Tuesday, April 16, 2024

ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်း၊ အကျိုးဆက်များနှင့် ကျန်းမာရေးထိခိုက်မှုများ

ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အပူချိန်မြင့်တက်လာခြင်းပဲလို့ ကျွန်မတို့အများစု ထင်မြင်ယူဆကြပါတယ်။ တကယ်တော့ အပူချိန်မြင့်တက်လာခြင်းဆိုတာဟာ ရာသီဥတုပျက်ဆီးလာခြင်းရဲ့ အစပျိုးဖြစ်ရပ်တခုသာ ရှိသေးတယ်လို့ ရာသီဥတုအရေးလေ့လာသုံးသပ်သူတွေရဲဲ့ ဆွေးနွေးချက်များအရ သိရပါတယ်။ အပူချိန်မြင့်တက်လာခြင်းကိုတောင် ကျွန်မတို့အသည်းအသန်ရင်ဆိုင်ကျော်ဖြတ်နေရတာ၊ နောက်လာအုံးမယ့်ဖြစ်ရပ်တွေကိုရင်ဆိုင်ဖို့ ကျွန်မတို့တွေ ဘယ်လောက်တောင်ရုန်းကန်ရအုံးမလဲဆိုတာ တွေးကြည့်ရင် အတော်ရင်လေးစရာကောင်းပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အီကွေတာရပ်၀န်းမှာဖြစ်ပေါ်တဲ့ လေတိုက်ခက်မှုဦးတည်ရာပေါ်မူတည်ပြီး သမုဒ္ဒရာရဲဲ့ရေပူရေအေးစီးကြောင်းတွေတဆင့် အပူလှိုင်း အအေးလှိုင်း ဖြစ်ပေါ်တဲ့ El Niño-Southern Oscillation (ENSO) ဆိုတဲ့ သဘာ၀ဖြစ်စဥ်ရှိပါတယ်။ ENSOဖြစ်စဥ်မှာ အယ်နီညို(အပူလှိုင်း)နဲ့ လာနီညာ(အအေးလှိုင်း) ဖြစ်ရပ်၂ခု ရှိပါတယ်။ ENSOဟာ ၂နှစ်ကနေ ၇နှစ်အတွင်း ဖြစ်စဥ်လှည်ပတ်နေပြီး ဖြစ်စဥ်ကာလဟာ ၉လကနေ ၁၂လအထိကြာရှည်ပါတယ်။ ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုဟာ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းနဲ့အတူ ပင်​လယ်ရေထုအပူချိန်လည်းမြင့်တက်လာပြီး ENSO ဖြစ်စဥ်ကို အချိန်ကာလပိုကြာမြင့်စေ၍ ဖြစ်စဥ်လှည်ပတ်ပုံကိုလည်း ပိုမြ​န်စေပါတယ်။​ ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ခြမ်း အာရှတိုက်ဘက်မှာတော့ အယ်နီညိုကာလဆိုရင် အပူချိန်လွန်ကဲပြီး၊ ပစိဖိတ်သမုဒ္ဒရာရဲ့အရှေ့ဘက်ခြမ်း အမေရိကားတိုက်မှာတော့ မိုးကြီးပြီး စိုစွတ်တဲ့ရာသီဥတုဖြစ်ပေါ်ပါတယ်။ လာနီညာကာလမှာတော့ အာရှတိုက်ဘက်ခြမ်းမှာ မိုးပြင်းထန်ပြီး အမေရိကားတိုက်ဘက်မှာတော့ ရာသီဥတုပူအိုက်မှုဖြစ်ပါတယ်။ ENSOဟာ ရာသီဥတုဖြစ်ရပ်တွေကို လွန်ကဲစေပြီး အလွန်အမင်းအပူချိန်များခြင်း၊ အလွန်အေးခဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မုန်တိုင်းပြင်းထန်ခြင်းတို့ကိုကြုံတွေ့စေပါတယ်။

အကျိုးဆက်များ

ရာသီဥတုဖောက်ပြန်ပျက်ဆီးလာခြင်းဟာ အဓိကအားဖြင့် လူသားတွေရဲ့ နေ့စဥ်ဘ၀ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာပါတယ်။ အလွန်အမင်းအပူချိန်မြင့်လာခြင်း၊ မိုးရွာသွန်းမှုများလာခြင်းတို့နဲ့အတူ ရေရှားပါးမှု၊ ရေကြီးရေလျှံမှု စတာတွေဖြစ်လာပြီး ဇီဝမျိုးကွဲများနည်းပါးလာခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ လေထုရေထုညစ်ညမ်းလာခြင်း၊ ကန္တာရမြေများဖြစ်ထွန်းလာခြင်း၊ ပင်လယ်ရေလွှမ်းမိုးမှုဧရိယာများလာခြင်း၊ မြေမျက်နှာပြင်ဧရိယာလျော့လာခြင်းနဲ့ မြေသုံးစွဲမှုပုံစံများပြောင်းလဲလာခြင်းတို့ ဖြစ်လာပါတယ်။ နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ ရွေ့ပြောင်းနေထိုင်မှုများလာခြင်း၊ မြို့ပြချဲ့ထွင်မှုတိုးလာခြင်း၊ ဒေသအလိုက်လူဦးရေ သိသိသာသာကွာဟလာခြင်း၊ သိပ္ပံနဲ့နည်းပညာအပေါ် ရင်းနှီးမြုပ်နှံမှုများလာခြင်းနဲ့ လူတန်းစားမညီမျှမှုကြီးလာခြင်း စတဲ့ လူမှုစီးပွားထိခိုက်မှုတွေဖြစ်လာပါတယ်။ တဆက်တည်းမှာပဲ လူမှုအဆောက်အအုံကိစ္စတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးအခွင့်အလမ်းဖန်တီးပေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး စတဲ့ အစိုးရတွေရဲ့ နိုင်ငံအုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုကဏ္ဍတွေမှာလည်း ရှုပ်ထွေးခက်ခဲလာတဲ့အ​ခြေအနေတွေ ဖြစ်လာပါတယ်။

မိုးခေါ်ရေရှားခြင်း၊ စိုက်ပျိုး​မြေဆီလွှာအရည်အသွေးလျော့လာခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်းတွေဟာ စိုက်ပျိုးသီးနှံတွေရဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး ကမ္ဘာ့စားနပ်ရိက္ခာလုံလောက်မှုကို ခြိမ်းခြောက်လာပါတယ်။ ထို့ပြင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များပြားလာခြင်းဟာလည်း စိုက်ပျိုးသီးနှံတွေရဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတိမ်း ကယ်ဆီယံ ဇင့် ပါဝင်မှုနှုန်းတွေကို လျော့ကျလာစေပါတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံလာရချိန်မှာ ဒေသအသီးသီးဆီကို စားနပ်ရိက္ခာ ဆေး၀ါးတွေ အချိန်မှီတင်ပို့မှုတွေမှာလည်း အခက်အခဲဖြစ်လာစေပါတယ်။ စားနပ်ရိက္ခာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုတွေဟာ ဆင်းရဲချမ်းသာမညီမျှမှုကိုလည်း သိသိသာသာကွာဟလာစေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ကြုံလာရင် ငွေကြေးချို့တဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်တဲ့အပြင် သဘာဝဘေးအန္တရာယ်ကိုပါခုခံနိုင်စွမ်းမရှိတဲ့ အခြေခံလူတန်းစားတွေက ပိုပြီးပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့ရပါတယ်။

ကျန်းမာရေးထိခိုက်မှုများ

ရာသီဥတုဖောက်ပြန်ပျက်ဆီးလာမှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲဖြစ်ရပ်တွေဟာ လူတွေရဲ့ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်လာစေပါတယ်။ WHO ရဲ့ဖော်ပြချက်အရ ရာသီဥတုဖောက်ပြန်ပျက်ဆီးလာမှုနဲ့အတူ ၂၀၃၀ နဲ့ ၂၀၅၀ ကြားမှာ တနှစ်လျှင် ပျမ်းမျှလူဦးရေ ၂သိန်းခွဲလောက် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိနေပြီး၊ ၂၀၃၀ နှစ်ပိုင်းလောက်မှာတင် တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသုံးစရိတ် တနှစ်လျှင် US ဒေါ်လာ ၂ဘီလီယံကနေ ၄ဘီလီယံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရေရှားပါးလာမှုနဲ့ ရေထုညစ်ညမ်းလာမှုတို့ဟာ Camplyobacteria infection နဲ့ Cryptosporidiosis အမည်ရတဲ့ လူတွေရဲ့အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ၊ ကာလဝမ်းရောဂါတွေကိုဖြစ်စေတဲ့ ဘတ်တီးရီးယားမျိုးစိတ်နဲ့ ကပ်ပါးကောင်မျိုးစိတ်တွေကို ပေါက်ပွားမှုနှုန်းတိုးစေပါတယ်။ ရေထုရဲ့အပူချိန်တက်လာတာနဲ့အမျှ မြစ်ချောင်းအင်းအိုင်ရေကန်တွေမှာ အဆိပ်သင့်စေတဲ့ရေညှိရေမှော်ပေါက်ပွားမှုနှုန်းလည်း အလွန်အကျွံမြင့်တက်လာပါတယ်။ ထိုရေညှိရေမှော်များပေါက်နေတဲ့ရေတွေဟာ ကျိုချက်ပြီးသောက်ရင်တောင် အဆိပ်မပြေနိုင်တဲ့အထိပြင်းထန်ပြီး သောက်သုံးမိရင်လည်း အော့အန်ခြင်း၊ မူဝေခြင်း၊ လေငန်းဆွဲသလို အာရုံကြောများလေးလံထိုင်းမှိုင်းလာခြင်း၊ သတိမေ့ရောဂါတွေအပြင် အသက်သေနိုင်တဲ့အထိပါ ဖြစ်စေပါတယ်။

လေထုညစ်ညမ်းလာမှုရဲ့ဆိုးကျိုးတွေကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ အရေပြားဓာတ်မတည့်မှုတွေ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာစေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ PM 2.5 ကိစ္စဟာ ထိုင်းနိုင်ငံရဲ့ အရေးကြီးဖြေရှင်းရမယ့်ပြဿနာတခုဖြစ်နေပြီး နွေရာသီကာလရဲ့ ထပ်သီးသတင်းလည်းဖြစ်နေပါတယ်။ PM 2.5 ဆိုတာ Particulate Matter လို့အမည်ရတဲ့ လေထုထဲက အလွန်သေးတဲ့အမှုန်လေးတွေကို သူတို့ရဲ့အရွယ်အစား 2.5 micrometers နဲ့အတူ ယှဥ်တွဲခေါ်တဲ့အမည်ဖြစ်ပါတယ်။ ထိုအမှုန်လေးတွေ ဘယ်ကဖြစ်လာလဲဆိုရင် ဓာတုဓာတ်ငွေ့၊ ဖုန်မှုန့်၊ မီးခိုး နဲ့ တခြားအစိုင်အခဲ ဓာတ်ငွေ့ ရေငွေ့တွေပေါင်းစပ်ပြီး ဖြစ်ပွားလာတာပါ။ လူတွေရဲ့သာမာန်မျက်စိဟာ အနည်းဆုံး 0.1 millimeters (100 micrometers) ကို မြင်နိုင်စွမ်းရှိပါတယ်။ millimeters ဆိုတာ micrometers ရဲ့ အဆပေါင်းတစ်ထောင်ရှိပါတယ်။ PM 2.5 အမှုန်တွေဟာ မိုက်ခရိုစကုပ်​​နဲ့ကြည့်မှသာ ​မြင်နိုင်မယ့်အရွယ်အစားဖြစ်သွားပါပြီ။ ဒီအမှုန်တွေက အသက်ရှုလမ်းကြောင်းကတဆင့် သွေးကြောထဲကိုတိုက်ရိုက်ဝင်နိုင်စွမ်းရှိတာကြောင့် သူတို့သယ်ဆောင်ထားတဲ့ ဓာတုအဆိပ်တွေကို အဆုတ်ကစစ်ထုတ်ပေးဖို့ မစွမ်းသာတော့ပါဘူး။ အဲ့တော့ PM 2.5 အမှုန်တွေပါတဲ့လေကိုရူမိရင် နှာချေ၊ နှာရည်ယို၊ လည်ပင်းနာ၊ မျက်စိယားယံ၊ အသက်ရှုကျပ်တာတွေနဲ့ နှလုံးအမောဖောက်တဲ့အထိပါ ဆိုးကျိုးများစေပြီး ရေရှည်အဆုတ်ကင်ဆာဖြစ်နိုင်ခြေထိ ပြင်းထန်ပါတယ်။

အပူချိန်တိုးလာခြင်းကြောင့် ချွေးထွက်လွန်ခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း၊ မူးဝေအားနည်းလာခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ရုတ်တရပ်မြင့်တက်ခြင်း၊ အပူရှပ်ပြီးဖျားနာခြင်း၊ ခြေသလုံး လက်မောင်းကြွက်သားများ ရုတ်တရပ်အကြောဆွဲခြင်းတို့ဖြစ်နိုင်ပြီး ချွေးထွက်လွန်ခြင်းမှတဆင့် အရေပြားလောင်ကျွမ်းမှုဖြစ်ပြီး နီမြန်းခြင်း ယားယံ ခြင်းတို့ဖြစ်စေပါတယ်။ ထို့အပြင် အပူချိန်မြင့်တက်လာခြင်းနဲ့ လေထုရေထုညစ်ညမ်းလာခြင်းဟာ ကိုယ်ဝန်သည်များကိုလည်း ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားချိန်မှာကြုံရတဲ့ပြဿနာ Adverse Pregency Outcomes (APOs)တွေဖြစ်လာစေပါတယ်။ APOs ရဲ့ ဆိုးကျိုးတွေကတော့ လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ ကိုယ်လက်အင်္ဂါမစုံဘဲမွေးဖွားခြင်း၊ ကလေးမွေးဖွားစဥ် ကိုယ်ဝန်သည်သွေးပေါင်ချိန်ဆောင့်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြင်းနဲ့ ကလေးအသေမွေးဖွားနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

သစ်ပင်သစ်တောတွေနည်းပါးလာပြီး ပူအိုက်စိုစွတ်တဲ့ရာသီဥတုဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင် ယင်အပါအဝင် အခြားအင်းစက်ပိုးမွှားတွေရဲ့ ပေါက်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ထိုကူးစက်ရောဂါများမှာ ခြင်မှတဆင့်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါ (Malaria)၊ ဆင်တုတ်ကွေးရောဂါ (Chikungya)၊ သွေးလွန်တုတ်ကွေးရောဂါ (Dengue Fever)၊ ဇီကာဗိုင်းရပ်စ် (Zika) တို့ဖြစ်ပါတယ်။ ဆင်တုတ်ကွေးရောဂါကတော့ အဖျားတက်ခြင်း နှင့် ပြင်းပြင်းထန်ထန်အဆစ်အမြစ်ရောင်ခြင်း တို့ကို ဖြစ်စေပါသည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။ ဆင်တုတ်ကွေးရောဂါကို ကုသနိုင်မယ့်ဆေးကိုတော့ ၂၀၂၃ နိုဝင်ဘာလမှ U.S Food and Drug Administration က အတည်ပြုနိုင်ခဲ့သော်လည်း အသက်၁၈နှစ်နှင့်အထက် အရွယ်ရှိသူများအတွက်သာဖြစ်ပြီး ကလေးငယ်တွေအတွက် ဆေးမထုတ်လုပ်နိုင်သေးပါဘူး။ သွေးလွန်တုတ်ကွေးရောဂါကတော့ သာမန်တုပ်ကွေးရောဂါလို ဖျားနာတာ၊ နုန်းချိတာ၊ အစားအသောက်ပျက်တာ၊ ရုတ်တရက်သွေးလန့်လက္ခဏာဖြစ်တဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဇီကာဗိုင်းရပ်ကတော့ ခြင်ကျားကိုက်ခံရမှုမှတဆင့်ကူးစက်နိုင်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်းတို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၏ နောက်ဆက်တွဲအဖြစ် ကိုယ်၀န်ဆောင်မိခင်များမှာ ဦးနှောက်သေးငယ်သောကလေးများ မွေးဖွားခြင်းအပေါ် ဆက်စပ်မှုရှိမရှိ သုတေသနများပြုလုပ်နေကြပါတယ်။

~~~~

ရာသီဥတုဖောက်ပြန်ပျက်ဆီးမှုဟာ အနာဂတ်မှာ ဖြစ်မဖြစ် ငြင်းခုံရမယ့်ယုံတမ်းမဟုတ်တော့ဘဲ ကျွန်မတို့အားလုံး ယခုလက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ဖြေရှင်းရမယ့်ကိစ္စဖြစ်နေပါပြီ။ ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘတွေနဲ့ စစ်ပွဲတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။ ကမ္ဘာကြီးဟာ သူ့ရဲ့အဆင်မပြေမှု မနိုင်ဝန်ထမ်းထားရမှုတွေကို ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖြစ်ရပ်တွေနဲ့ ဖော်ပြနေတာ အချက်ပြနေတာလို့ ကျွန်မတို့နားလည်လို့ရပါတယ်။ ဂေဟစနစ်ထဲက လူသားဟာ သဘာဝကို ကျော်လွန်ပြီး ကြာကြာရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ လူသားတွေရဲ့ အရေးကြီးဆုံး အသက်ရှင်သန်မှုနဲ့ နေထိုင်ရပ်တည်မှုကို ထိခိုက်လာစေတဲ့ ဥတုအရေးဟာ လူသားတွေကိုယ်တိုင်ပဲ ဖြေရှင်းရမှာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်ပျက်စီးလာမှုကို လျော့ကျဖို့၊ ဖြေရှင်းဖို့ ကျွန်မတို့တွေ ဘယ်လိုနည်းနဲ့ ၀ုိင်း၀န်းအဖြေရှာကြမလဲ၊ ဘယ်လိုတွေစုပေါင်းပါဝင်ကြမလဲ အတူစဥ်းစားဖို့၊ အတူဝိုင်းလုပ်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။

ရွှေသင်း

ကိုးကား

https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue

https://www.who.int/news-room/fact-sheets/detail/climate-change-and-health

https://www.who.int/news-room/fact-sheets/detail/climate-change-and-healthhttps://www.cleanairresources.com/resources/what-is-pm-2-point-5-and-why-does-it-matter(PM 2.5 - What does it mean, and why does it matter?)

https://www.cdc.gov/parasites/crypto/illness.html (Parasites - Cryptosporidium (also known as "Crypto")

https://www.ipcc.ch/report/ar6/wg2/downloads/outreach/IPCC_AR6_WGII_FactSheet_Health.pdf

Monday, October 23, 2023

Same Culture in Different Places

In the morning, the sound of boiling water emanates from the households in the ward. This is for a pot of hot green tea; another is called Chinese tea, which is boiled water mixed with dried tea leaves. It is a domestic culture in Myanmar to have a plate of tiny cups and a pot in the middle for relaxed drinking and also for treating guests with other snacks. Additionally, a type of tea called Laphet Yay, a strong black tea added with condensed milk and sugar, is enjoyed for leisure. Myanmar people are also addicted to this tea, which is not as easy to make at home as it is to enjoy in a tea shop. As a result, people from all walks of life come to tea shops. Typically, they are open all day but are busiest during the breakfast rush as people start their day with a cup of tea.

Tea Shops are ubiquitous in Myanmar on almost every corner of the street like roadside tea shops, standalone stalls, and outlets housed in concrete structures. Teashop settings are similar in every place of urban and rural areas with the usual menu of tea depending on the sugar and milk ingredients level; Cho Saint (Over sweet), Pote Man (Normal), and Pwet Saint (Low sweet), small tables and chairs, green tea kettle for free and tiny cups, tissue box instead of former handkerchief, and plates of pastries. In tea shops, the aroma of tea and the greasy scent of fried or cooked dishes waft through the air, tables are crowded, the combination of conversation and music or television program are loud mixed with the clatter of crockery and people are bustling by coming in and coming out and young waiters carrying plates of food and trays of tea. There are no rules to object to customers sitting for hours or sipping tea. Therefore, tea shops play a significant role in Myanmar society, fostering communal life.

However, it is the stereotypical view for Myanmar women to sit alone or with a group in the teashop, full of men, cigarette smoke, and football match news. Thanks to my father who always brought his little daughter; me to the teashop every morning. This tea shop was not too big, situated in the corner of the street and the main road headed to the market. However, it was well-known in my hometown for its good taste of tea and delicious snacks. So, it was more crowded and buzzing in the morning with locals having breakfast and reading morning newspapers, folks buying tea and snack parcels on the return market, and trishaw drivers waiting for customers by drinking tea. As a child, the whole cup of tea was too much for me, so my father split the tea with me, giving me half with a saucer. I enjoyed soaking Ee Kyar Kway; Chinese donut sticks soaking in the tea and ate it. I was also fond of savoring Samosa; an Indian fried snack with chili sauce and sugar and egg Palata; Burmese flatbread. So, my taste for drinking tea and sitting in tea shops has been rooted since my childhood.

During college semester breaks, my boyfriend and I always made plans to meet at a tea shop in my hometown for a conversation. It was located in the street among the households and not famous for its tea and snacks of lower quality. It was, however, a pleasant place full of trees in the yard and provided internet connectivity which was attractive to more youths playing mobile games and using the internet. But for us non-gamers, it was more convenient as a couple in Myanmar rural society. We discussed books, news updates, and information circulating about everything while having two cups of Pote Man tea and tea salad. Tea salad is also a significant Myanmar traditional food which tastes a spicy mixture of green tea leaves, cabbage, tomato, ginger, and peas. Even though it was buzzing with the voices of teenagers playing games, ordering food, and the sound of cooking, the environment was very comfortable for us to have private conversations. We also started our idea there to establish a local youth organization in our hometown. After a few years, the owner changed the place that became too far for us to reach and after that, we lost our space in town.

During my university years, I spent most of my free time hanging out at a tea shop with my friends. They were from different universities, and we would gather at the tea shop located downtown, near Sule Pagoda and the central railway station. It was easy to reach from everywhere with buses or trains. We met there every evening after classes and on weekends. This tea shop was a roadside one behind the Central Hall. The tea had a special taste and we could also order a variety of curries, noodle dishes, and the delicious Mohinga; a fish and rice noodle soup. As was customary, the tables were always crowded, music and television programs played loudly, conversations were even louder, and tea boys would bring trays of sweets and pastries to the tables. Our group always felt more comfortable sitting at the outdoor tables, creating the perfect environment for discussions on politics, art, and education. At this teashop, we occasionally had the opportunity to meet famous artists, poets, and writers. It was also conveniently located near the book stalls of Pan Soe Dan, making it easy for us to go book shopping after our tea time. We cherished these moments at the teashop before the outbreak of Covid.

Everything has changed a lot recently. It has been challenging for me to revisit these moments in teashops with my family during adulthood and also with friends during the military coup. My dad is not as healthy as he used to be, my boyfriend was detained as a political prisoner (but has since been released), and some friends are still in the jungle as part of the people defense force, working to reveal the authoritarian regime. Despite the rapidly changing situation in the country, the tea shop culture remains everywhere a source of relaxation, refreshment, tradition, and pleasure for the people in Myanmar.

Shwe Thinn

Thursday, August 17, 2023

Living in the Present Moment: Devastating Existence

I am kind of a soft-centered person. Whereas I don’t like that personality much, sometimes I feel satisfied with my being in this harsh world. So, I am confused about whether it is more convenient to be a strong-hearted or kind-hearted person to live through life's challenges. I used to believe in the quote of “on living in the present moment, neither dwell in the past nor dream of the future”. Nonetheless, even a frequent notice of breathing in the midst of chaos is as same as the flare-up of a flame. Hence, it is better for me to think about the future than to suffer in the moment.

Against the scientific fact, I prefer to say the world is just a coin with two faces. On one side, the world looks so colorful and sparkly but on the other, it is really doomed and gloomy. Whereas butterflies are fluttering in the garden, backyards are struck by heavy storms. So, the beautiful scenario appears as a facade when I experience the contrasting hardships with my whole heart in distress. As for my interpretation, who would criticize me for oscillating between hopefulness and cheerlessness?

If I have a choice which part of the world is worth living, I will definitely reject this offer. I find joy in living in the round shaped world where I am together with others, and there is no separation for flip slides. If so, that is just a fact of life with a cocktail of black and white, I don’t want to be alive today but dream of tomorrow.

Shwe Thinn

Saturday, June 10, 2023

ကျွန်တော်တို့၏နာမည်အမှန်များ

ဆန့်ကျင်ဘက်နှစ်ဘက်ကို ရူမြင်သုံးသပ်ပြီး လူ့အဖွဲ့အစည်းရဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေဟာ ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံစားစေနိုင်ဖို့ပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုလေးဟာ ပမာဏသေးငယ်နေပါစေ၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုတိုင်းဟာ လူ့အဖွဲ့အစည်းအတွက် တထောင့်တနေရာမှာ အကျိုးဖြစ်ထွန်းတယ်ဆိုတာ မှတ်ယူစေနိုင်ဖို့ပါ။ ဒါကြောင့် အကောင်းဘက်ကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းမှာသာ ငါတို့ပါဝင်ပတ်သတ်​နေတာ မဟုတ်ဘဲ အဆိုးဘက်ကို ဦးတည်နေတဲ့ လူ့အဖွဲ့အစည်းဟာလဲ ငါတို့နဲ့ အများကြီးသက်ဆိုင်တယ်၊ ငါတို့မှာ တာဝန်ရှိတယ်ဆိုတာ နှလုံးသွင်းနိုင်စေဖို့ပါ။

ဆရာ သစ်နော့ဟန် ရဲ့ Please Call Me by My True Name (ကျေးဇူးပြုပြီး ကျွန်တော့်နာမည် အမှန်နဲ့ခေါ်ကြပါ) ကဗျာလေးအကြောင်းကို ဆရာတာ ဘာသာပြန်ရေးဆိုထားတာလေးရှိပါတယ်။

ဗီယက်နမ်စစ်ပွဲကြီးပြီးနောက်မှာ ဒုက္ခသည်စခန်းမျိုးစုံက ကြေကွဲဖွယ်စာတွေရောက်တယ်တဲ့။ အဲ့စာထဲမှာ လှေနဲ့ထွက်​ပြေးရင်း ပင်လယ်ဓားမြတွေရဲ့ အဓမ္မမုဒိမ်းကျင့်တာခံရပြီး ရေထဲခုန်ချရင်း ကိုယ့်ကိုအဆုံးစီရင်သွားတဲ့ အသက် ၁၂နှစ်အရွယ် ကောင်မလေးတယောက်ရဲ့ ဖြစ်ရပ်လည်းပါလာတယ်။ အဲ့သတင်းမျိုးကြားရင် ကျုပ်တို့ဟာ ​ဓားမြကို ဒေါသထွက် ရွံရှာစက်စုပ်မှာအမှန်ပါပဲ။ ဒါမယ့် သတိပဌာန် အားထုတ်နေတဲ့ ဆရာ သစ်နော့ဟန် က ဒီကိစ္စကို နက်နက်ရှိုင်းရှိုင်းထိ ရောက်အောင်ကြည့်မယ်ဆိုရင်တော့ တမျိုးမြင်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ဟာ ဒီဓားမြလို ဘဝမျိုးနဲ့ ဓားမြရွာမှာမွေး၊ အဲ့မှာဓားမြလိုပဲ ကြီးပြင်းလာမယ်ဆို ကျုပ်တို့လည်း ဓားမြဖြစ်ဖို့ သေချာလို့ပါပဲ။ ဒီအခြေအနေအတွက် ကျုပ်တို့လူ့အဖွဲ့အစည်းရဲ့ ကျောင်းဆရာတွေ၊ လူမှုရေးလုပ်သားတွေ၊ နိုင်ငံရေးသမားတွေ၊ အခြားသူတွေဟာ တခုခုမလုပ်ရင်တော့ နောက်၂၅ နှစ်ကြာရင် ဒီလူ့အဖွဲ့အစည်းရဲ့ မျိုးဆက်တဆက်ဟာ ပင်လယ်ဓားမြတွေ ဖြစ်လာဖို့ အသေအချာပါပဲတဲ့။ ဒါကြောင့် လူ့အဖွဲ့အစည်းတခုရဲ့ ဖြစ်လာမယ့်အကျိုးဆက်တိုင်းမှာ ကျုပ်တို့အားလုံးရဲ့ တာဝန်တွေဟာ အနည်းနဲ့အများဆိုလို ပါဝင်ပတ်သတ်နေပါတယ်လို့ ဆိုလိုတာပါ။

ဒါကြောင့် ဆရာ သစ်နော့ဟန်က ဒီကဗျာလေးကိုရေးပါတယ်။ ကဗျာထဲမှာ လူသုံးယောက်ပါပါတယ်။ ၁၂နှစ်အရွယ်ကလေးမလေး၊ ပင်လယ်ဓားမြ နဲ့ ကျွန်တော်ပါတဲ့။ ဆရာတာဘာသာပြန်ဆိုရေးသားထားပါတယ်။

"ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန်တွေနဲ့ ခေါ်ကြပါ"

~ မနက်ဖြန် ကျွန်တော်မရှိတော့ဘူးရယ်လို့ မပြောကြနဲ့ ဒီကနေ့ထိ ကျွန်တော် ရောက်လာနေတုန်းမို့။ အသေအချာကြည့်စမ်းပါ စက္ကန့်တိုင်း ကျွန်တော်ရောက်လာတာ နွေဦးသစ်ကိုင်းပေါ်က အဖူးကလေးတစ်ခုပါ အကောင်ပေါက်စ ငှက်ကလေးတစ်ကောင်ရယ်ပါ အသိုက်သစ်မှာ သီချင်းဆိုသင်ဖို့ရာ ပန်းတစ်ပွင့်ရဲ့ နှလုံးသားထဲက ပိုးတုံးလုံးတစ်ကောင် ကျောက်တုံးတစ်တုံးထဲ ပုန်းနေတဲ့ ကျောက်မျက်ရတနာ။

~ ကျွန်တော် ရောက်လာတုန်းပဲ၊ ရယ်မောဖို့နဲ့ ငိုကြွေးဖို့ရယ် ကြောက်ဖို့နဲ့ မျှော်လင့်ဖို့ရယ် ကျွန်တော့်နှလုံးသား စည်းချက်က မွေးလာခြင်းနဲ့ သေဆုံးခြင်းပါ အသက်ရှိအားလုံး ဒီအတိုင်းပဲ မဟုတ်လားဗျာ။

~ ကျွန်တော်ဟာ မြစ်ရေပြင်ပေါ်က အသွင်ပြောင်းနေတဲ့ အင်းဆက် ပြီးတော့လည်း ကျွန်တော်ဟာ နွေဦးရာသီမှာ အဲသည် အင်းစက်ကိုစားဖို့ အချိန်မီရောက်တဲ့ငှက်။

~ ကျွန်တော်ဟာ ရေအိုင်တစ်ခုက ကြည်လင်နေတဲ့ရေထဲမှာ ပျော်ပျော်ကြီး ကူးနေတဲ့ဖား ပြီးတော့လည်း ကျွန်တော်ဟာ အဲ့သည်ဖားကို ငြိမ်ငြိမ်လေးမျိုနေတဲ့ မြက်လျှောမြွေပါ။

~ ကျွန်တော်ဟာ အရိုးပေါ်အရေတင် ယူဂန္ဓာက ကလေး ကျွန်တော့်ခြေထောက်တွေ ဝါးတူတွေလို ပိန်လှီတာ ပြီးတော့လည်း ကျွန်တော်ဟာ လက်နက်ကုန်သည်ရယ် ယူဂန္ဓာကို လက်နက်ရောင်းနေတာ။

~ ကျွန်တော်ဟာ ၁၂နှစ်သမီး ကောင်မလေး လှေငယ်တစ်စင်းပေါ်က ဒုက္ခသည်ရယ် ပင်လယ်ဓားမြတစ်ယောက်က မုဒိမ်းကျင့်တာကြောင့် ပင်လယ်ထဲခုန်ချခဲ့တယ် ပြီးတော့လည်း ကျွန်တော်ဟာ ပင်လယ်ဓားမြရယ် နှလုံးသားမှာ သိမြင်ဖို့နဲ့ ချစ်ခင်ဖို့ မတတ်နိုင်တဲ့သူပါ။

~ ကျွန်တော်ဟာ ပေါလစ်ဗျူရိုကြီး အာဏာတွေ အများကြီးနဲ့ပ ပြီးတော့လည်း ကျွန်တော်ဟာ ကျွန်တော့်လူတွေအတွက် သွေးကြေးပေးဆပ်ဖို့ ရဲဘက်စခန်းမှာ တဖြည်းဖြည်း သေနေတဲ့သူပါ။

~ ကျွန်တော့်အပျော်အရွှင်က နွေဦးလို နွေးနေတာ ကမ္ဘာမြေအနှံ့ ပန်းတွေပွင့်အောင်လုပ်မှာ ကျွန်တော့်အနာအကျင်ကတော့ မျက်ရည်မြစ်ကြီးပေါ့ သမုဒ္ဒရာလေးစင်း ပြည့်သွားမှာ။

~ ကျေးဇူးပြုလို့ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန်ခေါ်ကြပါဗျာ ဒါမှသာ ကျွန်တော့်ငိုသံနဲ့ ရယ်သံကို ချက်ချင်းကြားနိုင်မှာ ဒါမှသာ ကျွန်တော့်အပျော်အရွှင်နဲ့ အနာအကျင်ဟာ တခုတည်းဖြစ်ကြောင်း ကျွန်တော်သိမှာ။

~ ကျေးဇူးပြု၍ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန် ခေါ်ကြပါဗျာ ဒါမှသာ ကျွန်တော်နိုးလို့ ကျွန်တော့်နှလုံးသားတံခါး ပွင့်နိုင်မှာ အကြင်နာ တံခါးပါ။

ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည် အမှန်တွေနဲ့ ခေါ်ကြပါ ကိုတာ ဆောင်းပါးမှ 22 Jan 2022

Friday, September 9, 2022

နိဗ္ဗာန်ရောက်ကြောင်းတရား

ယခုဖော်ပြမည့် အင်တာဗျုးမှာဆို Yuval ကို မေးမြန်းသူက ဘယ်တော့မှမပျော်သောလူကြီးမင်း (Mr. Never Happy) လို့ နာမည်ပေးလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နဲ့ လူမှုအဖွဲ့အစည်း ဆင့်ကဲဖြစ်ပေါ်လာမှု (Evolution) ကို ဆိုးကျိုးဘက်ကနေ ထောက်ပြတာကြောင့် ဖြစ်ပါတယ်။ ယခုလိုမျိုး ကိန်းဂဏန်း အရေအတွက်တွေသာ တိုးပွားလာမှု (Growth) နဲ့ အရည်အသွေးဖွံ့ဖြိုးတိုးတက်လာမှု (Development) ကွဲပြားပုံကို ထောက်ပြတဲ့သူတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို မလိုလားတဲ့သူတွေလို့ စွပ်စွဲခံရပြီး လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ထုတ်ပယ်ခံရပါတယ်။

ပြောင်းလဲလာတဲ့ စိုက်ပျိုးရေးကဏ္ဍ (Agricultural Revolution) နောက်ပိုင်းမှာ စက်မှုတော်လှန်ရေး (Industrial Revolution) ပြီးတော့ ကမ္ဘာခြုံစနစ် (Globalization) တဆက်တည်း ဖြစ်ပေါ်လာပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တဟုန်တိုးဖြစ်လာပြီး လူတွေလည်း ဇိမ်ခံပစ္စည်းတွေ (Leisure facilities) နဲ့ အတော်များများ နေနိုင်လာကြပါတယ်။ နေနိုင်မှု၊ နေချင်မှုနောက်မှာလည်း ပိုက်ဆံနောက် အမောတကောလိုက်ရပါတော့တယ်။ ရုပ်ဝတ္ထုတွေတိုးပွားလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေကတော့ တဖြည်းဖြည်းယုတ်လျော့လာပါတယ်။ ပျော်ရွှင်မှုဆိုတာလည်း ဥစ္စာငွေကြေးပေါ်မှာပဲ မှီတည်လာပါတော့တယ်။

ယခုအင်တာဗျုးမှာ အစားအသောက်ဖူလုံရေးအတွက် ကြက်၊ဝက်၊ နွား မွေးမြူရေးလုပ်ငန်းတွေ တဟုန်ထိုးတိုးတက်လာတာဟာ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတွေထဲမှာ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုဆိုတဲ့အချက်ကို Yuval က ပြန်လည်ချေပထားတာဖြစ်ပါတယ်။ ကြက်၊ ဝက်၊ နွား အကောင်ရေတိုးပွားလာဖို့ လူတွေဟာ သက်ရှိတို့ရင်ဆိုင်ရတဲ့ အရက်စက်ဆုံးနည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မွေးကင်းစအကောင်ပေါက်လေးတွေကို မွေးပြီးချင်း မိခင်နဲ့ခွဲထားတယ်။ တစ်ကိုယ်စာပဲလှုပ်ရှားလို့ရတဲ့ လှောင်အိမ်ကျဥ်းကျဥ်းလေးတွေထဲမှာထားတယ်။ ကိုယ်ဝန်ဆောင်ကာလမြန်ဖို့ နည်းပညာတွေနဲ့ သားဖောက်တယ်။ နွားနို့တွေကို နွားကောင်ပေါက်ငယ်တွေ လုံးဝမသောက်ရဘဲ လူတွေအတွက်လုံလောက်ဖို့ စက်တွေနဲ့ညစ်တယ်။ ဝက်တွေကို နှုတ်သီးဖဲ့ထားတယ်။ ဒါတွေဟာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခြင်း လုပ်ရပ်တွေပဲဖြစ်တယ်။

ဒီလိုဆိုတော့ ဘယ်လိုနည်းတွေနဲ့ ထုတ်လုပ်စားသောက်ကြမလဲ မေးစရာရှိလာပါတယ်။ ပိုလျှံတဲ့နေရာတွေမှာ သွန်ပစ်နေရပြီး၊ ငတ်ပြတ်တဲ့နေရာတွေမှာ ကုန်းကောက်စရာတောင်မရှိကြပါဘူး။ လူတွေက အတွေးအခေါ်ပိုင်းရာ (Head) ကို ဦးစားပေးလာတာနဲ့အမျှ ခံစားမှုပိုင်းဆိုင်ရာ (Heart) အပိုင်းမှာ ယုတ်လျော့လာတာကို Yuval က ထောက်ပြထားတာပါ။ ဖွံ့ဖြိုးမှုဆိုတာကို ဂဏန်းနဲ့တွေပဲ မကြည့်ဖို့၊ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်မှုနဲ့လည်း တိုင်းတာသင့်တယ်လို့ ဆိုလိုတာပါ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း နည်းပညာအသစ်တွေနဲ့ လူမှုအဆောက်အအုံတွေ၊ ဥပမာ-နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (Solar Energy) ကို အဆင့်မြှင့်တင်ဖို့ ကမ္ဘာ့စီးပွား‌ရေးအညွှန်းကိန်းရဲ့ ၂ရာခိုင်နှုန်းလောက်ကိုသာ ရင်းနှီးမြှုပ်နှံပြီး ဖြေရှင်းနိုင်ကြောင်းကိုလည်း Yuval က The Actual Cost of Preventing Climate Breakdown TED video မှာ ရှင်းပြထားပါတယ်။ လူတွေရဲ့ လုပ်ရပ် (Behavior) နဲ့ အတွေးအခေါ် (Thinking) တွေပြောင်းနိုင်ဖို့ကို နိုင်ငံရေးသမားတွေ (Politicians) မှာ တာဝန်ရှိတယ်ဆိုတာလည်း ပြောပြထားတယ်။ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေက လွဲချော်နေမှတော့ နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲ ပုံ‌ဖော်မှုတွေလည်း လွဲမှားလာကြောင်း ထောက်ပြထားတာပါ။ သူပြောဆိုချက်က ရှင်းပါတယ်။ “နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း ပြောင်းလဲပုံဖော်မှုမှာ အံ့ဩဖွယ်ရာဖြစ်ရပ်တွေ မလိုပါဘူး။ စနစ်တကျနဲ့ ဇွဲရှိရှိ စည်းရုံးမှုသာ လိုအပ်ပါတယ်။" (It doesn't require miracle. It just require determined organization.)

The Economist Journal ရဲ့ The pandemic is plunging millions back into extreme poverty. ဆောင်းပါးမှာလည်း “ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အထောက်အကူပြုဖို့အတွက် နိုင်ငံတကာ ကြွေးမြီပြန်ဆပ်ရမယ့် ကိစ္စရပ်တွေကို ရပ်ဆိုင်းပေးထားကြပါတယ်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အယူအဆအရ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း တစ်နေ့ကို အနည်းဆုံး ၁.၉၀ ဒေါ်လာထက် ပိုရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက ရတဲ့ ငွေကြေးတွေဟာ အဲဒီပမာဏထက် နှစ်ဆလောက်တောင် ပိုပြီး လွှမ်းခြုံပေးနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဆိုလိုတာက ယခုလက်ရှိရင်ဆိုင်နေရတဲ့ ကြီးကြီးမားမားပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ အရင်းအမြစ်တွေက ရှိနှင့်ပြီးသားပါ။ အထူးသဖြင့် ထိပ်သီးပိုင်းခေါင်းဆောင်တွေရဲ့ ခံယူချက်နဲ့ စဥ်းစားတွေးခေါ်ပုံ စတဲ့ အစ္ဇျတ္တပိုင်းဆိုင်ရာပြုပြင်မှုကို ထောက်ပြထားတဲ့အတွက် Professor Yuval Noah Harari ရဲ့ The Pillars of Civilization စာအုပ်ထဲက အင်တာဗျူးအကြောင်းအရာကို နိဗ္ဗာန်ရောက်ကြောင်းတရားလို့ပဲ တင်စားလိုက်ပါတယ်။

မေးမြန်းသူ (Interviewer): ကျွန်တော်တို့ လက်ခံရမှာတစ်ခုက တခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကို ကြည့်ပြီး မပျော်ရွှင်နိုင်တဲ့သူတွေ အမြဲရှိနေတာပါပဲ။ အခုဆိုရင် အမြဲတမ်း နိမိတ်မကောင်းတာတွေပဲ ဟောကိန်းထုတ်လေ့ရှိတဲ့ (Cassandras) ထဲက နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို စကားပြောခွင့်ပေးချင်ပါတယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ သဘာဝကျကျပါပဲ။ ယခု ကျွန်မ တွေ့ဆုံမေးမြန်းမည့်သူကတော့ “ဘယ်တော့မှ မပျော်ရွှင်နိုင်သူ” လို့ တင်စားရမယ့် ပုဂ္ဂိုလ် Professor Yuval Noah Harari ပဲ ဖြစ်ပါတယ်။ မင်္ဂလာပါ ပါမောက္ခ...

Yuval: အင်... မင်္ဂလာပါ။

Inter: ပါမောက္ခ Harari ရှင့်။ ကြက်တွေရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုကို ဘာလို့ ဂုဏ်မပြုချင်ရတာပါလဲ?

Yuval: ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အောင်မြင်မှုကို တိုင်းတာတဲ့ပုံစံက အဓိပ္ပာယ်မရှိလို့ပါ။ ခင်ဗျားတို့က DNA ပွားနိုင်တဲ့ အရေအတွက်ပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်နေကြတာ၊ သက်ရှိတစ်ဦးချင်းစီရဲ့ ဆင်းရဲဒုက္ခ ဒါမှမဟုတ် ပျော်ရွှင်မှုကို ထည့်မတွက်ကြဘူး။ ဒီသနားစရာ သတ္တဝါလေးတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ခဲ့သမျှ သက်ရှိတွေထဲမှာ အဆိုးရွားဆုံး ဒုက္ခရောက်နေကြတဲ့သူတွေပဲ။ ကျွန်တော့်အမြင်အရတော့ ဒါကို အောင်မြင်မှုဇာတ်လမ်းလို့ မမြင်နိုင်ပါဘူးခင်ဗျ။

Inter: လူကြီးမင်းက ကောင်းတဲ့ဘက်ခြမ်းကို ကြည့်ဖို့ ငြင်းပယ်နေတာ မဟုတ်လားရှင့်။

Yuval: လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒီသနားစရာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သက်တမ်းကိုပဲ ကြည့်လိုက်ပါ။ ကြက်တွေကိုဆိုရင် အသက် ၈ ပတ်တောင်မပြည့်ခင် သတ်ပစ်ကြတာ များတယ်။ နွားကလေးတွေကိုလည်း ၁ နှစ်၊ ၂ နှစ်ဆိုရင် အသားပေါ်ကြပြီ။ တကယ်တော့ တောထဲမှာဆိုရင် ကြက်တစ်ကောင်ရဲ့ သက်တမ်းက ၁၀ နှစ်၊ နွားတစ်ကောင်က ၂၅ နှစ်လောက်အထိ နေရမှာပါ။

Inter: ၈ ပတ်လောက် ရှင်သန်ရတာလည်း မဆိုးဘူး မဟုတ်လားရှင့်? စီးပွားရေးအမြင်အရဆိုရင် ဒါက သူတို့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။ ၂ လလောက်နဲ့ အလေးချိန် အများဆုံး ရနေပြီပဲဟာ။ ဘာလို့ ကြက်ဖတစ်ကောင်ကို ၁၀ နှစ်လုံးလုံး အစာကျွေးထားရမှာလဲ? ဒါက ရယ်စရာကြီးပဲလေ။ ရှယ်ယာရှင်တွေလည်း ဒါကို ကြိုက်မှာမဟုတ်ဘူး။

Yuval: နားထောင်ပါဦးခင်ဗျ။ တိရစ္ဆာန်တွေကို အိမ်မွေးဖြစ်အောင် လုပ်တာဟာ ရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ အခြေခံထားတာပါ။ ရာစုနှစ်တွေ ကြာလာလေလေ ပိုပြီးတော့တောင် ရက်စက်လာလေလေပါပဲ။ ရှေးခေတ် စိုက်ပျိုးရေးခြံတွေမှာ အခြေအနေဆိုးခဲ့သလောက် အခုခေတ်မှာ ပိုပြီးတော့တောင် ဆိုးနေပါပြီ။ အလွန်ခေတ်မီတဲ့ စက်မှုလုပ်ငန်း နေရာအချို့မှာဆိုရင် နွားကလေးတွေကို မွေးပြီးတာနဲ့ မိခင်ဆီကနေ ချက်ချင်း ခွဲထုတ်ပစ်လိုက်တယ်။ ပြီးရင် နွားတစ်ကောင်ချင်းစီကို သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစားထက် မသိမသာလေး ပိုကြီးတဲ့ လှောင်အိမ်သေးသေးလေးတွေထဲ ထည့်ပိတ်ထားလိုက်တယ်။ နွားကလေးက သူ့ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ နေရတာ။ အဲဒီလှောင်အိမ်ထဲကနေ ဘယ်တော့မှ ထွက်ခွင့်မရဘူး။ တခြားနွားကလေးတွေနဲ့ ဆော့ကစားတာမျိုး၊ ခုန်ပေါက်ပြေးလွှားတာမျိုးလည်း ဘယ်တော့မှ ခွင့်ပြုခြင်းမခံရဘူး။

Inter: ဒါပေါ့ရှင့်၊ တကယ်လို့ သူတို့ ပြေးလွှားဆော့ကစားရင် ကြွက်သားတွေ တောင့်တင်းသွားမှာပေါ့။ အဲဒီအခါကျရင် စားသုံးသူတွေက သူတို့စားတဲ့ အမဲသား (Steak) က မနူးညံ့ဘူးဆိုပြီး ညည်းကြလိမ့်မယ်လေ။

Yuval: အဲဒီနွားကလေးအတွက် လမ်းလျှောက်ဖို့၊ ကြွက်သားတွေ ဆန့်ထုတ်ဖို့နဲ့ တခြားနွားတွေနဲ့ အတူရှိဖို့ ရတဲ့ တစ်ခုတည်းသော အခွင့်အရေးက သားသတ်ရုံကို သွားတဲ့ လမ်းမှာပဲရှိတယ်။

Inter: ဒါပေမဲ့ ပါမောက္ခရှင့်၊ ဆင့်ကဲဖြစ်စဉ် (Evolutionary) အမြင်အရဆိုရင် နွားတွေဟာ အောင်မြင်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲလေ။ ကျွန်တော်တို့ရဲ့ “DNA အများဆုံး ပွားနိုင်တဲ့ တိရစ္ဆာန်” ပြိုင်ပွဲမှာဆိုရင် နွား၊ ဝက်နဲ့ ကြက်တွေက အမြဲတမ်း ဆုတံဆိပ် စင်မြင့်ပေါ်မှာ ရှိနေတာပဲ မဟုတ်လား။

Yuval: ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဒုက္ခခံစားရတဲ့ တိရစ္ဆာန်ပြိုင်ပွဲသာ ရှိမယ်ဆိုရင်လည်း နွား၊ ဝက်နဲ့ ကြက်တွေကပဲ ဆုတံဆိပ်အားလုံးကို သိမ်းကျုံးယူသွားပါလိမ့်မယ်။

ရွှေသင်း

References

Sapiens: A Graphic History, Volume 2: The Pillars of Civilization by Yuval Noah Harari (Page 55)

Yuval Noah Harari: The Actual Cost of Preventing Climate Breakdown | TED

The Economist - The pandemic is plunging millions back into extreme poverty

Thursday, August 25, 2022

"ခေတ်နောက်ပြန်ဆွဲတဲ့သူတွေ"

"ခင်ဗျားတို့ကခေတ်နောက်ပြန်ဆွဲနေကြတဲ့သူတွေပဲ" ဆိုတာ ဖွံဖြိုးတိုးတက်ရေးသမားတွေကြားမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကို အမြဲပြောနေကြစကားတခွန်းပေါ့။ အခြေအနေနဲ့အချိန်အခါအရ ကောင်းကွက်ဆိုးကွက် ယှဥ်တွဲနေကြစမြဲပါ၊ ခေတ်နောက်ပြန်ဆွဲတယ်ဆိုတာ ကိုယ့်ရဲ့ဘိုးစဥ်ဘောင်ဆက်တွေ ကျင့်ကြံခဲ့တဲ့နည်းလမ်းတချို့ကို ကိုးကားပြီး ပြန်လည်ကျင့်သုံးတဲ့သဘောပါပဲ၊ ဘိုးဘွားတွေမှာ ရေရှည်အတွက်မျှော်ကိုးပြီး ဖူလုံမှုရှိရမယ်၊ မျှဝေရမယ်ဆိုတဲ့ ခံယူချက်အသိဉာဏ်တွေရှိခဲ့ကြတယ်၊ ကိုယ်ပိုင်ဖူလုံမှုကနေ အနီးအနားပတ်ဝန်းကျင်ကို ဆင်းသက်စေတယ်၊ ဒီနည်းလမ်းတွေဟာ စိတ်နှလုံးကို အမြဲချမ်းမြေ့စေတာချည်းပဲ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတွေဟာ ဒေသတွင်းချိတ်ဆက်လုပ်ကိုင်မှု အကျိုးများပုံကို ထောက်ပြခဲ့ကြပါတယ်၊ ဒါဟာ အခြေခံကျပြီး ရိုးရှင်းတဲ့နည်းလမ်းဖြစ်သလို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အပျက်အစီးအဆုံးအရှုံးနည်းစေပါတယ်။ ယခုလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ကပ်ဘေးတွေကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိဖြေရှင်းနိုင်တဲ့နည်းလမ်းက ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လက်လှမ်းမှီသလောက်စိုက်ပျိုးပြီး ဝေငှစားသုံးခြင်းပဲ၊ ဝယ်မရတော့ စိုက်စားတယ်ဆိုတဲ့သဘောပေါ့။ ဆိုလိုချင်တာက ထမင်းတနပ်စာအတွက် လူတွေဟာ မူဝါဒတွေ တနိုင်ငံလုံးဆိုင်ရာစီမံကိန်းတွေကို မစောင့်နေနိုင်ဘူးလို့ပြောချင်တာ၊ အဲ့တော့ ကိုယ်ပိုင်မြေမှာစိုက်စားပျိုးစား၊ ရှားပါးသူတွေနဲ့အတူ ဝေမျှစားသောက်ကြတော့ အရင်ကမရရှိခဲ့တဲ့ အစားအသောက်ဘေးကင်းစိတ်ချမှုတွေ၊ လူတွေအချင်းချင်းချိတ်ဆက်မှုတွေရလာတယ်။ ဒီနည်းလမ်းတွေဟာ လူ့အဖွဲ့အစည်းကို ရေရှည်ခိုင်မာစေတဲ့လမ်းစဥ်တွေဖြစ်လို့ အကျပ်အတည်းကြားမှာတောင် လူတွေကို ကြံ့ကြံ့ခံနိုင်စေတယ်။

တခါတော့ ဖွံ့ဖြိုးရေးနယ်ပယ်ကမိတ်ဆွေတယောက်နဲ့ စကားဆက်စပ်မိရင်း၊ "ဒီအာဏာသိမ်းမှုဖြစ်စဥ်မှာ ကောင်းကွက်ဘက်ကကြည့်ရင် လူ့အဖွဲ့အစည်းအတွင်းချိတ်ဆက်မှုအားကောင်းလာပြီး ကိုယ့်ဒေသပတ်ဝန်းကျင်ကို အာရုံပိုစိုက်လာနိုင်တယ်နော်" လို့ပြောမိတယ်၊ အဲ့ချိန်မှာသူထပြောတာက "ဒါဟာ စစ်ကောင်စီက ပြောတဲ့လမ်းစဥ်ဖြစ်မနေဘူးလား၊ ပြင်ပထုတ်ကုန်သွင်းကုန်တွေ အားနည်းလာမှာမို့ ကိုယ့်ဘာသာ ဆီအုန်းစိုက် စပါးစိုက်ပြီး ဖူလုံအောင်လုပ်ကြလို့ပြောသလိုပေါ့" လို့ဆိုတယ်။ ဒီနည်းလမ်းတွေဟာ နိုင်ငံတခုရဲ့ စီးပွားရေးတိုးတက်မှုရှုထောင့်ကကြည့်ရင် တော်ရုံလက်ခံနိုင်တဲ့အချက်တွေမဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကလည်း နိုင်ငံကိုစီမံအုပ်ချုပ်ချင်တဲ့သူအနေနဲ့ ထိုစကားပြောခြင်းဟာ ယခုလက်ရှိနိုင်ငံတကာကျင့်သုံးနေတဲ့ စီးပွားရေးတိုးတက်မှုအညွှန်းကိန်းတွေကို လျစ်လျူရှုပြီး ဉာဏ်အတိမ်နဲ့ ပြောချင်တာပြောလိုက်တဲ့ လက်လွတ်စပယ်စကားလို့ပဲ ယူဆမိပါတယ်။ စားနပ်ရိက္ခာဖူလုံရေးနည်းနာ၊ အစားအစာလုံခြုံစိတ်ချ၊ နိုင်ငံတွင်းစိုက်ပျိုးသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ အရည်အချင်းတွေတိုးတက်လာရေး၊ ပြည်တွင်းထုတ်ကုန်အားကောင်းလာရေး စတဲ့ အပေါင်းလက္ခဏာဆောင်တဲ့အရေးတွေကိုရှေးရှုပြီးပြောတဲ့စကားမဟုတ်တာတော့ သေချာပါတယ်။ ဒီတော့ အထက်ပါလမ်းစဥ်ဟာ ယခုအများလက်ကိုင်ထားကြတဲ့ စီးပွားရေးတိုးတက်မှုဘက်ကကြည့်မယ်ဆို နှာခေါင်းရှုတ်နိုင်စရာရှိပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ ထိုအညွှန်းကိန်းတွေသည် ရေရှည်မတည်တံ့၊ အနုတ်ဘက်ဆောင်တာဖြစ်ကြောင်း ပြောပြညွှန်ပြခဲ့ပါတယ်။

ခေတ်ရှေ့ပြေးတဲ့နည်းပညာနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ သဘောထားကို မကန့်ကွက်လိုပါ။ အချိန်အလုံအလောက်မရှိတော့တာရယ်၊ ပြန်လည်ပြုပြင်ရမယ့် အရေအတွက်ပမာဏများတာရယ်ကြောင့် နည်းပညာသည်လည်း အဖြေတခုဖြစ်မယ်ဆိုတာ လက်ခံပါတယ်၊ ဒီနည်းလမ်းတွေသည်သာ အနာဂတ်မှာ ပိုမိုအားကောင်းလာမယ်လို့လည်းယုံကြည်ပါတယ်။ အပျက်အဆီးကိုဖာတေးရတာဟာ မဖျက်ဆီးအောင်လုပ််ရမယ်ဆိုတဲ့အချက်ထက် ပိုလွယ်ကူပါတယ်၊ ပိုမြန်ဆန်ပါတယ်။ ဆရာမတယောက်ဆွေးနွေးပေးသလို "နည်းပညာထက်ကျော်လွန်တဲ့အရာတွေကိုလည်း စဥ်းစားဖို့လိုတယ်" လို့ပြောတဲ့အချိန်မှာ ကျွန်မတို့ဟာ နည်းပညာနဲ့တကွ ရေရှည်ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဉာဥ်နဲ့ ရှေ့ဆက်ရပါမယ်။ ယခုအစားအသောက်ဖူလုံရေးကိစ္စစဥ်းစားမိတော့ မိမိတို့ဝမ်းစာအတွက် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များတဲ့ မြေနေရာပတ်ဝန်းကျင်မှာနေထိုင်သူတွေဟာ မြို့ပြနေထိုင်သူတွေထက်ပိုပြီးခံသာတာကို တွေ့ရပါတယ်။ ဒေသတွင်းမှာ စပါးစိုက်တဲ့တောင်သူတွေ၊ တနိုင်တပိုင်စိုက်ပျိုးမွေးမြူနိုင်တဲ့သူတွေဟာ ကုန်ထုတ်စက်ရုံပိုင်ရှင်တွေထက် ပိုပြီးအရေးပါလာပါတယ်။

ဆိုလိုချင်တာက ခေတ်နောက်ပိုင်းဆွဲတယ်လို့ယူဆကြတဲ့နည်းလမ်းတချို့ရဲ့ အနစ်သာရတွေဖြစ်တဲ့ အစားအသောက်ထုတ်လုပ်မှုတွေမှာ ကိုယ်ပိုင်ဖူလုံမှုကိုဦးစားပေးတတ်တာ၊ ကိုယ့်အနီးအနားအသိုင်းအဝိုင်းကိုမျှဝေတတ်တာ၊ အရေအတွက်ထက် အရည်အသွေးကို ပိုရှေးရှုလာတာ၊ အပျက်အစီးတွေရဲ့သဘောကိုနားလည်လာတာပါပဲ။ ဒီအချက်တွေဟာ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ပိုဖန်တီးပေးနိုင်ပြီး အကျပ်အတည်းတွေကြားမှာတောင် ကြံ့ကြံ့ခံနိုင်စေတဲ့ ရေရှည်တည်တံ့စေမှုပါ။ ခေတ်နောက်ပြန်ဆွဲနေတာမဟုတ်ပါဘူး၊ ရေရှည်အတွက် အပြုသဘောပိုဆောင်တဲ့နည်းလမ်းတွေကို ထောက်ပြချင်ကြရုံပါ။

ရွှေသင်း

Monday, December 20, 2021

Environmental Kuznets Curve - Alas, this is a myth.

Kuzents သီအိုရီအရ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာလေလေ ဝင်ငွေမညီမျှမှု (income inequalities) လျော့ကျလာလေလေ လို့ သတ်မှတ်ပါတယ်။ အလားတူ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုလည်း လျော့ကျလာတယ်လို့ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က စီးပွားရေးပညာရှင်များ Gene Grossman နှင့် Alan Krueger တို့က ယူဆထားပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်အရေးအတွက် လွန်စွာ မေးခွန်းထုတ်စရာ သီအိုရီတခုပါ။

ပုံအရ မျဥ်းကွေးရဲ့အစမှာ ဝင်ငွေ (စီးပွားရေး) တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုအတိုင်းအတာလည်း မြင့်မားလာပါတယ်။ နိုင်ငံတခုဖွံဖြိုးတိုးတက်ဖို့အတွက် လမ်း၊ တံတား၊ အဆောက်အအုံ၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုံတိုးချဲ့မှု စတဲ့ အဆောက်အအုံတိုးတက်မှုကို အရင်ဦးတည်ကြပါတယ်။ ထိုသို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ တိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် (တောတောင်ရေမြေဇီဝမျိုးကွဲ) ဟာ ပြိုင်တူ ပျက်စီးဆုံးရှုံးလာရပါတယ်။ ဒီအချက်ဟာ ငြင်းပယ်လို့မရပါဘူး။ ကျွန်မတို့ဟာ ခေတ်မီလူနေမှုစနစ်နောက်ကိုလိုက်တာနဲ့ ကျွန်မတို့ ရုပ်ဝတ္ထုပစ္စည်းများစွာကို ပိုမိုပိုင်ဆိုင်လိုကြပါတယ်။ ဥပမာ- ဘတ်စ်ကားစီးတာထက် ကိုယ်ပိုင်ကားစီးတာကို ပိုနှစ်သက်ကြသလိုမျိုးပါ။ ပုံအရ အလယ် အမြင့်ဆုံးအမှတ် (turning point) မှာ စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကို ထိန်းသိမ်းဖို့ အကူးအပြောင်းတခုဆီကို ဦးတည််တော့မယ်လို့ ဖော်ပြပါတယ်။ ပုံအရ နောက်ဆုံးအပိုင်း မှာ စီးပွားရေးတိုးတက်လာမှုနဲ့အမျှ နည်းပညာများအားကောင်းလာပြီး သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို လုပ်ဆောင်ကြမယ်လို့ ဖော်ပြပါတယ်။ ဝင်ငွေအားကောင်းလာသည်နှင့်အမျှ အော်ဂဲနစ်အစားအစာတွေကို ပိုမိုစားသောက်လာကြမယ်၊ လျှပ်စစ်ကားတွေ ဝယ်လာကြမယ်၊ လျှပ်စစ်ချွေတာတဲ့ အိမ်တွင်းနည်းပညာတွေ သုံးလာကြမယ်၊ စတဲ့ လုပ်ရပ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးဆုံးရှုံးလာမှုတွေဟာ လျော့ကျသွားမယ်လို့ ယူဆကြပုံပါ။

ဒါကြောင့် Grossman နဲ့ Krueger ဟာ အစိုးရတရပ်အနေနဲ့ စီးပွားရေးတိုးတက်မှု ကိုသာ အရင်ဦးတည်သင့်တယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှူံးမှုကို ထည့်တွက်နေစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဒီယူဆချက် သီအိုရီဟာ စိတ်ကူးယဥ်ဆန်မှု တရပ်သာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတွေဟာရုန်းကန်ရင်း အကန့်အသတ်သာရှိတဲ့သဘာဝအရင်းအမြစ်တွေဟာ ကုန်လုနီးပါးဖြစ်လာပြီး စက်မှုနည်းပညာတိုးတက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုပြဿနာများသာ ဖြေရှင်းဖို့ခက်ခဲလောက်အောင်ပမာဏကြီးထွားလာသည်ကိုသာ မြင်တွေ့ရပါတယ်။ ယခုလက်ရှိ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပျက်စီးလာမှု ကို ထိန်းသိမ်းလျော့ချဖို့ ဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံများဟု ယူဆရတဲ့ နိုင်ငံကြီးတွေ ကတိကဝတ်ပြုနေကြတဲ့ Paris Agreement ဟာ လက်တွေ့မှာ ဖြစ်ပွားနေတဲ့ သာဓကကောင်းကြီးတခုပါ။ ရုပ်ဝတ္ထုတွေဖွံ့ဖြိုးတိုးတက်လာသော်လည်း မှီတင်းရာ မိခင်ကမ္ဘာမြေ ပျက်စီးယိုယွင်းလာမှုကို အချိန်မှီ ပြုပြင်နိုင်ဖို့ အင်မတန်နောက်ကျနေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် နိုင်ငံတခု တည်ထောင်ဖို့ရာ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ ဝေါဟာရကို ကနဦးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ အမှန်တကယ်လိုအပ်ပေတယ်။

Environment Kuznets Curve Alas, this is a myth.

ရွှေသင်း

Reference

Unsustainable Inequalities by Lucas Chancel

“X” for Climate Change: Xenophobia

နိုင်ငံခြားသားအပေါ် မုန်းတီးကြောက်ရွံ့ခြင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တရားမျှတမှုမရှိသော ဆိုးကျိုးများထဲမှ တစ်ခုမှာ ရာသ...