစ်ခုတည်းသော အခွင့်အရေးက သားသတ်ရုံကို သွားတဲ့ လမ်းမှာပဲရှိတယ်။

Inter: ဒါပေမဲ့ ပါမောက္ခရှင့်၊ ဆင့်ကဲဖြစ်စဉ် (Evolutionary) အမြင်အရဆိုရင် နွားတွေဟာ အောင်မြင်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲလေ။ ကျွန်တော်တို့ရဲ့ “DNA အများဆုံး ပွားနိုင်တဲ့ တိရစ္ဆာန်” ပြိုင်ပွဲမှာဆိုရင် နွား၊ ဝက်နဲ့ ကြက်တွေက အမြဲတမ်း ဆုတံဆိပ် စင်မြင့်ပေါ်မှာ ရှိနေတာပဲ မဟုတ်လား။

Yuval: ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဒုက္ခခံစားရတဲ့ တိရစ္ဆာန်ပြိုင်ပွဲသာ ရှိမယ်ဆိုရင်လည်း နွား၊ ဝက်နဲ့ ကြက်တွေကပဲ ဆုတံဆိပ်အားလုံးကို သိမ်းကျုံးယူသွားပါလိမ့်မယ်။

ရွှေသင်း

References

Sapiens: A Graphic History, Volume 2: The Pillars of Civilization by Yuval Noah Harari (Page 55)

Yuval Noah Harari: The Actual Cost of Preventing Climate Breakdown | TED

The Economist - The pandemic is plunging millions back into extreme poverty

Thursday, August 25, 2022

"ခေတ်နောက်ပြန်ဆွဲတဲ့သူတွေ"

"ခင်ဗျားတို့ကခေတ်နောက်ပြန်ဆွဲနေကြတဲ့သူတွေပဲ" ဆိုတာ ဖွံဖြိုးတိုးတက်ရေးသမားတွေကြားမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကို အမြဲပြောနေကြစကားတခွန်းပေါ့။ အခြေအနေနဲ့အချိန်အခါအရ ကောင်းကွက်ဆိုးကွက် ယှဥ်တွဲနေကြစမြဲပါ၊ ခေတ်နောက်ပြန်ဆွဲတယ်ဆိုတာ ကိုယ့်ရဲ့ဘိုးစဥ်ဘောင်ဆက်တွေ ကျင့်ကြံခဲ့တဲ့နည်းလမ်းတချို့ကို ကိုးကားပြီး ပြန်လည်ကျင့်သုံးတဲ့သဘောပါပဲ၊ ဘိုးဘွားတွေမှာ ရေရှည်အတွက်မျှော်ကိုးပြီး ဖူလုံမှုရှိရမယ်၊ မျှဝေရမယ်ဆိုတဲ့ ခံယူချက်အသိဉာဏ်တွေရှိခဲ့ကြတယ်၊ ကိုယ်ပိုင်ဖူလုံမှုကနေ အနီးအနားပတ်ဝန်းကျင်ကို ဆင်းသက်စေတယ်၊ ဒီနည်းလမ်းတွေဟာ စိတ်နှလုံးကို အမြဲချမ်းမြေ့စေတာချည်းပဲ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတွေဟာ ဒေသတွင်းချိတ်ဆက်လုပ်ကိုင်မှု အကျိုးများပုံကို ထောက်ပြခဲ့ကြပါတယ်၊ ဒါဟာ အခြေခံကျပြီး ရိုးရှင်းတဲ့နည်းလမ်းဖြစ်သလို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အပျက်အစီးအဆုံးအရှုံးနည်းစေပါတယ်။ ယခုလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ကပ်ဘေးတွေကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိဖြေရှင်းနိုင်တဲ့နည်းလမ်းက ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လက်လှမ်းမှီသလောက်စိုက်ပျိုးပြီး ဝေငှစားသုံးခြင်းပဲ၊ ဝယ်မရတော့ စိုက်စားတယ်ဆိုတဲ့သဘောပေါ့။ ဆိုလိုချင်တာက ထမင်းတနပ်စာအတွက် လူတွေဟာ မူဝါဒတွေ တနိုင်ငံလုံးဆိုင်ရာစီမံကိန်းတွေကို မစောင့်နေနိုင်ဘူးလို့ပြောချင်တာ၊ အဲ့တော့ ကိုယ်ပိုင်မြေမှာစိုက်စားပျိုးစား၊ ရှားပါးသူတွေနဲ့အတူ ဝေမျှစားသောက်ကြတော့ အရင်ကမရရှိခဲ့တဲ့ အစားအသောက်ဘေးကင်းစိတ်ချမှုတွေ၊ လူတွေအချင်းချင်းချိတ်ဆက်မှုတွေရလာတယ်။ ဒီနည်းလမ်းတွေဟာ လူ့အဖွဲ့အစည်းကို ရေရှည်ခိုင်မာစေတဲ့လမ်းစဥ်တွေဖြစ်လို့ အကျပ်အတည်းကြားမှာတောင် လူတွေကို ကြံ့ကြံ့ခံနိုင်စေတယ်။

တခါတော့ ဖွံ့ဖြိုးရေးနယ်ပယ်ကမိတ်ဆွေတယောက်နဲ့ စကားဆက်စပ်မိရင်း၊ "ဒီအာဏာသိမ်းမှုဖြစ်စဥ်မှာ ကောင်းကွက်ဘက်ကကြည့်ရင် လူ့အဖွဲ့အစည်းအတွင်းချိတ်ဆက်မှုအားကောင်းလာပြီး ကိုယ့်ဒေသပတ်ဝန်းကျင်ကို အာရုံပိုစိုက်လာနိုင်တယ်နော်" လို့ပြောမိတယ်၊ အဲ့ချိန်မှာသူထပြောတာက "ဒါဟာ စစ်ကောင်စီက ပြောတဲ့လမ်းစဥ်ဖြစ်မနေဘူးလား၊ ပြင်ပထုတ်ကုန်သွင်းကုန်တွေ အားနည်းလာမှာမို့ ကိုယ့်ဘာသာ ဆီအုန်းစိုက် စပါးစိုက်ပြီး ဖူလုံအောင်လုပ်ကြလို့ပြောသလိုပေါ့" လို့ဆိုတယ်။ ဒီနည်းလမ်းတွေဟာ နိုင်ငံတခုရဲ့ စီးပွားရေးတိုးတက်မှုရှုထောင့်ကကြည့်ရင် တော်ရုံလက်ခံနိုင်တဲ့အချက်တွေမဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကလည်း နိုင်ငံကိုစီမံအုပ်ချုပ်ချင်တဲ့သူအနေနဲ့ ထိုစကားပြောခြင်းဟာ ယခုလက်ရှိနိုင်ငံတကာကျင့်သုံးနေတဲ့ စီးပွားရေးတိုးတက်မှုအညွှန်းကိန်းတွေကို လျစ်လျူရှုပြီး ဉာဏ်အတိမ်နဲ့ ပြောချင်တာပြောလိုက်တဲ့ လက်လွတ်စပယ်စကားလို့ပဲ ယူဆမိပါတယ်။ စားနပ်ရိက္ခာဖူလုံရေးနည်းနာ၊ အစားအစာလုံခြုံစိတ်ချ၊ နိုင်ငံတွင်းစိုက်ပျိုးသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ အရည်အချင်းတွေတိုးတက်လာရေး၊ ပြည်တွင်းထုတ်ကုန်အားကောင်းလာရေး စတဲ့ အပေါင်းလက္ခဏာဆောင်တဲ့အရေးတွေကိုရှေးရှုပြီးပြောတဲ့စကားမဟုတ်တာတော့ သေချာပါတယ်။ ဒီတော့ အထက်ပါလမ်းစဥ်ဟာ ယခုအများလက်ကိုင်ထားကြတဲ့ စီးပွားရေးတိုးတက်မှုဘက်ကကြည့်မယ်ဆို နှာခေါင်းရှုတ်နိုင်စရာရှိပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ ထိုအညွှန်းကိန်းတွေသည် ရေရှည်မတည်တံ့၊ အနုတ်ဘက်ဆောင်တာဖြစ်ကြောင်း ပြောပြညွှန်ပြခဲ့ပါတယ်။

ခေတ်ရှေ့ပြေးတဲ့နည်းပညာနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ သဘောထားကို မကန့်ကွက်လိုပါ။ အချိန်အလုံအလောက်မရှိတော့တာရယ်၊ ပြန်လည်ပြုပြင်ရမယ့် အရေအတွက်ပမာဏများတာရယ်ကြောင့် နည်းပညာသည်လည်း အဖြေတခုဖြစ်မယ်ဆိုတာ လက်ခံပါတယ်၊ ဒီနည်းလမ်းတွေသည်သာ အနာဂတ်မှာ ပိုမိုအားကောင်းလာမယ်လို့လည်းယုံကြည်ပါတယ်။ အပျက်အဆီးကိုဖာတေးရတာဟာ မဖျက်ဆီးအောင်လုပ််ရမယ်ဆိုတဲ့အချက်ထက် ပိုလွယ်ကူပါတယ်၊ ပိုမြန်ဆန်ပါတယ်။ ဆရာမတယောက်ဆွေးနွေးပေးသလို "နည်းပညာထက်ကျော်လွန်တဲ့အရာတွေကိုလည်း စဥ်းစားဖို့လိုတယ်" လို့ပြောတဲ့အချိန်မှာ ကျွန်မတို့ဟာ နည်းပညာနဲ့တကွ ရေရှည်ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဉာဥ်နဲ့ ရှေ့ဆက်ရပါမယ်။ ယခုအစားအသောက်ဖူလုံရေးကိစ္စစဥ်းစားမိတော့ မိမိတို့ဝမ်းစာအတွက် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များတဲ့ မြေနေရာပတ်ဝန်းကျင်မှာနေထိုင်သူတွေဟာ မြို့ပြနေထိုင်သူတွေထက်ပိုပြီးခံသာတာကို တွေ့ရပါတယ်။ ဒေသတွင်းမှာ စပါးစိုက်တဲ့တောင်သူတွေ၊ တနိုင်တပိုင်စိုက်ပျိုးမွေးမြူနိုင်တဲ့သူတွေဟာ ကုန်ထုတ်စက်ရုံပိုင်ရှင်တွေထက် ပိုပြီးအရေးပါလာပါတယ်။

ဆိုလိုချင်တာက ခေတ်နောက်ပိုင်းဆွဲတယ်လို့ယူဆကြတဲ့နည်းလမ်းတချို့ရဲ့ အနစ်သာရတွေဖြစ်တဲ့ အစားအသောက်ထုတ်လုပ်မှုတွေမှာ ကိုယ်ပိုင်ဖူလုံမှုကိုဦးစားပေးတတ်တာ၊ ကိုယ့်အနီးအနားအသိုင်းအဝိုင်းကိုမျှဝေတတ်တာ၊ အရေအတွက်ထက် အရည်အသွေးကို ပိုရှေးရှုလာတာ၊ အပျက်အစီးတွေရဲ့သဘောကိုနားလည်လာတာပါပဲ။ ဒီအချက်တွေဟာ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ပိုဖန်တီးပေးနိုင်ပြီး အကျပ်အတည်းတွေကြားမှာတောင် ကြံ့ကြံ့ခံနိုင်စေတဲ့ ရေရှည်တည်တံ့စေမှုပါ။ ခေတ်နောက်ပြန်ဆွဲနေတာမဟုတ်ပါဘူး၊ ရေရှည်အတွက် အပြုသဘောပိုဆောင်တဲ့နည်းလမ်းတွေကို ထောက်ပြချင်ကြရုံပါ။

ရွှေသင်း

Monday, December 20, 2021

Environmental Kuznets Curve - Alas, this is a myth.

Kuzents သီအိုရီအရ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာလေလေ ဝင်ငွေမညီမျှမှု (income inequalities) လျော့ကျလာလေလေ လို့ သတ်မှတ်ပါတယ်။ အလားတူ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုလည်း လျော့ကျလာတယ်လို့ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က စီးပွားရေးပညာရှင်များ Gene Grossman နှင့် Alan Krueger တို့က ယူဆထားပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်အရေးအတွက် လွန်စွာ မေးခွန်းထုတ်စရာ သီအိုရီတခုပါ။

ပုံအရ မျဥ်းကွေးရဲ့အစမှာ ဝင်ငွေ (စီးပွားရေး) တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုအတိုင်းအတာလည်း မြင့်မားလာပါတယ်။ နိုင်ငံတခုဖွံဖြိုးတိုးတက်ဖို့အတွက် လမ်း၊ တံတား၊ အဆောက်အအုံ၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုံတိုးချဲ့မှု စတဲ့ အဆောက်အအုံတိုးတက်မှုကို အရင်ဦးတည်ကြပါတယ်။ ထိုသို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် (တောတောင်ရေမြေဇီဝမျိုးကွဲ) ဟာ ပြိုင်တူ ပျက်စီးဆုံးရှုံးလာရပါတယ်။ ဒီအချက်ဟာ ငြင်းပယ်လို့မရပါဘူး။ ကျွန်မတို့ဟာ ခေတ်မီလူနေမှုစနစ်နောက်ကိုလိုက်တာနဲ့ ကျွန်မတို့ ရုပ်ဝတ္ထုပစ္စည်းများစွာကို ပိုမိုပိုင်ဆိုင်လိုကြပါတယ်။ ဥပမာ- ဘတ်စ်ကားစီးတာထက် ကိုယ်ပိုင်ကားစီးတာကို ပိုနှစ်သက်ကြသလိုမျိုးပါ။ ပုံအရ အလယ် အမြင့်ဆုံးအမှတ် (turning point) မှာ စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းဖို့ အကူးအပြောင်းတခုဆီကို ဦးတည််တော့မယ်လို့ ဖော်ပြပါတယ်။ ပုံအရ နောက်ဆုံးအပိုင်း မှာ စီးပွားရေးတိုးတက်လာမှုနဲ့အမျှ နည်းပညာများအားကောင်းလာပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို လုပ်ဆောင်ကြမယ်လို့ ဖော်ပြပါတယ်။ ဝင်ငွေအားကောင်းလာသည်နှင့်အမျှ အော်ဂဲနစ်အစားအစာတွေကို ပိုမိုစားသောက်လာကြမယ်၊ လျှပ်စစ်ကားတွေ ဝယ်လာကြမယ်၊ လျှပ်စစ်ချွေတာတဲ့ အိမ်တွင်းနည်းပညာတွေ သုံးလာကြမယ်၊ စတဲ့ လုပ်ရပ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးဆုံးရှုံးလာမှုတွေဟာ လျော့ကျသွားမယ်လို့ ယူဆကြပုံပါ။

ဒါကြောင့် Grossman နဲ့ Krueger ဟာ အစိုးရတရပ်အနေနဲ့ စီးပွားရေးတိုးတက်မှု ကိုသာ အရင်ဦးတည်သင့်တယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှူံးမှုကို ထည့်တွက်နေစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဒီယူဆချက် သီအိုရီဟာ စိတ်ကူးယဥ်ဆန်မှု တရပ်သာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတွေဟာရုန်းကန်ရင်း အကန့်အသတ်သာရှိတဲ့သဘာဝအရင်းအမြစ်တွေဟာ ကုန်လုနီးပါးဖြစ်လာပြီး စက်မှုနည်းပညာတိုးတက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုပြဿနာများသာ ဖြေရှင်းဖို့ခက်ခဲလောက်အောင်ပမာဏကြီးထွားလာသည်ကိုသာ မြင်တွေ့ရပါတယ်။ ယခုလက်ရှိ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှု ကို ထိန်းသိမ်းလျော့ချဖို့ ဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံများဟု ယူဆရတဲ့ နိုင်ငံကြီးတွေ ကတိကဝတ်ပြုနေကြတဲ့ Paris Agreement ဟာ လက်တွေ့မှာ ဖြစ်ပွားနေတဲ့ သာဓကကောင်းကြီးတခုပါ။ ရုပ်ဝတ္ထုတွေဖွံ့ဖြိုးတိုးတက်လာသော်လည်း မှီတင်းရာ မိခင်ကမ္ဘာမြေ ပျက်စီးယိုယွင်းလာမှုကို အချိန်မှီ ပြုပြင်နိုင်ဖို့ အင်မတန်နောက်ကျနေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် နိုင်ငံတခု တည်ထောင်ဖို့ရာ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ဝေါဟာရကို ကနဦးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ အမှန်တကယ်လိုအပ်ပေတယ်။

Environment Kuznets Curve Alas, this is a myth.

ရွှေသင်း

Reference

Unsustainable Inequalities by Lucas Chancel

Monday, July 26, 2021

🩸 Washable Cloth Pads 🩸

ကျွန်မတို့ Washable Cloth Pads ကို အသုံးပြုဖို့ ဘာလို့ ညွှန်းကြတာလဲ?

ပလစ်စတစ်လျော့ချရေးနဲ့ အမျိုးသမီးကျန်းမာရေးအတွက် ညွှန်းပါတယ်။

♻️♻️♻️

Menstrual Cups နှင့် Washable pads တွေဟာ zero waste period products တွေပါ။ကျွန်မတို့ မြန်မာမိန်းကလေးအများစုသည် menstrual cups မပြောနဲ့ tampons တောင်မသုံးရဲကြပါဘူး။ ကျွန်မတို့ နယ်မြို့တွေဘက်မှာဆို cup တို့ tampon တို့ဆိုတာ ဝေါဟာရအရတောင်မကြားဖူးကြပါဘူး။ ဒီတော့ မြန်မာအမျိုးသမီးငယ်တို့ကြား အသုံးများတာက ဒီ pad ပါပဲ။

♻️♻️♻️

၂၀ရာစုအလယ်ပိုင်းမှာ ဒီ Plastic pad စသုံးလာကြတယ်။ Plastic pad တစ်ခုမှာ ပလက်စတစ်အလွှာ လေးလွှာအနည်းဆုံးပါ၀င်ပြီး Plastic Bag ၄ခုရဲ့ ပမာဏနဲ့အချိုးညီမျှပါတယ်။ အမျိုးသမီးလစဥ်သုံးပစ္စည်း တစ်ခု ဆွေးမြေ့နိုင်ဖို့အတွက် နှစ်ပေါင်း ၅၀၀ အချိန်ယူရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀မှာ အနည်းဆုံး လစဥ်သုံးပစ္စည်း (pads and tampons) ၅၀၀၀ ကနေ ၁၅၀၀၀ ကြား အသုံးပြုပါတယ်။ Marine Conservation Society ၏ စစ်တမ်းအရ ဗြိတိန်နိုင်ငံမှာ တနှစ် အမျိုးသမီးလစဥ်သုံးစွန့်ပစ်ပစ္စည်း 1.5 billion ကနေ 2 billion ကြား ​ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ကမ်းခြေတွေရဲ့ မီတာ၁၀၀ ၀န်းကျင်မှာ နေ့စဥ် အမျိုးသမီးလစဥ်သုံး စွန့်ပစ်ပစ္စည်း ၆ခု ၀န်းကျင် သောင်တင်နေတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ အိမ်သာမှတစ်ဆင့် စွန့်ပစ်ရင်လဲ Plastic Pad တွေရဲ့ Chlorine ပါ၀င်မှုဟာ မြေအောက်ရေ လမ်းကြောင်းကို ညစ်ညမ်းစေပြီး မီးရှို့ရင်လဲ ပလစ်စတစ်ကြောင့် အဆိပ်ငွေ့ပြောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် လူအများစုက အမိှုက်အဖြစ်စွန့်ပစ်ကြပြီး နောက်ဆုံးအမှိုက်တွေစုရာ ပင်လယ်သမုဒ္ဒရာထဲ ရောက်သွားပါတယ်။ Plastic အမျိုးမျိုးကြောင့် ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှု (Ocean Pollution) ဖြစ်နေတာတွေကို ပင်လယ်နေသတ္တ၀ါများရဲ့ ၀မ်းနည်းစရာ ပုံရိပ်တွေနဲ့တကွမြင်တွေ့နေရပါတယ်။

♻️♻️♻️

Plastic Pads တွေမှာ ပြုလုပ်ထားတဲ့ Plastic အမျိုးအစားက Polyethylene (PE) နဲ့ Polypropylene (PP) ဆိုတဲ့ ဓာတုပစ္စည်းအမျိုးမစားများ ဖြစ်ပါတယ်။ Polyethylene (PE) မှာ High Density နဲ့ Low Density ဆိုပြီး ၂မျိုးရှိပါတယ်။ High Density အမျိုးအစားက လုံး၀ပြန်သုံးလို့ရတဲ့ အထဲမပါ၀င်ပါဘူး။ နေရောင် သို့မဟုတ် အပူချိန်မြင့်ရင် ဓာတ်သဘောပြောင်းလဲပါတယ်။ Low Density အမျိုးအစားက ဆိုး၀ါးတဲ့ဓာထုတစ်မျိုးလို့ပြောလို့မရပေမယ့် butane, benzene နဲ့ vinyl acetate တို့ပါ၀င်ပါတယ်။

Polypropylene (PP) ကတော့အသုံးများတဲ့ ပလက်စတစ်အမျိုးအစားဖြစ်ပြီး အပူဒဏ်ခံနိုင်တာကြောင့် အစားအစာ၊ ကုန်ပစ္စည်းထုတ်ပိုးမှုတွေမှာ အများဆုံးသုံးပါတယ်။ ပြန်သုံးလို့ရတဲ့ ပလက်စတစ်အမျိုးအစားပါ။ ဒါပေမယ့် နှစ်မျိုးလုံးဟာ ပလက်စတစ်ဖြစ်တာကြောင့် ကျန်းမာရေးအရရော သဘာ၀ပတ်၀န်းကျင်အတွက်ပါ အကျိုးမများစေပါဘူး။

Plastic pad တွေကို အဖြူဖွေးရောင်ဖြစ်စေဖို့ အရောင်ချွတ်ဓာတ်ပစ္စည်းသုံးရပါတယ်။ အဲ့ဒီဓာတ်ပစ္စည်းတွေက မမျိုးပွားမှုကို ထိခိုက်စေနိုင်တဲ့အဆိပ် (Reproductive toxin) ဖြစ်တဲ့ toluene, xylene, carcinogen နဲ့ methylene chloride တို့ပဲဖြစ်ပါတယ်။

အမွှေးရနံ့တစ်ခုအတွက် ပါ၀င်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်းဟာ ၃၅၀၀ အထက်မှာရှိတယ်လို့ Chem Fatale Report အရသိရတယ်။ ဤဓာတုအမျိုးအစားတွေဟာ ကာစီနိုဂျင် (Carcinogens) ဆိုတဲ့ ကင်ဆာဖြစ်ပွားမှုအားပေးတဲ့ ဓာတ်ပစ္စည်း၊ ယားယံမှုကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်း (Allergens, irritants) နဲ့ အဒီနိုကရိုင်း ဆိုတဲ့ ဟိုမုန်းစနစ် ကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပစ္စည်း (endocrine-disrupting chemicals; EDCs) တွေပါပါတယ်။ Endocrine System ဆိုတာ ခန္ဓဗေဒအရ ဉီးနှောက်မှာရှိတဲ့ hypothalamus, pituitary gland, pineal gland၊ လည်ပင်းလမ်းကြောင်းမှာ ရှိတဲ့ Thyroid, parathyroid glands နဲ့ Thymus၊ မုန့်ချိုအိတ်(Pancreas)၊ ကျောက်ကပ်မှာရှိတဲ့ Adrenal Gland၊ မဥအိမ် (Ovary) ၊ ကိုယ်၀န်ဆောင်ချိန်မှာ သားအိမ်နံရံအတွက်အားဖြည့်ပေးတဲ့ သားအိမ် (Placenta) နဲ့ ဖိုဥအိမ် (Testicle) တွေမှာရှိတဲ့ ဟော်မုန်းတွေရဲ့ စနစ်တစ်ခုပါ။ EDCs တွေဟာ ရင်သားကင်ဆာ၊ မျိုးမပွားနိုင်ခြင်း (မြုံခြင်း) နဲ့ အခြား သားအိမ်လမ်းကြောင်းနာကျင်မှုရောဂါ (endometriosis) စသည်တို့ကိုဖြစ်ပွားစေပါတယ်။

♻️♻️♻️

Washable pads တွေဟာ Cotton နဲ့ PUL fabris လို့ခေါ်တဲ့ ဆွဲဆန့်နိုင်တဲ့ ရေစိမ့်မ၀င်မှုခံနိုင်ရည်ကောင်းတဲ့ ပိတ်စအမျိုးအစားနဲ့ချုပ်တာပါ။ ဒီ Reusable pads တွေဟာ လျှော်ရမှာ ကသိကအောက်ဖြစ်နိုင်ပါတယ်။ နေပူပူမှာမလှမ်းရင် မှိုစွဲနိုင်ပါတယ်။ သို့ပေမယ့် ကျွန်မတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်၀န်းကျင်မညစ်ညမ်းစေဖို့ ဒီလောက်ပမာဏတော့ အားစိုက်ထုတ်ရမယ်လို့ ထင်ပါတယ်။

ဒီ Reusable pads တွေဟာ စျေးကြီးပါတယ်။ ဒါဟာ လူသုံးမများတဲ့ ပစ္စည်းဖြစ်လို့ပါ။ အားလုံးတွင်တွင်ကျယ်ကျယ် အသုံးများလာရင် လက်လှမ်းမှီထုတ်ကုန် ဖြစ်လာမှာပါ။ ဒါကြောင့် တက်နိုင်တဲ့သူတွေက ရှေ့ဆောင်အားထုတ်ရမယ်လို့ ထင်ပါတယ်။

ကျွန်မတို့ အဖွားတွေ အမေတွေလက်ထက်မှာ အသုံးပြုခဲ့ကြတဲ့ ပိတ်စအသုံးပြုခြင်းနည်းလမ်းကို ကြားဖူးကြမှာပါ။ ကျွန်မတို့ အခုခေတ်လူငယ်တွေအတွက် အထူးသဖြင့် မြန်မာနိုင်ငံအတွက် ဒီပစ္စည်းဟာ အသစ်အဆန်းပါ။ လက်လှမ်းမမှီနိုင်လို့ အသုံးပြုခွင့်မရခဲ့ပါဘူး။ အခုက Brand ကို promote လုပ်နေတာမဟုတ်ပါဘူး။ အားလုံးကိုယ့်စိတ်တိုင်းကြိုက် အသုံးပြုနိုင်တဲ့အနေအထားပါ။ အရာရာတိုင်း အားနည်းချက်အားသာချက်က ရှိမြဲပဲ။

Bad Side တွေကို အရမ်းဖောင်ဖွဲ့ပြောနေကြလို့ Eco pad တွေရဲ့ ကောင်းကြောင်းေ၀မျှတာပါ။ ကျန်းမာရေးစောင့်ရှောက်ဖို့ နဲ့ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းဖို့ Washable cloth pads တွေက အကောင်းဆုံးထဲက တစ်ခုပါပဲ။

ရွှေသင်း

စာကြွင်း။ ရည်ညွှန်းတွေမထည့်တော့ပါဘူး။ Chemical အသုံးအနှုန်းတွေကို စိတ်၀င်စားရင်ရှာဖတ်စေလိုပါတယ်။

Sunday, December 27, 2020

သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ ကဏ္ဍ

ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ကဏ္ဍသည် မည်မျှလောက်အရေးပါသနည်း။ မည်သည့်ဖြစ်ရပ်များတွင် အမျိုးသမီးတို့အား ပြစ်တင်ရှုတ်ချနေကြသနည်း။ မည်သည့်လုပ်ရပ်များကို အမျိုးသမီးတို့၏ တာ၀န်သာဖြစ်သည်ဟု ပြောဆိုနေကြသနည်း။ အဆိုပါဆောင်းပါးသည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွင် မှေးမှိန်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ နှင့် ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ကဏ္ဍ ဟူ၍ အပိုင်း၂ခုဖြင့် ဆွေးနွေးတင်ပြထားခြင်း ဖြစ်ပါသည်။

မှေးမှိန်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ

ဂေဟစနစ် (Ecosystem) တွင် ဇီ၀မျိုးစုံမျိုးကွဲစုံလင်ခြင်း (Biodiversity) သည် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အမယ်စုံစိုက်ပျိုးခြင်း (Multicultural Agriculture) သည် ထိရောက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အရေးကြီးသော အမျိုးသမီးတို့၏ကဏ္ဍသည် မှေးမှိန်နေ၍ ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။

ယနေ့ခေတ်တိုင် မိသားစုတစ်စု၏ အိမ်မှုဝေယျာဝစ္စ ၇၅ရာခိုင်နှုန်းကို အိမ်သူအမျိုးသမီးများ ဦးစီးဆောင်ရွက်လျက်ရှိကြောင်း ActionAid UK စစ်တမ်းမှ ဖော်ပြထားသည်။ အိမ်တွင်းမှုတွင် ချက်ပြုတ်ရေးသည် အရေးပါသော အရာတစ်ခုဖြစ်ပြီး အိမ်သူအများစု၏ လက်၀ယ်တွင်ရှိသည်။ ထို့ကြောင့် အိမ်သူများသည် မိသားစု၀မ်းစာအတွက် အစားအသောက်များ ပြုလုပ်ဖန်တီးပေးသူဟု အများစု သတ်မှတ်ကြသည်။ ကလေးငယ်များနှင့် မိသားစုအသိုက်အ၀န်းအတွက် စိတ်ချသောအစားအစာများကို ချက်ပြုတ်ဖန်တီးပေးသူများ ဖြစ်သောကြောင့် အစာအာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ကိုင်တွယ်ဖြေရှင်းလာကြသည်။ အဆိုပါအကြောင်းကြောင့် အမျိုးသမီးများသည် တစ်နိုင်တစ်ပိုင် အိမ်တွင်းဥယျာဉ်များမှတဆင့် လယ်ယာမြေများတွင် အမယ်စုံစိုက်ပျိုးရေး (Multicultural Agriculture) ကို ဖန်တီးပုံဖော်လာကြသည်။

"အမျိုးသမီးများက ကမ္ဘာကိုကျွေးမွေးသည်" (Women Feed the World) ခေါင်းစဉ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာတစ်ခု ရှိသည်။ နိုင်ဂျီရီးယားနိုင်ငံရှိ အမျိုးသမီးများသည် အိမ်ဥယျာဉ်ခြံများတွင် အပင် အမျိုးအစားပေါင်း ၁၈မျိုး မှ ၅၇မျိုး အထိ စိုက်ကြသည်။ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံ၌ အမျိုးသားများစိုက်သော ငွေဖြစ်သီးနှံစိုက်ခင်းများ၏ ဘေးကွက်လပ်နေရာများတွင် အမျိုးသမီးများသည် အပင်မျိုးစုံ ၁၂၀ အထိစိုက်ပျိုးကြသည်။ ဂွါတီမာလာနိုင်ငံတွင်လည်း ၀.၁ ဟက်တာခန့် မြေကွက်လပ် ကျဉ်းကျဉ်းထဲတွင် သစ်ပင်နှင့်သီးနှံ ၁၀မျိုးအထိ စိုက်ကြသည်မှာ အမျိုးသမီးများဖြစ်ကြသည်။ အိန္ဒိယအမျိုးသမီးများသည်လည်း ဟင်းသီးဟင်းရွက်၊ နွားစာ နှင့် ဘယဆေးပင် အမယ်ပေါင်း ၁၅၀ခန့် စိုက်ကြသည်။ မက္ကဆီကိုနိုင်ငံတွင်လည်း လူနှင့်တိရစ္ဆာန်တို့အတွက် အမျိုးသမီးများစိုက်သော အပင် ၄၃၅မျိုးထဲတွင် ၂၂၉မျိုးသည် စားပင်များဖြစ်ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ စစ်တမ်းအရ အိမ်တွင်းဥယျာဥ်ခြံစိုက်ပျိုးရေး၏ ၃၉ ရာခိုင်နှုန်းကို အမျိုးသမီးများ ဦးစီးလုပ်ကိုင်နေကြပြီး လယ်ယာအလုပ်သမားဦးရေ၏ ၄၃ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဒေသအလိုက် အပင်မျိုးရင်းများကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်နေသူ အများစုမှာလည်း အမျိုးသမီးများ ဖြစ်ကြသည်။ ထိုသာဓကများသည် အမျိုးသမီးထု၏ ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုအတွက် အခြေခံကျသော အပင်မျိုးစိတ်များ ထိန်းသိမ်းနိုင်ခြင်းကို ပေါ်လွင်စေသည်။ ထို့ကြောင့် အစာကွင်းဆက်၏ မူလဘူဓဖြစ်သော မျိုးစေ့များကို ထိန်းသိမ်းစောင့်ရှောက်မှုတွင် အမျိုးသမီးတို့၏ကဏ္ဍသည် လွန်စွာအရေးပါလှသည်။

သို့သော် မျက်မှောက်ခေတ်တွင် ကုန်ပစ္စည်းထုတ်လုပ်မှုအရေအတွက်သည် Gross Domestic Product (GDP) ဟူသော ထုတ်ကုန်အခြေပြုစီးပွားရေး၏ အတိုင်းအတာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ထုတ်လုပ်ရေးကဏ္ဍဖြစ်သော စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများနှင့် စီးပွား‌ရေးကော်ပိုရေးရှင်းများသည် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး စသည့် ကဏ္ဍများကို လက်ဝါးကြီးအုပ်၍ လုပ်ငန်းများ တိုးချဲ့လာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးရေးလုပ်ငန်းများသည် စီးပွားရေးကော်ပိုရေရှင်းများ၏ လက်၀ယ်သို့ ကျရောက်လာသောအခါ တမယ်တည်းစိုက်ပျိုးခြင်း၊ မျိုးစေ့ပြန်ဝယ်စိုက်ရခြင်း နှင့် မျိုးရိုးဗီဇပြောင်းထားသောသီးနှံများ (GMO) ကို စိုက်ပျိုးခြင်းများ ဖြစ်လာသည်။ ထို့ကြောင့် တောင်သူများ၏ အမယ်စုံစိုက်ပျိုး‌ရေးများ၊ မျိုးစေ့ချန်၍ ပြန်စိုက်သောနည်းလမ်းများနှင့် ဒေသရင်း အပင်မျိုးစေ့များကို ထိန်းသိမ်းရေးနည်းနာများ စသည့် အမျိုးသမီးတို့၏ ကိုယ်ပိုင်မူများ (Feminist Principles) တဖြည်းဖြည်း ပျောက်ကွယ်လာရသည်။ ထို့ကြောင့် ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်ရေးအတွက် အမယ်စုံစိုက်ပျိုးရေး၏ အဓိကအားထားရာ အမျိုးသမီးထု၏လုပ်ဆောင်နိုင်မှုသည် မှေးမှိန်လာသောကဏ္ဍ ဖြစ်နေ၍ ပျောက်ကွယ်လုနီးပါးတောင် ဖြစ်လာသည်။

ထင်ဟပ်နေသည့် အမျိုးသမီးတို့၏ ကဏ္ဍ

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကို ဖြစ်စေသည့် လုပ်ရပ်များတွင် လူဦးရေတိုးပွားနှုန်း မြင့်တက်လာခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ လူဦးရေတိုးပွားလာမှုအကြောင်း ဆွေးနွေးသုံးသပ်သော် အမျိုးသမီးထုကို ချက်ချင်းထပ်ဟပ်မိစေသည်။ ကျန်းမာရေးအသိပညာအားနည်းသော အမျိုးသမီးများကြောင့် လူဦးရေတိုးပွားမှုပြဿနာတွေ ရှိလာသည်ဟု ပြစ်တင်ပြောဆိုနေကြသည်။ ထိုယူဆချက်ကို "အိမ်ထောင်တစ်ခုတွင် လိင်ကျန်းမာရေးအသိပညာပေးမှုကို အမျိုးသမီးတစ်ဦးတည်းသာ သိစေ၍ အမျိုးသားကို မျှဝေခြင်းမရှိသော် ထိုလုပ်ရပ်သည် ထိ‌ရောက်မှုမရှိ‌သော လုပ်ရပ်သာ ဖြစ်သည်” ဟု ကင်ညာဂျာနယ်လစ် Edwin Okongo မှ ဝေဖန်ထောက်ပြထားသည်။ ထိုထောက်ပြချက်အရ လူဦးရေတိုးပွားနှုန်းသည် အမျိုးသမီးများနှင့်သာဆိုင်သော ကိစ္စရပ်မဟုတ်ဘဲ အမျိုးသားတို့၏ကဏ္ဍပါ အရေးကြီးသည်ကို မြင်သာစေသည်။

ထို့အပြင် ကမ္ဘာမြေကို ညစ်ညမ်းစေ‌သော ပလတ်စတစ်အမှိုက်များ လျော့ချစေနိုင်ဖို့အတွက် လျှော့သုံး၊ ပြန်သုံး၊ ပြင်သုံးဆိုသည့် နည်းလမ်းများ (3Rs) လိုအပ်လာသည်။ သို့သော် ပြဿနာတစ်ရပ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဟဇာတဖြစ်သော ထုတ်ကုန်များ ( Eco-friendly Products) ရောင်းချသော ကုန်ပစ္စည်းစျေးကွက်တွင် အမျိုးသမီး အသုံးအဆောင်အရေအတွက်သည် ပို၍ များပြားနေသည်ကိုတွေ့ရသည်။ ယေဘုယျ ခြုံကြည့်သော် ထိုစျေးကွက်၏ ကုန်ပစ္စည်းထုတ်ပိုးမှုအများစုသည် အမျိုးသမီးများအတွက် ရည်ရွယ်၍ ပန်းရောင်များဖြစ်နေကြောင်း Mintel Reports တစ်ခုတွင်ဖော်ပြထားသည်။ Plastic Freedom နှင့် Package Free Shop ဆိုသည့် နာမည်ကြီး zero-waste online shop များတွင် ၉၀ရာခိုင်နှုန်းသော ၀ယ်ယူသူများသည် အမျိုးသမီးများဖြစ်ကြောင်း ထိုစစ်တမ်းအရ သိရသည်။ ထို့အပြင် စျေး၀ယ်စင်တာများတွင်လည်း ပြန်သုံးအိတ် (Recycle bag) အသုံးပြုခြင်းကို ငြင်းဆန်သည်မှာ အမျိုးသားအများစုဖြစ်နေကြောင်းတွေ့ရသည်။ ထိုဖြစ်စဉ်များအပေါ် အမျိုးသားထုအနေဖြင့် “အဆိုပါလုပ်ရပ်များသည် ပြုစုစောင့်ရှောက်ခြင်းညာဉ် ရှိသည့် မိန်းမများ၏ တာ၀န်သာဖြစ်သည်” ဟု ယူဆပြီး ထိုလုပ်ရပ်များအပေါ် မိမိကိုယ်တိုင်လည်း တစ်ပါးသူများမှ မိန်းမဆန်သောသူ (gay or effeminate)၊ မိန်းမဝါဒ ကျင့်သုံးသောသူ (feminine) ဟူ၍ သုံးသပ်မည်များကို စိုးရိမ်ပူပင်နေသောကြောင့် ဖြစ်ကြောင်း Sex Roles ဆိုသည့် သုတေသနဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။ ထို့ကြောင့် အထက်ပါဖြစ်ရပ်များတွင် အမျိုးသမီးတို့၏ဆောင်ရွက်ချက်များသည်သာ အဓိကကျသည်ဟု ယူဆနေပြီး အမျိုးသမီးတို့၏ကဏ္ဍကို လွဲမှားစွာ ထင်ဟပ်ပြထားသည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်း (Climate Change) သည် မျိုးဆက်အလိုက်ကြုံနေရသည့် ကပ်ဘေးဆိုးကြီး (Generational Crisis) ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး ဝိုင်းဝန်းဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များကို ခြုံငုံသုံးသပ်ရသော် အရင်းရှင်စိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ပြန့်လာမှုကြောင့် မှေးမှိန်လာသည့် အမျိုးသမီးထု၏ အမယ်စုံစိုက်ပျိုးရေး နှင့်စားနပ်ရိက္ခာဖူလုံရေးကို ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောကဏ္ဍအဖြစ် ပြန်လည်ဖော်ထုတ် အသိအမှတ်ပြုရန်လိုကြောင်း သုံးသပ်မိပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝိုင်း၀န်းဖြေရှင်းရမည့် လုပ်ဆောင်မှုများတွင် အမျိုးသားထုတာဝန် (သို့) အမျိုးသမီးထုတာဝန် စသည့် တစ်ဖက်သတ်ထင်ဟပ် ပြောဆိုနေမှုများသည် ထိရောက်သောဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် နှောင့်နှေးစေသည့် ကိစ္စရပ်များဖြစ်ကြောင်း သုံးသပ်မိပါသည်။

ရွှေသင်း

ကိုးကား

• Women's Indigenous Knowledge and Biodiversity Conservation by Vandana Shiva

• Nature as the Feminine Principle by Vandana Shiva

• အမျိုးသမီးများက ကမ္ဘာကြီးကို ကျွေးမွေးစောင့်ရှောက်သည်။ ကော်ပိုရေးရှင်းတို့ မဟုတ်ပါ။ ကိုတာ (ကမ္ဘာကြီးကို ဘယ်သူကကျွေးမွေးနေသတုန်း ; ဘာသာပြန်)

• The Guardian; Climate Change is not a feminist issue

• The Guardian; The eco gender gap: why is saving the planet seen as women's work?

• Unpaid care and domestic work (ActionAid UK)

• Blossoming Futures: Women Farmers in Myanmar Turn Flowers into Livelihoods (United Nations Myanmar)

Ques to Vandana Shiva

Ques to Madam.Vandana Shiva in the lecture of Earth Democracy

စီးပွားရေးကော်ပိုရေးရှင်းတွေကို တွန်းလှန်ဖို့နဲ့ ဖိအားပေးဖို့အတွက် ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဘယ်လိုအရာမျိုးတွေ လုပ်ဖို့လိုအပ်ပါသလဲ??

တခြားသူတွေကို ပြောင်းလဲဖို့၊ ပြုပြင်ဖို့အတွက် ဖိအားပေးလို့မရပါဘူး။ သူတို့လုပ်ရပ်တွေဟာ အစကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်လို့ပါ။ ဇီ၀မျိုးကွဲတွေ ပြုန်းတီးအောင်လုပ်မယ်၊ လူတွေကို ငတ်မွတ်ခေါင်းပါးအောင်လုပ်မယ်၊ လူသားအခွင့်အရေးတွေကို ရိုက်ချိုးမယ်၊ ဒီလိုလုပ်ရပ်တွေဟာ သူတို့ကိုယ်ပိုင်ရွေးချယ်ထားတဲ့ သူတို့ရဲ့လုပ်ရပ်တွေပါ။ ဒါကြောင့် လူ့အဖွဲ့အစည်းကို အကောင်းဘက်ကိုဦးတည်စေမယ့် ထိရောက်တဲ့နည်းကတော့ Earth Democracy နည်းလမ်းပဲဖြစ်တယ်။

Democracy ဆိုတာ ကိုယ်စားပြုမှုတစ်ခုတင်နဲ့ မလုံလောက်တဲ့ အားလုံးပူးပေါင်းပါ၀င်မှုတစ်ခုပါ။ (Democracy is produced from election but many are becoming very unequal. Representation is never enough, participation is democracy.)

ရှင်သန်နိုင်ဖို့အတွက် အစားအစာနဲ့ အသက်ရှုခြင်း ဆိုတာ ကမ္ဘာမြေနဲ့လူသားတွေကြားက ပတ်သက်ဆက်နွယ်မှုပါ။ ဒါကြောင့် မြေ၊ ရေ၊လေ ဟာ ကမ္ဘာမြေရပ်တည်ဖို့ နဲ့ သက်ရှိတွေရှင်သန်ဖို့အတွက် အချိတ်အဆက်ဆိုတာကို သဘောပေါက်နားလည်ရပါမယ်။ ငါတို့အားလုံးဟာ သဘာ၀ရဲ့အစိတ်အပိုင်းတွေဆိုတာကို အရင်ဆုံး နှလုံးသွင်းဖို့လိုပါတယ်။

သစ်စေ့များဟာ သစ်ပင်ဖြစ်ဖို့ အောက်ခြေအမြစ်ကနေ ကြီးထွားရပါတယ်။ အပေါ် ထိပ်ဖျားကနေ ဆင့်ကဲကြီးထွားလာတာမဟုတ်ပါဘူး။ (The seeds grow from the grass root up. They don't grow from the top down.)

ပျက်စီးမှုတွေ ပြုလုပ်မယ်ဆိုရင်တော့ အပေါ်ကနေခြုံမိပြီး တစ်ခါတည်းဖျက်စီးပစ်လိုက်နိုင်ပါတယ်။ (If I want to drop a bomb, I take a flight and drop a bomb.)

ဒီလိုပဲ ငါတို့ဟာ ကမ္ဘာမြေလွတ်မြောက်ဖို့အတွက်ကြိုးပမ်းချင်ရင် မျိုးစေ့တွေအရင်ချရပါမယ်။ Earth Democracy ဆိုတာ မျိုးစေ့တစ်စေ့ကနေ ပေါက်ပွားလာတဲ့ သစ်ပင်တစ်ပင်လိုပါပဲ။ ဒါကြောင့် သင်ဟာ ဘယ်သူဘယ်၀ါဖြစ်စေ၊ ဘယ်ဒေသကပဲလာသည်ဖြစ်စေ သင်မျိုးစေ့ချလိုက်တဲ့ အစေ့အဆံလေးဟာ မျိုးစေ့ပေါင်းထောင်ချီကို ပေးနိုင်တဲ့ သစ်ပင်တစ်ပင်ဖြစ်လာမှာပါ။ ဒီလိုနဲ့ အ၀န်းအဝိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။

ယခုအချိန်မှာ လူတွေဟာ စက်မှုစိုက်ပျိုးရေးနဲ့ သဘာ၀အတိုင်း အမယ်စုံစိုက်ပျိုးရေးရဲ့ ခြားနားချက်၊ အားသာချက်တွေကို နားလည်လာကြပါပြီ။ ကိုယ်တိုင်တွေ့ကြုံခံစားရခြင်း၊ ကိုယ်တိုင်သဘောပေါက်နားလည်ခြင်းတွေမှ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဖြစ်ပါတယ်။ (ဆရာမရဲ့ ၁၉၈၄ ခုနှစ်မှ အတွေ့အကြုံဖြစ်တဲ့ မွန်ဆန်တိုကုမ္ပဏီရဲ့ မျိုးစေ့လက်၀ါးကြီးအုပ်မှုကို တောင်သူများ ကိုယ်ပိုင်စိုက်ခင်းများ၏ အသီးအပွင့်များမှ သဘောပေါက်နားလည်သွားပုံနှင့်တကွ ရှင်းပြပါသည်။)ဒါကြောင့် အားလုံးပါ၀င်တဲ့ ချိတ်ဆက်မှုအဝန်းအဝိုင်းကိုတည်ဆောက်ရပါမယ်။

ကွဲပြားမှုတွေ ခွဲခြားမှုတွေရှိတဲ့ လူ့အဖွဲ့အစည်းဟာ ဖိနှိပ်ခံကျွန်လူ့အဖွဲ့အစည်းကိုပဲ ဖြစ်ပေါ်လာစေပါတယ်။ (Create joining system. Fragmentation and separation create slavery.)

Earth Democracy ဆိုတာဟာ အာဟာဓာတ်ပြည့်၀တဲ့ သဘာ၀ရဲ့အစားအစာများနဲ့ ကျန်းမာပျော်ရွှင်တဲ့လူအဖွဲ့အစည်းဖြစ်ဖို့အတွက် ကမ္ဘာ​မြေနဲ့ လူသားတို့ရဲ့ခရီးစဥ်ဖြစ်တယ်။ ကမ္ဘာမြေရဲ့ လွတ်လပ်ခွင့်ဟာ ငါတို့အားလုံးရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်။

လူချမ်းသာများအုပ်စု လူ့မလိုင်အလွှာကသာ ဒီအခွင့်အရေးကို ရပိုင်ခွင့်မရှိပါဘူး။ အခွင့်အရေးတန်းတူညီနိုင်ဖို့အတွက် အားလုံးပါ၀င်ဆောင်ရွက်ရပါမယ်။ ဒီကိစ္စရပ်ဟာ ကြီးမားတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုစီတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းနဲ့ Earth Democracy အတွက် ကြိုးပမ်းအားထုတ်နိုင်ပါတယ်။ မျိုးစေ့ချလိုက်တဲ့လုပ်ဆောင်မှုကနေ အသီးအပွင့်တွေကို မျှ​ဝေခံစားကြပါ။ (Create the earth democracy in your language with your community. Let find out how it flowers.)

▪️▪️▪️

ကျွန်မဟာ တွန်းလှန်ဖို့တော်လှန်ဖို့ အင်အားယူနိုင်ရန် မေးလိုက်တဲ့မေးခွန်းကို ဆရာမက ကိုယ်ပိုင်ပြုစုပျိုးထောင်ခြင်းနည်းလမ်းကို ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့ ပြန်လည်ပြောကြားသွားတဲ့အတွက် သိမြင်မှုအသစ်တစ်ခု ရလိုက်ပါတယ်။ အတွင်းအဇ္စျတ္တငြိမ်းချမ်းမှုကနေ အင်အားတွေ ထပ်တိုးရရှိခဲ့ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ၊ စံသတ်မှတ်ချက်တွေနဲ့ မတူတဲ့ အခြားတစ်ဖက်ကို တွန်းလှန်ပြီး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အနိုင်အရှုံးဆိုတာ တိုက်ခိုက်ပြီး ယူရတဲ့အရာမဟုတ်ဘဲ အမှန်တကယ်သိမြင်နားလည်မှုရှိအောင် ထင်ဟပ်ပြမှ သူ့အလိုလို ပြောင်းလဲသွားမယ့် အရာဖြစ်တယ်လို့ ယူဆမိပါတယ်။

‌ရေးသူ - ရွှေသင်း

#Earth_Democracy #YLED #NAVDANYA #Earth_University

“X” for Climate Change: Xenophobia

နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့ခြင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တရားမျှတမှုမရှိသော ဆိုးကျိုးများထဲမှ တစ်ခုမှာ ရာသ...